News

POST TYPE

EDITORIAL

အမှားပြင်တတ်သူတွေ ဖြစ်ဖို့လိုပါတယ် (Daily, Vol-7/No-236)
12-Jan-2020
လူသားတွေရဲ့ မကောင်းတဲ့အကျင့်စရိုက်တွေထဲမှာ မိမိကသာဝေဖန်လိုပြီး မိမိကိုဝေဖန်လာတဲ့အခါ မခံမရပ်နိုင်ဖြစ်လေ့ရှိတဲ့ကိစ္စလည်းပါဝင်ပါတယ်။ သည်ဘက်ခေတ်မှာ အမှားလုပ်မိရင်၊ အမှားလုပ်တဲ့သူက မတောင်းပန်ဘဲ ၎င်းဟာ ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း မာန်မာနထောင်လွှားမှုနဲ့ ပြန်ပြီးရန်ရှာတတ်တာမျိုးတွေကို နေရာအတော်များများမှာတွေ့လာရပါတယ်။

ယာဉ်မောင်းတဲ့သူတွေနဲ့ လမ်းမကြီးတွေပေါ်မှာ သွားလာနေကြသူတွေအကြား မတော်တဆဖြစ်တာတို့၊ ယာဉ်ကြောလုရင်း ကားတစ်စီးနဲ့တစ်စီး ပြဿနာတက်ကြတာတို့ စတဲ့ကိစ္စတွေမှာလည်း အတော်များများက မိမိရဲ့အမှားကို မတောင်းပန်ဘဲ ရန်စကားနဲ့ အစချီပြီး တုံ့ပြန်ကြလို့ နောက်ဆုံးမှာ ခိုက်ရန်ဖြစ်ကြ၊ ရဲစခန်းနဲ့ ဆေးရုံရောက်ကြတဲ့အထိဖြစ်ကြတာကိုတွေ့ရမှာပါ။

တစ်ချိန်က မြန်မာပြည်ကို ကိုရီးယားဇာတ်လမ်းတွဲနဲ့ ဇာတ်ကားတွေဝင်လာတော့ မြန်မာပရိသတ်အတော်များများက အဲဒီဇာတ်လမ်းတွဲတွေထဲမှာ ပါလာတဲ့ သူတို့ရဲ့အမှားလုပ်ပြီး တောင်းပန်တတ်တဲ့ အမူအကျင့်ကို သတိပြုမိခဲ့ကြပါတယ်။ အပြင်က ကိုရီးယားလူမျိုးတွေ ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေထဲကလိုပဲ အဲဒီလို အမှားလုပ်မိရင် တောင်းပန်တတ်တဲ့အလေ့အကျင့်ကို တကယ်ပဲ အလေးထားသလားဆိုတာတော့ သူတို့လူ့အဖွဲ့အစည်းမှာ သွားနေမှပဲ သိနိုင်မယ်ထင်ပါတယ်။

လူဆိုတာ အမှားတွေကင်း အပြစ်တွေကင်းနေတဲ့သူတွေမဟုတ်ကြပါဘူး။ မသိလို့ပဲဖြစ်ဖြစ် သိလျက်နဲ့ပဲဖြစ်ဖြစ် မှားတတ်ကြတဲ့သူတွေပါ။ အမှားကို အမှားမှန်း သိအောင်လုပ်ပြီး အမှားအတွက် တာဝန်ယူတတ်၊ တောင်းပန်တတ်ဖို့ပဲလိုတာပါ။

သည်ကနေ့ နိုင်ငံရေးပြဿနာတွေ အတော်များများ မဖြေရှင်းနိုင်ဘဲ ပြဿနာတွေသာဆက်ပြီး ကြီးထွားနေတာကလည်း အမှားလုပ်တဲ့သူတွေက တောင်းပန်ဖို့ဝန်လေးနေကြလို့ပဲဖြစ်ပါတယ်။

နောက်ပြီး ကိုယ့်ရဲ့အမှားကို အမှားဖြစ်ကြောင်း ထောက်ပြဝေဖန်လာတဲ့ သူအပေါ်ကိုလည်း ရန်ငြှိုးမသိုမိဖို့ အင်မတန်အရေးကြီးပါတယ်။ လူအများအလယ်မှာ မိမိမျက်နှာ အိုးမဲပေကျံနေတာကို မြင်တဲ့သူက ပြောပြလာတာကို ကျေးဇူးတောင် တင်ရမှာပါ။ သူကကိုယ့်မျက်နှာပေါ်က အပြစ်ကိုပြောပြပေးတာဟာ ကျေးဇူးတင်ရမယ့် ကိစ္စမဟုတ်ပါလား။

တစ်ဖက်လူရဲ့အမှားကို အားမနာဘဲ ဝေဖန်ထောက်ပြတဲ့အကျင့်စရိုက်ရှိတဲ့ သူတွေထဲမှာ ဂျာမန်လူမျိုးတွေလည်း ထိပ်ဆုံးကပါတယ်လို့ ကြားဖူးပါတယ်။ ဂျာမန်တွေဟာ တစ်စုံတစ်ယောက်လုပ်တာကိုင်တာလွဲမှားနေပြီဆိုရင် မိတ်ဆွေဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ “လွဲမှားနေတယ်” ဆိုတာကို ရှင်းရှင်းဘွင်းဘွင်း ပြောတတ်ကြတယ်လို့သိရပါတယ်။ အဲလိုထောက်ပြပြောဆိုလို့လည်း ဂျာမန်တွေဟာ စိတ်မဆိုးတတ်ပါဘူးတဲ့။

လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုခုထဲမှာပဲဖြစ်ဖြစ် ကိုယ့်ထက်အသက်နဲ့ ဝါကြီးတဲ့သူကဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ကဖြစ်စေ၊ အတူနေတဲ့သူကဖြစ်စေ ကိုယ့်ရဲ့ချို့ယွင်းချက်တွေ၊ အမှားတွေကိုပြောလာတဲ့အခါမှာ ကျေးဇူးတင်တဲ့စိတ်နဲ့ သူပြောတာကို နားထောင်ပြီး ပြုပြင်သင့်တာကို ပြုပြင်သွားဖို့ပါပဲ။ 

နောက်ပြီးတော့ အပြစ်ရှိတဲ့သူ (အမှားလုပ်တဲ့သူ) က သက်ဆိုင်ရာပုဂ္ဂိုလ်ကို သည်းခံရန် တောင်းပန်ပေးဖို့ ဝန်မလေးသင့်ဘူးလို့ ပညာရှိသူတော်ကောင်းကြီးတွေက ဆုံးမခဲ့ကြပါတယ်။ လူတွေဟာ သူတော်ကောင်းဆိုရင် တွေ့ချင် ဆုံချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင် သူတော်ကောင်းအင်္ဂါရပ်နဲ့ ညီအောင်ပြုမူ နေထိုင်ဖို့ကျရင်သာ အခက်တွေ့နေကြရတာပဲမဟုတ်လား။

ဘယ်လိုပေါင်းသင်းဆက်ဆံရေးမျိုးမှာပဲဖြစ်ဖြစ် အရေးကြီးတာက တစ်ဦးနဲ့ တစ်ဦး အကျိုးလိုလားတဲ့စိတ်နဲ့ အမှားတွေကို ပြောပြပေး၊ ထောက်ပြတာကို ကျေးဇူး တင်တဲ့စိတ်နဲ့လက်ခံပြီး ပြုပြင်ပေးမယ်ဆိုရင် အမှားနည်းပြီး မင်္ဂလာရှိတဲ့ဘဝတွေကို မလွဲမသွေပိုင်ဆိုင်ရမှာဖြစ်တဲ့အကြောင်း ပြောချင်တာပါ။

အယ်ဒီတာ (၁၁ - ၁ - ၂၀၂၀)