News

POST TYPE

EDITORIAL

ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၏ အုတ်မြစ်ကိစ္စ
07-Feb-2020
Foundation ခေါ် အုတ်မြစ်မကောင်းဘဲ မည်သည့်ထုထည်ရှိ အဆောက်အအုံကိုမျှ တည်ဆောက်ရန်မဖြစ်နိုင်ကြောင်းနှင့်  နိုင်ငံတည်ဆောက်ရေးနှင့်ပတ်သက်၍ အုတ်မြစ်များအကြောင်းပြောရလျှင် နိုင်ငံသားတို့၏ ပညာရေး၊ နိုင်ငံသားတို့၏ အသိဉာဏ်၊ နိုင်ငံသားတို့၏ လူမှုတာဝန်ကျေမှု(Social Responsibility) ၊ တစ်မျိုးသားလုံး၊ တစ်နည်းအားဖြင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမများ တန်းတူ ရည်တူအခွင့်အရေးရရှိရေး၊ နိုင်ငံသားတို့၏ ကျန်းမာရေး၊ စီးပွားရေးအခွင့်အလမ်းများမှသည် သိပ်သည်းကျစ်လျစ်၍ စည်းကမ်းရှိသော လူ့ဘောင် (Civil Society) အဆုံး ပါဝင်ကြောင်း The Voice က အစဉ်တစိုက်သတိပေးခဲ့သည်ကို စာဖတ်သူ အချို့မှတ်မိနေဆဲဖြစ်မည်ဟု ထင်ပါသည်။ 

ယနေ့ နိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စအပါအဝင် အခြားသောပြုပြင်ပြောင်းလဲမှုများပေါ်ပေါက်ရန် အာဏာရပါတီအပါအဝင် အခြားပါတီကြီးများ ကြိုးပမ်းနေသည်မှာလည်း တကယ်တော့ ယင်းအုတ်မြစ်များ အခိုင်အမာပေါ်လာအောင် တည်ဆောက်နေခြင်းပင်ဖြစ်ပါသည်။ အုတ်မြစ်တို့၏ သဘောသည် အပေါ်ထပ် အဆောက်အအုံမဟုတ်သောကြောင့် သာမန်ပြည်သူများအတွက် ထင်သာမြင်သာရှိလှမည်၊ စိတ်ဝင်စားဖွယ်ဖြစ်မည် မဟုတ်သော်လည်း အုတ်မြစ်မကောင်းလျှင် နေထိုင်မည့်သူ (ပြည်သူ)တို့ မျှော်လင့်သည့် ထင်သာမြင်သာသော အပေါ်ယံ Structure ကောင်းများပေါ်ထွန်းလာရန် မည်သို့မျှမဖြစ်နိုင်ပေရာ ယင်းတည်ဆောက်မှု လုပ်ငန်းစဉ်ကြီးကို ဦးဆောင်သည့် နိုင်ငံရေးဗိသုကာကြီးများအနေနှင့် မိမိတို့၏ တာဝန်မည်မျှကြီးမားသည်ကို သတိပြုသင့်ပေသည်။ 

နိုင်ငံ့ဦးသျှောင်၊ Statesperson သို့မဟုတ် နိုင်ငံတည်ဆောက်သည့်ပုဂ္ဂိုလ်ကြီးများနေရာတွင်ရှိသူများအနေနှင့် အုတ်မြစ်နေရာတွင် ပါသင့်ပါထိုက်သည့် ကိစ္စများ၊ မပါလျှင်လုံးဝမဖြစ်သည့်အရာများကို နိုင်ငံရေးစိတ်စေတနာရင်းမှန်ဖြင့် ထည့်သွင်းတည်ဆောက်မှသာ ခိုင်ခံ့မှုရှိသည့် အုတ်မြစ်များကိုပိုင်ဆိုင်ပြီး အချိန်တိုအတွင်း ထိုက်တန်သော၊ ပြည်သူမျှော်လင့်သော အပေါ်ယံအဆောက်အအုံများလည်း အလွယ်တကူပေါ်ပေါက်လာမည်သာဖြစ်ပါသည်။ ခိုင်ခံ့မှုမရှိသည့် အုတ်မြစ်တွင် အပေါ်ယံအဆောက်အအုံများ မည်သို့ပင်လှပအောင် ကြိုးပမ်းနေသော်ငြား ကာလတို (အချိန်တို)အတွင်း ပြန်လည်ပြိုလဲ ပျက်စီးဆုံးရှုံးသွားနိုင်သည်ဆိုသည်ကိုလည်း ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဟူသည့် နိုင်ငံတော်သစ်တည်ဆောက်ပေးလိုသော နိုင်ငံရေးဗိသုကာကြီးများအနေနှင့် လုံးဝမမေ့လျော့သင့်ပေ။ 

ယနေ့အခြေခံဥပဒေပြင်ဆင်ရေးကိစ္စတွင် အုတ်မြစ်သကဲ့သို့ အရေးကြီးလှသည့် အခြေခံသဘောတရားများကို အာရုံမစိုက်ဘဲ အပေါ်ထပ်အဆောက်အအုံနှင့်ဆိုင်သော ဝိဝါဒကိစ္စရပ်များကိုသာ အာရုံစိုက်မိနေမည်ကို အထူးပင်စိုးရိမ်မိသည်။ ယမန်နေ့က ခေါင်းကြီးပိုင်းတွင်လည်း ပြောခဲ့ပါသည်။ ယနေ့လည်းထပ်ပြောပါဦးမည်။ ခေတ်အဆက်ဆက်အရိုးစွဲနေခဲ့သော "မိမိတို့တပ်ဖွဲ့မဟုတ်လျှင် ...၊မိမိတို့ နိုင်ငံရေးပါတီ သို့မဟုတ် နိုင်ငံရေးအုပ်စုဘက်ကမဟုတ်လျှင်...၊ မိမိတို့သမဂ္ဂမှမဟုတ်လျှင်..." လက်မတွဲနိုင်၊ အယုံအကြည်မထားနိုင်၊ မည်မျှပင်တော်သူ တတ်သူဖြစ်နေပါစေ နေရာမပေးနိုင် အသိအမှတ်မပြုနိုင်သည့် သဘောတရားမျိုးနှင့် စိတ်ဓာတ်မျိုးရှိနေသေးသရွေ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဟူသည် အသွင်သဏ္ဌာန်အဖြစ်သာရှိပြီး အနှစ်သာရအားဖြင့်ပေါ်လာနိုင်စရာမရှိကြောင်း ထပ်မံမီးမောင်းထိုးပြလိုက်ရပေသည်။ 

အယ်ဒီတာ  ( ၆ - ၂ - ၂၀၂၀ )