News

POST TYPE

EDITORIAL

ဗိုလ်ချုပ်ပုံပါ ငွေစက္ကူက ပြောသောပန်းတိုင်ကိစ္စ (Daily, Vol-7/No-233)
08-Jan-2020
ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါသော မြန်မာငွေကျပ် တစ်ထောင်တန် ငွေစက္ကူ အသစ်များကို ယမန်နေ့က မြန်မာ့စီးပွားရေးဘဏ်များက စတင်လဲလှယ်ထုတ်ဝေခဲ့ပြီးနောက် ယင်းငွေစက္ကူအသစ်များနှင့် အမှတ်တရဓာတ်ပုံရိုက်တင်ကြသူများ၏ ပို့စ်အမြောက်အမြားကို လူမှုကွန်ရက်ပေါ်၌ တွေ့မြင်ရပါသည်။ 

ယခင် ၅၀၀၀ တန်နှင့် တစ်သောင်းတန်လို ငွေစက္ကူသစ်ထုတ်ဝေခဲ့စဉ်က မြန်မာပြည်သူများ စိတ်ဝင်တစားရှိခဲ့ပုံနှင့် ယခုတစ်ကြိမ် ရှိပြီးသားတစ်ထောင်တန်ကိုပင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံနှင့် ဒီဇိုင်းပြောင်းလဲထုတ်ဝေသည့်အခါ စိတ်ဝင်တစားရှိမှုတို့ မတူညီကြပေ။ 

ဗဟိုဘဏ်က ထုတ်ဝေသည့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ မြန်မာငွေစက္ကူများနှင့် မြန်မာပြည်သူတို့ ဝေးကွာခဲ့ကြသည်မှာ ဆယ်စုနှစ်သုံးခုကျော်ကြာမြင့်သွားခဲ့ပြီ ဖြစ်ပါသည်။ သို့အတွက်ကြောင့်လည်း ဗိုလ်ချုပ်ပုံပါ အဆိုပါငွေစက္ကူအသစ်များနှင့် တခုတ်တရဓာတ်ပုံရိုက်မှတ်တမ်းတင်သူ ပြည်သူအမြောက်အမြားကို လူမှုကွန်ရက်ပေါ်၌ တွေ့မြင်ရခြင်းဖြစ်ပေသည်။ 

ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံမပါသော ငွေစက္ကူများထုတ်ဝေသည့် ခေတ်ကာလကို ဖြတ်သန်းခဲ့ရစဉ်က ဗိုလ်ချုပ်ပုံပါသောပိုက်ဆံများမှာ အမှတ်တရအောက်မေ့ဖွယ် အထိမ်းအမှတ်ပစ္စည်းတစ်ခုအထိပင်ဖြစ်ခဲ့ကြသည်ကို မြန်မာပြည်သူများ မှတ်မိနေကြဦးမည်ဟု ထင်ပါသည်။

ကမ္ဘာ့နိုင်ငံအတော်များများတွင် တစ်တိုင်းပြည်လုံး၏ ကြည်ညိုလေးစားခြင်းခံရသော၊ နိုင်ငံ့အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်သွားသော ခေါင်းဆောင်များ၏ ရုပ်ပုံဖြင့် ငွေစက္ကူများထုတ်ဝေကြလေ့ရှိကြသည်မှာ အထူးရှင်းပြနေစရာမလိုပေ။ 

မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် ပြည်သူများ၏ ယုံကြည်စိတ်ချမှုအခံရဆုံးပုဂ္ဂိုလ်များအနက် ထိပ်ဆုံးနေရာတွင်လည်းရှိ၊ လွတ်လပ်ရေးဗိသုကာကြီးလည်း ဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူများ မည်သည့်ခေတ်ကာလရောက်မှ ပြန်ထုတ်ခွင့်ရမည်နည်းဟု မြန်မာပြည်သူတွေအနေနှင့် အချိန်ကြာမြင့်စွာ မျှော်လင့်စောင့်စားခဲ့ရသည်။ တစ်နည်းဆိုရလျှင် ပြည်သူများ၏ ပန်းတိုင်များအနက် ဗိုလ်ချုပ်ပုံပါ ငွေစက္ကူသည်လည်း ပန်းတိုင်တစ်ခုဖြစ်ခဲ့ပြီး ယခု ၂၀၂၀ နှစ်ဆန်းတွင် ယင်းမျှော်လင့်ချက် ပန်းတိုင်တစ်ခုကို ရရှိလိုက်ကြပေသည်။ 

တကယ်တော့ ပန်းတိုင်ဟူသည်မှာ အားလုံးကလိုလားတောင့်တနေသည့် ရည်မှန်းချက် (မျှော်မှန်းချက်) ဖြစ်ပြီး ယင်းပန်းတိုင်သို့ရောက်ရန် နည်းလမ်းများကိုအသုံးပြုပြီး လျှောက်လှမ်းခဲ့ကြရခြင်းသာဖြစ်ပေသည်။ ဗိုလ်ချုပ်ပုံပါ ငွေစက္ကူ ပြန်လည်ထုတ်ဝေခွင့်ရရှိရေးဟူသည် မြန်မာပြည်သူများ မျှော်လင့်တောင့်တသည့် ပန်းတိုင်များအနက် တစ်ခုမျှသာဖြစ်ပြီး နောက်ထပ် ပန်းတိုင်ပေါင်းများစွာရှိနေမည်သာဖြစ်သည်။ 

အရေးကြီးသည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နိုင်ရေးတို့နှင့်အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတွင်းရှိ ပြည်သူ (နိုင်ငံသား) အားလုံး၏ လူမှုဘဝများ တိုးတက်ကောင်းမွန်ရေးဟူသည့် မြန်မာနိုင်ငံ၏ အဓိကပန်းတိုင်ကြီးများဆီသို့ ဆက်လက်လျှောက်လှမ်းရန်သာဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ ပန်းတိုင်သည် နိုင်ငံနှင့် ပြည်သူတို့၏ အဓိကမျှော်မှန်းချက်ဖြစ်ပြီး ယင်းပန်းတိုင် သို့ရောက်ရန်သွားမည့် နည်းလမ်းကိုမူ ဉာဏ်စွမ်းရှိသလိုရှာဖွေကြရမည်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါသည်။ 

အယ်ဒီတာ ( ၇ - ၁ - ၂၀၂၀ )