News

POST TYPE

EDITORIAL

အရေးပေါ်အခြေအနေများကို ထိရောက်စွာ တုံ့ပြန်ပါ
05-Feb-2020
ဝူဟန်ဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ ဗဟိုချက်ဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ခြင်းမရှိဘဲ ထိုင်းနိုင်ငံသို့သာ ပြီးခဲ့သည့် လကုန်ပိုင်းက သွားရောက်လည်ပတ်ခဲ့သူ တောင်ကိုရီးယားနိုင်ငံသူအမျိုးသမီး အဆိုပါဗိုင်းရပ်စ်ကူးစက်ခံရသည့်သတင်းနှင့် ဟောင်ကောင်တွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် အမျိုးသားလူနာတစ်ဦး သေဆုံးသွားသည့် သတင်းတို့ကအာရှနှင့် အာဆီယံဒေသတွင်းနိုင်ငံများသာမက ဝူဟန်ဗိုင်းရပ်စ်ထိန်းချုပ်ရန် ကြိုးပမ်းနေသော အခြားကမ္ဘာ့နိုင်ငံများကိုပါ စိတ်သောက ပိုစေခဲ့ပေသည်။ 

မြန်မာတို့၏ အိမ်နီးချင်းထိုင်းနိုင်ငံသည် ကမ္ဘာလှည့်ခရီးသည် နေ့စဉ်နှင့်အမျှ အမြောက်အမြားဝင်ရောက်နေသည့် နိုင်ငံဖြစ်သလို မြန်မာနိုင်ငံသားအတော်များများလည်း ကူးလူးသွားလာနေသည့်နိုင်ငံဖြစ်သည်က တစ်ကြောင်း၊ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသူအားလုံးနီးပါးမှာ တရုတ်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့သူများသာဖြစ်ခဲ့ခြင်းကတစ်ကြောင်း စသည့်အကြောင်းအရင်းနှစ်ရပ်က စိုးရိမ်သောကများကို ပိုစေခဲ့ခြင်းဖြစ်ပါသည်။ 

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်သည် စီးပွားရေးဘက်တွင် ဒေါ်လာဘီလီယံ နှင့်ချီ၍ စတင်ထိခိုက်နစ်နာနေပြီဖြစ်ပြီး ဟောင်ကောင်ကိုလည်း ဂယက်ရိုက်ခတ်မှုရှိခဲ့ပါသည်။ထို့အတူ မကာအိုကလည်း ကာစီနိုရုံများကို ပိတ်လိုက်ပြီဖြစ်ရာ လောင်းကစားမှရသော အခွန်ငွေကို အားထားနေရသည့် မကာအိုအတွက် ကိုရိုနာဗိုင်းရပ်စ်မှာ ဓားပြထက်ပင်အဆပေါင်းများစွာ ဒုက္ခပေးနိုင်သူဟု ဆိုရပေမည်။ 

ယခု နောက်ဆုံးတောင်ကိုရီးယားအမျိုးသမီး၏ သတင်းမှာကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကြီးအပေါ်များစွာမှီခိုနေခဲ့သော အိမ်နီးချင်းထိုင်းဘုရင့်နိုင်ငံအတွက် သတင်းဆိုးကြီးတစ်ပုဒ်ပင်ဖြစ်ပါသည်။ ထိုင်းကျန်းမာရေးအာဏာပိုင် များက အဆိုပါတောင်ကိုရီးယားအမျိုးသမီး ဘယ်လိုနေရာတွေကိုသွားရောက် လည်ပတ်ခဲ့သည်။ ခရီးစဉ်အတွင်း ဘာတွေလုပ်ခဲ့သည် စသော အသေးစိတ်အချက်အလက်ကို မရမကစုံစမ်းကာ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်ပြင်ဆင်နေကြပြီဖြစ်ပါသည်။ 

ကူးစက်ရောဂါတို့၊ ကပ်ရောဂါတို့အပါအဝင် ဘေးအန္တရာယ်ဆိုးကြီးများ လူ့အဖွဲ့အစည်းတစ်ခုထဲသို့ ကျရောက်တော့မည်၊ ကျရောက်လာပြီဆိုလျှင် လူ့အဖွဲ့အစည်းအတွင်း အထိတ်တလန့်ဖြစ်လေ့ရှိသလို ယင်းရောဂါကာကွယ်ရေးနှင့်ဆက်စပ်သည့် အရာများလည်း ဈေးနှုန်းအဆမတန်မြင့်တက်လေ့ရှိကြပေသည်။သို့အတွက်ကြောင့် ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပေါ်နေသည့် နိုင်ငံများတွင် နှာခေါင်းစည်း(Mask)နှင့် လက်သန့်စင်ဆေးရည်များကို နိုင်ငံတော်အစိုးရက ဈေးနှုန်းထိန်းချုပ်ရန် စီစဉ်နေသည်ကိုလည်း မြင်တွေ့ရပါသည်။အချို့နိုင်ငံများတွင် Mask များပြတ်လပ်မှုမရှိစေရန် နေ့ရောညပါ ချုပ်လုပ်ကြသလို၊ အချို့ကလည်း ဈေးပုံမှန်အတိုင်း ခွဲတမ်းဖြင့်ရောင်းချကြသည်။အချို့က အခမဲ့လိုက်လံဝေငှကြသည်။ 

မြန်မာနိုင်ငံတွင် အများပြည်သူများဘေးဒုက္ခတွေ့ရသည့် အခြေအနေကြီးတစ်ရပ်ကို ၂၀ဝ၈ ခုနှစ် နာဂစ်မုန်တိုင်း ဝင်ရောက်ပြီးနောက် ပြည်သူများတွေ့ကြုံခဲ့ရသည်။ ဝိသမလောဘရှိသည့်  စီးပွားရေးသမားများ၊ အချောင်သမားများ ထွက်ပေါ်ခဲ့သလို သမာသမတ်ဖြင့် ပြည်သူများအပေါ် အမြတ်မထုတ်ဘဲ စီးပွားရေးကျင့်ဝတ်စောင့်ထိန်းသော လုပ်ငန်းများကိုလည်း မြန်မာပြည်သူများ တွေ့မြင်ခဲ့ရသည်။ နာဂစ်ကြောင့် လူတစ်သိန်းသုံးသောင်းကျော်သေဆုံးခဲ့ရသည့် ယင်းဖြစ်ရပ်ဆိုးကြီးကို ကိုင်တွယ်ဖြေရှင်းမှုနှင့်ပတ်သက်၍ ထိုစဉ်က မြန်မာအစိုးရအာဏာပိုင်များမှာ ခါးခါးသီးသီးဝေဖန်ခံခဲ့ရသည်။ဆိုလိုရင်းကိုပြောရလျှင် ကိုင်တွယ်ပုံညံ့ဖျင်းခဲ့သည်။ လူသားချင်းစာနာထောက်ထားသော အကူအညီကိစ္စ၊ တစ်မျိုးသားလုံး အရေးပေါ်အခြေအနေကိစ္စကို နိုင်ငံရေးအမြင်နှင့်ရောထွေးကာ တုံ့ပြန်ခဲ့ခြင်းကတစ်ကြောင်း၊ အမှန်တကယ်လည်း အရေးပေါ်အခြေအနေကို မည်သို့မည်ပုံစနစ်တကျဖြေရှင်းရမည် ဆိုသည်နှင့်ပတ်သက်၍ အတွေ့အကြုံနည်းသည်ကတစ်ကြောင်းတို့ကြောင့် လူအများ၏ ပြစ်တင်ဝေဖန်ခံခဲ့ရခြင်းဖြစ်ပေသည်။ 

ယခုအခါ အိမ်နီးချင်းနှင့် အခြားကမ္ဘာ့နိုင်ငံများတွင် ကူးစက်ရောဂါဆိုးကြီးများကို မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းနေသည်ကို နည်းပညာအကူအညီများဖြင့် မြင်တွေ့ခွင့်လေ့လာခွင့်ရသလို ယင်းနိုင်ငံများမှ ကျန်းမာရေးအာဏာပိုင်များ၊ ပညာရှင်များနှင့်လည်း ကောင်းစွာချိတ်ဆက်နိုင်သည့် အနေအထားတွင်ရှိလာပြီဖြစ်ရာ သက်ဆိုင်ရာမြန်မာအစိုးရအာဏာပိုင်များ ၊ အဖွဲ့အစည်းများအနေနှင့် တွေ့ကြုံ ဖြတ်သန်းခဲ့ဖူးသော ဖြစ်ရပ်များကိုသင်ခန်းစာယူကာ အရေးပေါ်အခြေအနေများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်ရန် မဖြစ်မနေပြင်ဆင်ထားသင့်ပြီဖြစ်ပါကြောင်း သတိပေးလိုက်ရပါသည်။ 

အယ်ဒီတာ ( ၄ - ၂ - ၂၀၂၀ )