News

POST TYPE

EDITORIAL

အရေးကြီးတာ မညစ်ပတ်ကြဖို့ပါ
17-Jan-2020
အရေးကြီးတာ မညစ်ပတ်ကြဖို့ပါ 

ယခု ၂၀၂၀ ပြည့်နှစ်၏ ပထမဆုံးလမှာပင် ဒေသတွင်းနှင့် ကမ္ဘာ့အဆင့်တွင်ပါ သြဇာကြီးမားသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ တရုတ်သမ္မတရှီကျင့်ဖျင် မြန်မာနိုင်ငံသို့လာရောက်မည့်ကိစ္စ၊ နိုင်ငံတကာတရားရုံး (ICJ)က မြန်မာနိုင်ငံအပေါ် အမိန့်ချမှတ်မည့်ကိစ္စ အစရှိသည်တို့အပါအဝင် အခြားအရေးကိစ္စများရှိထားရာ ၂၀၂၀ မြန်မာ့အရေးမှာ စိတ်လှုပ်ရှားစရာများဖြင့် စတင်နေပြီဖြစ်ပါသည်။ 

ထို့အတူ နိုဝင်ဘာတွင်ကျင်းပမည့်၊  မြန်မာ့အသွင်ကူးပြောင်းရေးအတွက် အမှန်တကယ်အရေးပါသည့် ဒီမိုကရေစီရွေးကောက်ပွဲကိုအကြောင်းပြု၍ ရွေးကောက်ပွဲနိုင်ငံရေး၊ မဲဆွယ်နိုင်ငံရေးတို့ အရှိန်မြင့်လာမည်ဖြစ်ရာ မတူညီသော နိုင်ငံရေးအင်အားစုကြီးများ၏ ရွေးကောက်ပွဲနိုင်ငံရေးကစားကွက်များလည်း မလွဲမသွေမြင်တွေ့လာရမည်ဖြစ်ပေသည်။ 

နိုင်ငံနှင့်ပြည်သူများ အကျိုးရှိ-မရှိဆိုတာထက် ကိုယ့်ပါတီ၊ ကိုယ့်အဖွဲ့အစည်း အာဏာတည်မြဲရေးကိုသာ ဦးတည်လုပ်ကိုင်ကြတော့မည်မှာ ဒီမိုကရေစီနိုင်ငံများမှ နိုင်ငံရေးပါတီနှင့် အုပ်စုများ၏ အာဏာနိုင်ငံရေးသဘောသဘာဝတစ်ခုဖြစ်သော် လည်း ကိုယ်အာဏာရရေးအတွက် အသိဉာဏ်ကင်းမဲ့စွာ ထင်တိုင်းကြဲကြမည်ဆိုလျှင် နိုင်ငံနှင့်ပြည်သူသာ နစ်နာကြရမည်ကို အထူးသတိချပ်သင့်လှသည်။ 

ပုဂ္ဂိုလ်ရေးလုပ်ကြံတိုက်ခိုက်ခြင်း၊ မတရားသော နည်းလမ်းများသုံးခြင်း၊ အုပ်စုတစ်ခုနှင့်တစ်ခု ရန်တိုက်ပေးခြင်း၊ လူမျိုးရေး ဘာသာရေးမီးမွှေးခြင်း၊ လူ့အခွင့်အရေးကိစ္စကို တလွဲအသုံးချခြင်း စသည့် ဘယ်သူသေသေငတေမာသော နည်းလမ်းဖြင့် အာဏာရရန်ကြိုးပမ်းလာပါက ညစ်ပတ်သည့် နိုင်ငံရေးမျိုးသို့ရောက်ရှိကာ အားလုံးဒုက္ခတွေ့ကြရပြီး နဂိုမူလဦးတည်ချက်များပါ ကွယ်ပျောက်သွားနိုင်သည်ကို နိုင်ငံရေးသမားကြီးများအနေနှင့် အထူးသတိပြုသင့်သည်ဟု သတိပေးလိုပေသည်။ 

ထို့ပြင်တစ်ဖက်တွင် 'အောင်နိုင်ရေး' ကိစ္စကို အကြောင်းပြုပြီး ယင်းနိုင်ငံရေးကစားကွက်များကိုသာ သဲကြီးမဲကြီးဖြစ်နေ၊ အာရုံစိုက်နေပါက နိုင်ငံစီးပွားရေး တိုးတက်ရေးကိစ္စ၊ ဖွံ့ဖြိုးရေးကိစ္စ အစရှိသည်တို့ကို မေ့မေ့ပျောက်ပျောက် ဖြစ်မည်ကိုလည်း စိုးရိမ်ပါသည်။ 

၂၀၂၀ မြန်မာ့အရေးမြင်ကွင်းတွင် လှပသော နိုင်ငံရေးကစားကွက်များမြင်ရရေး၊ မမြင်ရရေးဆိုသည်မှာ ဝေဖန်ရေးဆရာများ၊ လေ့လာဆန်းစစ်သူများက အကဲဖြတ်မည်ဖြစ်ပြီး မူလကိစ္စဖြစ်သည့် နိုင်ငံနှင့်ပြည်သူများ တိုးတက်ကြီးပွားရေးအပေါ် မည်သူမည်ဝါတို့က အမှန်တကယ်လုပ်ပေးကြသည်ဆိုသည်မှာ မဲဆန္ဒရှင်များက အကဲဖြတ်ကြမည်ဖြစ်ပါသည်။ 

မည်သို့ပင်ရှိစေကာမူ မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသည့် လမ်းဆုံလမ်းခွတစ်ခုဖြစ်သည့် ၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်ကြမည့် မြန်မာ့နိုင်ငံရေးပလေယာကြီးများအနေနှင့် ညစ်ပတ်သည့်နည်းလမ်းဖြင့် နိုင်ငံရေးကစားမှုမျိုးကို တိုင်းပြည်မျက်နှာထောက်ပြီး ဝိုင်းဝန်းတားဆီးပေးကာ သန့်ရှင်းသည့် စိတ်ဓာတ်ဖြင့် နောင်မျိုးဆက်သစ်များအတွက် စံနမူနာပြဖြစ်အောင် ပြုမူလုပ်ကိုင်သင့် ပါကြောင်း မေတ္တာရပ်ခံလိုက်ရပါသည်။ 

အယ်ဒီတာ  ( ၁၆ - ၁ - ၂၀၂၀ )