News

POST TYPE

EDITORIAL

ယုံကြည်မှုများဖြင့် တည်ဆောက်ရမည့်တိုင်းပြည်
06-Feb-2020
ယခုရက်ပိုင်း နိုင်ငံတော်သမ္မတက ပြည်ထဲရေးပြည်ထောင်စုဝန်ကြီးကို ယခင်မူလစစ်ဘက်ဆိုင်ရာလုပ်ငန်းတာဝန်များ ပြန်လည်ထမ်းဆောင်ခွင့်ပြုသည့် သတင်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမူကြမ်းတွင်ပါဝင်သည့်  စကားရပ်တစ်ခုကို ယခုနှစ်၏ ပြည်ထောင်စုနေ့ ဦးတည်ချက်၌ ဦးတည်ချက်တစ်ခု အဖြစ်ထည့်သွင်းဖော်ပြသည့်သတင်းတို့မှာ စိတ်ဝင်စားစရာကောင်းလှသည်ဟု ထင်ပါသည်။ 

ပြည်ထဲရေးဝန်ကြီးအပြောင်းအလဲဖြစ်မည့်ကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးလေ့လာစောင့်ကြည့်သူများအကြား ထင်ကြေးပေးပြောဆိုမှုအတော်များများရှိခဲ့ပြီး ပြောဆိုဝေဖန်မှုများမှာလည်း အပေါင်းလက္ခဏာဆောင်သည့်ဘက်တွင်ရှိနေခဲ့သည် ကိုသတိပြုမိပါသည်။ပြည်ထဲရေးဝန်ကြီးနှင့်ပတ်သက်၍ ပို၍စိတ်ဝင်တစားရှိခဲ့ကြသည်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဆက်ဆံရေးဖြစ်သည်။သတင်း ဓာတ်ပုံများကို ကြည့်လျှင်ဖြစ်စေ၊ နီးစပ်ရာအသိုင်းအဝိုင်းများ၏ ပြောဆိုမှုများကို နားထောင်လျှင်ဖြစ်စေ ကောင်းမွန်သောဆက်ဆံရေးရှိသည်ဟု ဆို၍ရပေမည်။ 

နိုင်ငံတွင် အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲများဖြစ်ပြီး ဒီမိုကရေစီနိုင်ငံသစ်တစ်ရပ် ဆက်လက်တည်ဆောက်သွားရေးတွင် စစ်ဘက်နှင့် အရပ်ဘက်ခေါင်းဆောင်များကြားက ဆက်ဆံရေးသည် လွန်စွာအရေးကြီးသည်မှာ အထူးရှင်းပြနေစရာပင်လိုမည်မဟုတ်ပေ။ လက်ရှိခေါင်းဆောင်များတွင်သာမက ယခုနှစ်ကျင်းပမည့်ရွေးကောက်ပွဲနောက်ပိုင်း နေရာရလာမည့် ခေါင်းဆောင်များနှင့် နောက်နောင်မျိုးဆက်သစ်များပါ ဆက်ဆံရေးကောင်းများအခိုင်အမာရှိထားရန်လိုပေမည်။ 

စစ်ဘက်နှင့် အရပ်ဘက် (တိုင်းရင်းသားများအပါအဝင်)ခေါင်းဆောင်များအကြား တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည်မှု၊ လေးစားမှု၊ အသိအမှတ်ပြုမှု အစရှိသည့်သဘောတရားများကို အခြေခံသည့် ဆက်ဆံရေးမျိုးကိုဆိုလိုပေသည်။ စစ်ဘက်ဟုဆိုရာတွင် တပ်မတော်အပါအဝင် မြန်မာနိုင်ငံမှ လက်နက်ကိုင်သည့်အဖွဲ့အစည်းများအားလုံးကို ဤနေရာတွင်ရည်ညွှန်းလိုပေသည်။ 

ယခုလာမည့် ၇၃ ကြိမ်မြောက်ပြည်ထောင်စုနေ့ ဦးတည်ချက်၏ ဦးတည်ချက် နံပါတ် ၅ နေရာတွင်ဖော်ပြလာသော 'စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု နှင့်ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး' ဆိုသော စကားစုမှာ လတ်တလောလွှတ်တော်၌ ပြင်ဆင်ရန်တင်သွင်းထားသည့် ဒုတိယအကြိမ်အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းပါ အချက်တစ်ခုလည်းဖြစ်ပါသည်။တကယ်တော့ အဆိုပါ စကားစုသည် ဤနိုင်ငံရှိ စစ်ဘက်ရော အရပ်ဘက်တွင်ပါရှိနေသူအားလုံးအတွက်  အထူးအရေးကြီးပြီး ယင်းရည်မှန်းချက်ကို အတူတကွအကောင်အထည်ဖော်နိုင်ပါမှ လိုရာခရီးရောက်နိုင်သည်ကို အားလုံးက အလေးအနက်ထားနှလုံးသွင်းသင့်ပေသည်။ 

သို့သော် ခေတ်အဆက်ဆက်အရိုးစွဲနေခဲ့သော 'မိမိတို့တပ်ဖွဲ့ကမဟုတ်လျှင် ...၊ မိမိတို့ နိုင်ငံရေးပါတီ သို့မဟုတ် နိုင်ငံရေးအုပ်စုဘက်ကမဟုတ်လျှင် ...၊ မိမိတို့ ကျောင်းသားသမဂ္ဂမှမဟုတ်လျှင်...' လက်မတွဲနိုင်၊ အယုံအကြည်မထားနိုင်၊ မည်မျှပင်တော်သူ တတ်သူဖြစ်နေပါစေ နေရာမပေးနိုင်အသိအမှတ်မပြုနိုင်သည့် သဘောတရားမျိုးနှင့် စိတ်ဓာတ်မျိုးရှိနေသေးသရွေ့ အဆိုပါစကားစုမှာ အသွင်သဏ္ဌာန်အဖြစ်သာရှိပြီး အနှစ်သာရအားဖြင့်ပေါ်လာမည်မဟုတ်သည်ကိုလည်း သတိချပ်သင့်ကြောင်း ဖော်ပြလိုက်ရပါသည်။ 

အယ်ဒီတာ ( ၅  - ၂ - ၂၀၂၀ )