News

POST TYPE

EDITORIAL

အမြင်မှန်၊ အတွေးမှန်မှ လုပ်ရပ်မှန်ပါမည်
15-Jan-2020
အမြင်မှန်၊ အတွေးမှန်မှ လုပ်ရပ်မှန်ပါမည် 

မြန်မာနိုင်ငံယနေ့ကြုံတွေ့နေရသော ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များထဲက စိန်ခေါ်မှုများကိုဖြေရှင်းရာတွင် ပါဝင်ပတ်သက်နေသူများအနေနှင့် လက်ရှိတိုင်းပြည်ကျင့်သုံးနေသောစနစ်နှင့်စပ်လျဉ်း၍ အမြင်မှန်ရှိရန် အထူးအရေးကြီးလှပေသည်။ 

တစ်နည်းအားဖြင့် မိမိအစိုးရ၊ မိမိတိုင်းပြည်က ကျင့်သုံးနေသောစနစ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အတွေးအမြင်မျိုးဖြင့် လက်ရှိပြဿနာများကို ဖြေရှင်းနေမိပါက မြန်မာတို့မျှော်မှန်းနေသည့် နိုင်ငံဖွံ့ဖြိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့ဖြင့် ဖန်တီးတည်ဆောက်မည့် ရွှေပြည်တော်မှာဝေးနေဦးမည်သာပင်။ 

ဒီမိုကရေစီခေတ်ကာလဖြစ်၍ တစ်ဦးတစ်ယောက်ချင်းစီ လူမှုကွန်ရက်ပို့စ်များတွင် လွတ်လပ်စွာရေးသားဖော်ပြမှုမှအစ ဆွေးနွေးပွဲကြီးများ၊ ဖိုရမ်ကြီးများပြုလုပ်၍ ငြင်းခုံနိုင်ခွင့်ရှိလာသည်မှာ အားရကျေနပ်စရာဖြစ်သော်လည်း ယခင်ခေတ်ကာလများက အတွေးအခေါ်၊ အယူအဆနှင့် အမြင်များမဖယ်ရှားနိုင်သေးသရွေ့ အသွင်ကူးပြောင်းရေးမှာ ခက်ခဲနေမည်သာပင်ဖြစ်သည်။  

ပြည်သူ့ခေတ်ဟူသည် လုပ်ချင်တာလုပ်၍ရသော၊ ဆဲချင်တိုင်းဆဲ၍ရသော၊ ကျယ်လောင်ကျယ်လောင်လုပ်၍ရသော ခေတ်ဟုထင်မှတ်မိပါက အမှားကြီးမှားမည်သာဖြစ်ပေသည်။ဒီမိုကရေစီစနစ်နှင့် ထိတွေ့ဖူးခြင်းမရှိသောကြောင့်ဟု ဆင်ခြေပေးနိုင်သော်လည်း လုပ်ချင်တာလုပ်ခွင့်ရမှုဟူသည် မည်သို့သောနိုင်ငံ၊ မည်သို့သောလူ့အဖွဲ့အစည်းကိုမှ အကျိုးမပြုနိုင်သည်ကို သတိချပ်သင့်ပေသည်။ 

ပါဝါကြီးသူနှင့် ပါဝါသေးသူ ထိပ်တိုက်ပဋိပက္ခဖြစ်လျှင်သော်လည်းကောင်း၊ လူနည်းစုနှင့် လူများစု ပြဿနာတက်လျှင်သော်လည်းကောင်း နည်းသူ(နိမ့်သူ)ဘက်က ရပ်တည်ရမည်ဆိုသော အတွေးအမြင်မျိုးကို ဒီမိုကရေစီ၏အနှစ်သာရ သဖွယ်ထင်မှတ်လာကြသည်မှာ ကြောက်စရာအလွန်ကောင်းပေသည်။ 

ပါဝါနည်းသူဘက်က မှားနေလျှင်လည်း အနိုင်ပေးရမည်ဟူသည့်သဘောကိုဆောင်သည့် အဆိုပါအတွေးအမြင်မျိုးသည် လူ့အဖွဲ့အစည်းမှန်သမျှကို ဖျက်ဆီးမည်သာပင်ဖြစ်ပေသည်။အမှန်တကယ်တွင် မှန်ကန်မှုဘက်က ရပ်တည်ခြင်းသည်သာ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်ပေသည်။

စစ်ဗိုလ်နှင့် ဆွေမျိုးရင်းချာဖြစ်တိုင်း ခရိုနီမဖြစ်နိုင်သလို နိုင်ငံရေးတွင် စစ်တပ်ပါဝင်ပတ်သက်မှုကို ဆန့်ကျင်ပြတိုင်း အဂတိကင်းစင်သည့် နိုင်ငံရေး သမားမဖြစ်နိုင်ဆိုသော ဆင်ခြင်ဉာဏ်ကဲသည့် အမြင်မျိုးရှိရန်အရေးကြီးပေသည်။ 

အထူးသတိထားသင့်သည်မှာ မြန်မာ့လူ့အဖွဲ့အစည်းတွင် မှားခြင်း၊ မှန်ခြင်းကို ပါဝင်သောအုပ်စု (လူပုဂ္ဂိုလ်စွဲ) ဖြင့် အကဲဖြတ်သည့် အတွေးအခေါ်နှင့် အကျင့်စရိုက် နက်နက်ရှိုင်းရှိုင်းရှိထားသည်ဖြစ်ရာ ပန်းတိုင်ကိုဦးဆောင်သွားနေသူများက မျက်မှောက်ခေတ်ကာလနှင့် ကိုက်ညီစွာ အမှန်အတိုင်းမြင်နိုင်၊ တွေးခေါ်နိုင်ပါမှ လိုရာခရီးရောက်မည်ဖြစ်ကြောင်း မီးမောင်းထိုးပြလိုခြင်းဖြစ်ပါသည်။ 

အယ်ဒီတာ ( ၁၄ - ၁ - ၂၀၂၀ )