News

POST TYPE

EDITORIAL

လိုတစ်မျိုး၊မလိုတစ်မျိုးလုပ်၍ မရနိုင်သူများ
14-Jan-2020
မြန်မာ့အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသို့ တရုတ်သမ္မတရှီကျင့်ဖျင် မလာရောက်မီ ရက်ပိုင်းအလိုတွင် နယ်စပ်ဒေသသို့သွားရောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့်တွေ့ဆုံသွားသည့် သတင်းမှာ မြန်မာပြည်သူများအကြား အထူးပင်ဝေဖန်စရာဖြစ်သွားပေသည်။ 

တွေ့ဆုံရာတွင် အဆိုပါအထူးကိုယ်စားလှယ်က တရုတ်နှစ်သစ်ကူးကာလ တရုတ်-မြန်မာနယ်စပ်ဒေသတွင် တည်ငြိမ်အေးချမ်းစွာနေထိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များကို ဆွေးနွေးပြောဆိုသွားသည်ဆိုသောကိစ္စက ပို၍ပင်ဝေဖန်၍ကောင်းအောင်ဖန်တီးပေးလိုက်သကဲ့သို့ရှိပေသည်။ပြည်တွင်းက ကာတွန်းဆရာများက လက်နက်ကိုင်တပ်ဖွဲ့များအပေါ် တရုတ်ကြီးက ကောင်းစွာထိန်းချုပ်နိုင် ပြောဆိုညွှန်ကြားနိုင်ပုံကို ဖော်ကျူးသရော်သည့် ကာတွန်းများဖြင့်ပင် ဝေဖန်ဖော်ပြကြသည်ကိုတွေ့မြင်ရပေသည်။ 

ငြိမ်းချမ်းရေးလိုသောစိတ်နှင့်ဝေဖန်သည်ဖြစ်စေ၊အမျိုးသားရေးစိတ်ဖြင့် ဝေဖန်သည်ဖြစ်စေ သေချာသည့်အချက်မှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအဆုံးသတ်ရေးဆိုသည့် မြန်မာတို့တွက်ချက်အဖြေထုတ်ရမည့် နိုင်ငံရေးပုစ္ဆာတွင် အိမ်နီးချင်းတရုတ်တို့က ပေးထားချက်တစ်ခုအဖြစ်ပါဝင်လာပြီလောဟု မေးစရာဖြစ်သွားသည်မှာသေချာသည်။

ထိုမေးခွန်းနှင့်အတူ မဖြစ်မနေအကောင်အထည်ဖော်သွားရမည့် မြန်မာ့ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနှင့် နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးကိစ္စတို့တွင် မည်သူ့ကိုဆရာတင်ကြမည်နည်း ဆိုသည်မှာလည်း နောက်ဆက်တွဲအလေးထားစဉ်းစားရမည့် မေးခွန်းပင်။ 'အနောက်ကမ္ဘာကို ဆရာတင်မလား' သို့မဟုတ် 'ပေါက်ဖော် ကဲ့သို့သော အာရှရောင်းရင်းများကိုဆရာတင်မလား' ။ 

အိုင်တီနည်းပညာများနှင့် ဆိုရှယ်မီဒီယာများကြောင့် ယခင်လေးငါးဆယ်နှစ်ကထက် ဂလိုဘယ်လိုက်ဇေးရှင်းသဘောတရား ပိုမိုကြီးထွားလာသည့် ခေတ်ထဲတွင် အုပ်စုဖွဲ့ကာ ထိပ်တိုက်ပဋိပက္ခများဖန်တီးသည့်လမ်းစဉ်မှာ ယခင်ကလို အလုပ်မဖြစ်တော့သည်ကို သတိချပ်ကြရပေမည်။သေချာသည်မှာ အနောက်ကမ္ဘာဟူသည် အာရှနိုင်ငံများဖွံ့ဖြိုးရေးအတွက် ယခင်ဆယ်စုနှစ်များကလို ဆရာတစ်ဆူနေရာတွင် မရှိတော့ခြင်းပင်။ 

မြန်မာနှင့် တရုတ်နှစ်နိုင်ငံစလုံးသည် လွှဲရှောင်၍မည်သို့မျှမရနိုင်သော အိမ်နီးချင်းနိုင်ငံများဖြစ်သည်။ မြန်မာ့ပြည်တွင်း ငြိမ်းချမ်းရေးတွင် တရုတ်သည် ဇာတ်ဆောင်နေရာတွင်မရှိသည့်တိုင် ဇာတ်ပို့တစ်ဦးထက်ပိုသော နေရာမှပါဝင်နေပေသည်။နယ်စပ်ကုန်သွယ်ရေးမှစပြီး ဧရာမစီမံကိန်းကြီးများနှင့် ဓာတ်ငွေ့ပိုက်လိုင်းကြီးများအပါအဝင် ငြိမ်းချမ်းရေးကိစ္စအထိ ထဲထဲဝင်ဝင်ပတ်သက်နေပုံကို ကြည့်လျှင် နှစ်နိုင်ငံစလုံးသည် လက်တွေ့ဆန်ဆန်မဟာဗျူဟာကျသည့် ဆက်ဆံရေးကြီးတစ်ရပ်ကို ရယူထားခြင်းဖြစ်သည်။ 

သို့အတွက် တရုတ်ကလည်း မြန်မာကို အရေးမစိုက်ဘဲနေ၍ မရနိုင်သလို မြန်မာကလည်း တရုတ်ကို Don’t Care လုပ်နေ၍မည်သို့မျှမရနိုင်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။မြန်မာနိုင်ငံအနေနှင့် မည်သို့သော နိုင်ငံရေးစနစ်ကျင့်သုံးသည်ဖြစ်စေ၊ မည်သည့်ခေတ်ကာလရောက်သည်ဖြစ်စေ လိုတစ်မျိုး၊ မလိုတစ်မျိုး လုပ်ရန် မည်သို့မျှမသင့်တော်သည့်ဆက်ဆံရေးမှာ အိမ်နီးချင်းတရုတ်ပြည်နှင့်  အပေါင်းအသင်းလုပ်ရသည့် ကိစ္စပင်ဖြစ်လိမ့်မည်။ 

နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်ဦးနှစ်ဖက်ဆက်ဆံရေးဟူသည် အပြန်အလှန်လေးစားမှု၊ ကူညီရိုင်းပင်းမှု၊ တစ်ဦး၏ အကျိုးစီးပွားကို တစ်ဦးကလိုလားမှုတို့ရှိမှသာ ရေရှည်ခိုင်မြဲသည်ဖြစ်ရာ မြန်မာတို့ရောတရုတ်တို့ပါ မျှတမှုမရှိသည့် အခြေအနေမျိုးဖြစ်မလာအောင် အထူးရှောင်ရှားကြရမည်ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မဖြစ်ခင်၊ တစ်နည်းအားဖြင့် နိုင်ငံရေးအာဏာမရခင်ကတည်းက သူမကို ဘေဂျင်းသို့ဖိတ်ခေါ်ကာ ကော်ဇောနီဖြင့်ဧည့်ခံကြိုဆိုခဲ့ဖူးသည့် သမ္မတရှီကျင့်ဖျင်ကို ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံကကော်ဇောနီခင်းကာ ဧည့်ခံကြိုဆိုရပေဦးမည်။ ပြည်တွင်း၊ ပြည်ပနိုင်ငံရေးအသိုင်းအဝိုင်းကြီးများက အနီးကပ်စောင့်ကြည့်ကြမည့် ယင်းခရီးစဉ်က နှစ်ဦးနှစ်ဖက် မည်သို့သောအကျိုးစီးပွားများကို ဖန်တီးပေးမည်ဆိုသည်မှာ အထူးစိတ်ဝင်စားစရာပင်။ 

မည်သို့ပင်ဆိုစေ မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေးဟူသည် ရှေးဘုရင်များ ခေတ်ကာလကတည်းက လက်တွေ့ကျသည့် ချဉ်းကပ်မှုများဖြင့်စတင်ခဲ့ပြီး ယနေ့အချိန်အထိလည်း လက်တွေ့ကျသည့်နည်းလမ်းကို နှစ်ဖက်စလုံးက ပညာသားပါပါ ကျင့်သုံးလျက်ရှိကြောင်းနှင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် အခြားနိုင်ငံများနှင့်ဆက်ဆံရေးထက် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးက တစ်ခါတစ်ရံ ကောင်းတူ  ဆိုးဖက်သဘောမျိုးဆောင်နေတတ်သည်ကို သတိချပ်သင့်သည်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။ 

အယ်ဒီတာ (၁၃ - ၁ - ၂၀၂၀ )