News

POST TYPE

EDITORIAL

အစိုးရတို့၏ အလုပ်
16-Jan-2020
၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲကျင်းပရန် ကြားကာလအားဖြင့် ကိုးလခန့်မျှသာကျန်ရှိတော့ရာ ယင်းကာလသည် ဘောလုံးပွဲဥပမာဖြင့်ပြောပါက မိနစ် ၉၀ မပြည့်မီ မိနစ်အနည်းငယ်မျှသာကျန်ရှိတော့သည့် အချိန်ပိုင်းဟုဆို၍ရပါမည်။NLD ပါတီ ဦးဆောင်သော ဒီမိုကရေစီအစိုးရအတွက် အရေးကြီးသောအချိန်ပိုင်းထဲသို့ ရောက်နေပြီကို ရည်ညွှန်းလိုခြင်းဖြစ်ပေသည်။ 

မြန်မာ့ဒီမိုကရေစီအစိုးရသည် ဘောလုံးကန်နေခြင်းမဟုတ်သော်လည်း ဘောလုံးပွဲဥပမာဖြင့်မေးမြန်းရမည်ဆိုပါက တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ယူထားသည့် ကာလအတွင်း ပရိသတ်ကျေနပ်မှုပေးနိုင်သည့် ဂိုးပေါင်းမည်မျှသွင်းယူထား ခဲ့ပြီဖြစ်သနည်းဟု မေးရပေမည်။ဘောလုံးစကားနှင့်ထပ်ပြောရလျှင် အချိန်အနည်းငယ်သာရတော့သည့် Injury Time တွင် အကောင်းဆုံးပွဲရလဒ်တစ်ခုဖြစ်အောင် မဖြစ်မနေဖန်တီးရပေမည်။ 

ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစသည့် အခန်းကဏ္ဍများအတွက် အကျိုးသက်ရောက်မှုရှိသည့် မူဝါဒကောင်းများ မည်ရွေ့မည်မျှ ပြဋ္ဌာန်းနိုင်ခဲ့သည်၊ လက်ကျန်အချိန်တွင် ဘယ်လိုမူဝါဒတွေ ထပ်မံဖော်ထုတ်မည်ဆိုသည်မှာ လက်ရှိတိုင်းပြည်ကို ဦးဆောင်နေသူများအတွက် အလွန်တရာမှအရေးကြီးပေသည်။မည်သို့ပင်ရှိစေ လွန်ခဲ့သည့် ၁၀ နှစ်ကကဲ့သို့ ရပ်ကွက်အဆင့် လမ်းများလိုက်လံ ပြုပြင်ခင်းကျင်းပေးရုံဖြင့် ဆန္ဒမဲမျှော်သည့် ဗျူဟာလောက်ဖြင့် ရှေ့ဆက်ရန်စဉ်းစားမနေသင့်ပေ။ 

ယခု ၂၀၂၀ ရွေးကောက်ပွဲသည် တိုင်းပြည်အတွက် လွန်စွာမှအရေးကြီးသော နိုင်ငံရေးဖြစ်စဉ်တစ်ခုဖြစ်ပါသည်။အသွင်ကူးပြောင်းသည့် နိုင်ငံများ၏ အတွေ့အကြုံများအရဆိုပါက ၂၀၂၀ ရွေးကောက်ပွဲသည် တိုင်းပြည်၏ အနာဂတ်အတွက်အရေးကြီးသည့် လမ်းကြောင်းကို ထုဆစ်ပုံဖော်ပေးမည်ဖြစ်ပေသည်။ 

ပြီးခဲ့သည့်ငါးနှစ်တုန်းက ပြည်သူအများစုမှာ လူထက်ပါတီအမှတ်တံဆိပ်ဖြင့် ဆုံးဖြတ်သည်ကများခဲ့ကြသည်။သို့အတွက်ကြောင့် အရည်အချင်းမပြည့်ဝသူများ၊ အချောင်သမားများ၊ အတွေ့အကြုံမရှိသူများ၊ စေတနာမမှန်သူများမှာ  မည်သူမည်ဝါဖြစ်သည်ကို ငါးနှစ်အတွင်း နဖူးတွေ့ ဒူးတွေ့ မြင်ခဲ့ရပြီးဖြစ်သည်။ 

ယခု ၂၀၂၀ တွင် မဲဆန္ဒရှင်များအနေနှင့် မည်သို့နှလုံးသွင်းမည်နည်း။မူဝါဒကောင်းများ အခိုင်အမာမဖြစ်ထွန်းသေးသည့် တိုင်းပြည်ဖြစ်သည့်အတွက် 'လူ' ကိုသေသေချာချာ စီစစ်ကြည့်တတ်ရန်လိုမည်ဟု ထင်ပါသည်။အဓိကပါတီကြီးများ အနေနှင့်လည်း (ဘောလုံးစကားနှင့်ပြောပါက) ယခုကတည်းက ပလေယာအရောင်းအဝယ်မလွဲရန်နှင့် လူအရွေးမမှားရန် အထူးသတိချပ်ရပေမည်။ 

အစိုးရ၏မူဝါဒကိစ္စသည် ပြည်သူများ၏ နိစ္စဓူဝလူမှုဘဝတိုင်းအပေါ် အကျိုးသက်ရောက်မှုရှိနေသည်။မူဝါဒရေးဆွဲသည်ဖြစ်စေ၊ မရေးဆွဲဘဲနေသည်ဖြစ်စေ သက်ရောက်မှုရှိသည်။တစ်နည်းအားဖြင့် အစိုးရအလုပ်လုပ်လျှင်လည်း လုပ်သည့်အလုပ်က ပြည်သူအပေါ်သက်ရောက်ပြီး အမှားကြောက်၍ အလုပ်မလုပ်ဘဲနေပြန်လျှင်လည်း အဆိုပါ 'မလုပ်ခြင်း' က ပြည်သူအပေါ်သက်ရောက်မှုရှိပါသည်။ 

လက်ကျန်အချိန်တွင် ဒီမိုကရေစီအစိုးရအနေနှင့် ကောင်းသောသက်ရောက်မှုများဖြစ်စေမည့် အလုပ်များလုပ်ပြ၊ မူဝါဒကောင်းများ ဖော်ထုတ်ပြရန်သာ အရေးကြီးတော့ကြောင်း အကြံပြုလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၁၅ - ၁ - ၂၀၂၀)