News

POST TYPE

EDITORIAL

ပရော်ဖက်ရှင်နယ်တွေ အားနည်းခဲ့သည့် တိုင်းပြည်
13-Jan-2020
သည်ကနေ့ မြန်မာနိုင်ငံ၏ မတူညီသော နယ်ပယ်အသီးသီးတွင် ရပ်တည်လုပ်ကိုင်နေသူများအကြား တစ်ဖက်နှင့်တစ်ဖက် အပြစ် သို့မဟုတ် ချို့ယွင်းချက်ထောက်ပြ၍ မကုန်နိုင်အောင်ဖြစ်ရသည့် အဓိကအကြောင်းအရင်းများအနက် တစ်ခုကိုပြောရလျှင် ပရော်ဖက်ရှင်နယ်ဆန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြသည့် အနေအထားသို့ မရောက်ရှိသေးခြင်းပင်ဖြစ်ပေမည်။ 

ရပ်ကွက်များတွင် လက်သမားအလုပ်လုပ်ကြသည့် အုပ်စုကလေးများကအစ မော်တော်ကားပြုပြင်သည့် ဝပ်ရှော့များအပါအဝင် လူ့အသက်တစ်ချောင်း မတိမ်းပါးသွားအောင်ကယ်တင်ပေးနေရသည့် ဆေးရုံကြီးများအထိ ပရော်ဖက်ရှင်နယ်ဆန်ဆန် လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းထက် မိရိုးဖလာသဘော၊ တစ်နည်းအားဖြင့် အစဉ်အလာအရလုပ်နေကျပုံစံအတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်းကြောင့်သာ ပြောင်းလဲလာသော ကမ္ဘာကြီးတွင် များစွာခေတ်နောက်ကျနေ၊ စွမ်းဆောင်မှုနိမ့်ကျနေသည့် အနေအထားမျိုးဖြစ်နေကြခြင်းပင်။ 

မြန်မာ့မီဒီယာလောကဖွံ့ ဖြိုးတိုးတက်ရန် ပံ့ပိုးကူညီပေးနေသည့် ဥရောပ မီဒီယာလောကမှ ဝါရင့်မီဒီယာသမားအချို့ကဆိုလျှင် မြန်မာနိုင်ငံတွင် ပရော်ဖက်ရှင်နယ်ဆန်သည့် မီဒီယာမရှိသလောက်ပင်ဖြစ်ကြောင်း မှတ်ချက်ပေးကြသည်ကို ကြုံတွေ့ရဖူးပါသည်။ မှန်လည်းမှန်ပါသည်၊ ယနေ့ခေတ်ရောက်မှသာ မီဒီယာ သင်တန်းကျောင်းများ၊ သတင်းစာပညာနှင့်ဆိုင်သော ဘွဲ့များချီးမြှင့်သည့် တက္ကသိုလ်/ ကောလိပ်များပေါ်ပေါက်လာ၍သာ သည်ဘက်ခေတ်လူငယ် လူရွယ်များအနေနှင့် မီဒီယာပညာရပ်ကို စနစ်တကျလေ့လာခွင့်ရနေခြင်းဖြစ်သည်။ ယခင်ခေတ်ကဆိုလျှင် မြင်ဆရာ၊ ကြားဆရာများဖြင့်သာ မိရိုးဖလာသဘော၊ အစဉ်အလာသဘောဖြင့် စာနယ်ဇင်းအတတ်ပညာကို လေ့လာခွင့်ရခဲ့ကြသည် မဟုတ်ပါလော။ 

တကယ်တော့ ပရော်ဖက်ရှင်နယ်ဆိုသည်မှာ နယ်ပယ်တစ်ခုခုတွင် ပညာရှင် အဆင့်တတ်ခြင်း၊ သိခြင်း သို့မဟုတ် ထိုအသိပညာ၊ အတတ်ပညာကို အသက်မွေး ဝမ်းကျောင်းနိုင်သည်အထိ အသုံးချနိုင်သူ (ဝါ) ပညာရှင်ပီသစွာ လုပ်ကိုင်နိုင်သူကို ဆိုလိုခြင်းဖြစ်ပေသည်။ မြန်မာ့လူ့အဖွဲ့အစည်းတွင်မူ ပရော်ဖက်ရှင်နယ်ဆိုလျှင် ဘောလုံးသမား သို့မဟုတ် အားကစားသမားလောက်ကိုသာ ပြေးမြင်တတ်လေ့ရှိခဲ့ပါသည်။ 

ပရော်ဖက်ရှင်နယ်ဆန်သည်ဟုဆိုခြင်းမှာ သက်ဆိုင်ရာနယ်ပယ်အလိုက် အလုပ်လုပ်ရာတွင် ကိုယ်တတ်ထားသည့် အတတ်ပညာနှင့် အသိပညာတို့ကို စနစ်တကျထုတ်သုံးတတ်ခြင်း၊ လိုက်နာရမည့် ကျင့်ဝတ်နှင့် ထမ်းဆောင်ရမည့်တာဝန်များကို ကောင်းစွာသိမြင်ခြင်း တို့ကိုဆိုလိုပေသည်။ အခြေအနေတစ်ခု အပေါ်တွင် တာဝန်ယူရဲသူများ၊ မိမိတာဝန်ယူထားသည့် အလုပ်၊ အမှုကိစ္စတို့နှင့် ဆက်စပ်သော နောက်ဆက်တွဲအကျိုးဆက်များကိုလည်း တာဝန်ခံရဲသူများကို ရည်ညွှန်းလိုပေသည်။ 

သည်ကနေ့ မြန်မာနိုင်ငံဖွံ့ဖြိုးရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများလုပ် ဆောင်ရာတွင် ပရော်ဖက်ရှင်နယ်ပီသသော ပညာရှင်များကို သက်ဆိုင်ရာကဏ္ဍအလိုက်၊ နယ်ပယ်အလိုက် အထူးတစ်လည်လိုအပ်လျက်ရှိသည်မှာ အငြင်းပွား နေစရာပင်လိုမည်မဟုတ်ပေ။ 

သို့အတွက် အရေးကြီးသည်မှာ မတူညီသော နယ်ပယ်အသီးသီးကို တာဝန်ယူ ဦးဆောင်နေသူများ၊ ခေါင်းဆောင်နေရာတွင်ရှိသူများက မိမိနယ်ပယ်တွင်း ပရော်ဖက်ရှင်နယ်ပီသစွာ ကြံစည်စိတ်ကူးခြင်း၊ လေ့လာသုံးသပ်ကာ အကောင်အထည်ဖော်ခြင်းတို့ လုပ်တတ်လာအောင် သွန်သင်ဆုံးမသင်ကြားပေးနိုင်ရန်နှင့် အနာဂတ်တွင် ပရော်ဖက်ရှင်နယ်များစွာ မွေးထုတ်ပေးရေးအတွက် ပြည်ပမှ ပရော်ဖက်ရှင်နယ်များနှင့် တန်းတူတန်းညှိပေးနိုင်မည့် ပညာရေးစနစ်ကောင်းများပေါ်ပေါက်ရန် မဖြစ်မနေလုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း အကြံပြုလိုပေသည်။ 

အယ်ဒီတာ ( ၁၂ - ၁ - ၂၀၂၀ )