News

POST TYPE

EDITORIAL

စိတ်ထားလှသည့် လူ့အဖွဲ့အစည်းဆိုတာ (Daily, Vol-7/No-232)
07-Jan-2020
သြစတြေးလျနိုင်ငံမှာ ကြောက်ခမန်းလိလိလောင်ကျွမ်းနေသည့် တောမီးကြီးများကို လူမှုကွန်ရက်များ၊ သတင်းမီဒီယာများမှတစ်ဆင့် မြင်တွေ့ကြရသူတိုင်း စိတ်မချမ်းမသာဖြစ်ကြရပေသည်။ မည်သည့်အရာနှင့်မှ ရပ်တန့်၍မရနိုင်သော ပုံစံဖြင့် လောင်ကျွမ်းလျက်ရှိပြီး သြစတြေးလျသမိုင်းကြောင်းတွင် အဆိုးရွားဆုံးတောမီးလည်းဖြစ်ပေသည်။ 

တောမီးငြှိမ်းသတ်နိုင်ရေးအတွက် အနောက်နိုင်ငံများအပါအဝင် အခြားကမ္ဘာ့နိုင်ငံများမှ မီးသတ်ကျွမ်းကျင်သူ ပညာရှင်များ သြစတြေးလျသို့ တဖွဲဖွဲရောက်လာကြသလို နိုင်ငံအသီးသီးမှ စေတနာရှင်များကလည်း ယင်းတောမီးငြှိမ်းသတ်ရေးအတွက် အလှူငွေများထည့်ဝင်လှူဒါန်းကြပေသည်။ တစ်ရက်နှစ်ရက်အတွင်း ယင်းမီးဘေးအတွက် ရသည့်အလှူငွေမှာ ဒေါ်လာသန်းနှင့်ချီ၍ရှိခဲ့ပါသည်။ 

ယင်းတောမီးကြီးကြောင့် သေဆုံးသူ ၂၀ ကျော်ရှိပြီး ထောင်နှင့်ချီ၍ အိုးအိမ်အဆောက်အအုံများ ပျက်စီးဆုံးရှုံးသွားရသည်။ သို့သော် နိုင်ငံတကာ အသိုင်းအဝိုင်းမှ လူအတော်များများ စိတ်မကောင်းဖြစ်နေကြသည်မှာ သြစတြေးလျတိုက်ရှိ တောအုပ်များတွင်သာတွေ့ရတတ်သည့် ထူးခြားသော တိရစ္ဆာန်လေးများ၏ ဘေးဒုက္ခဖြစ်သည်ဟု ထင်ပါသည်။ 

အထူးသဖြင့် ခိုအားလားလို၊ သားပိုက်ကောင်လိုသတ္တဝါများအပါအဝင် အခြားတောနေတိရစ္ဆာန်အကောင်ရေ သန်းနှင့်ချီ၍ ထိခိုက်သေဆုံးနေကြရပုံများကို မြင်တွေ့ကြရသူအတော်များများ စိတ်မချမ်းမသာဖြစ်ကြရသည်ကို သတိပြုမိပါသည်။ အဆိုပါ ခိုအားလားနှင့် သားပိုက်ကောင်သာမက အခြားတိရစ္ဆာန်များအား မီးသတ်သမားများက ကယ်တင်နေပုံ၊ တိမွေးကု ဆရာဝန်များက ယင်းသတ္တဝါလေးများ၏ မီးလောင်ဒဏ်ရာများကို ကြင်ကြင်နာနာဖြင့် ကုသပေးနေပုံများကို တွေ့ရပါသည်။ 

အဆိုပါမြင်ကွင်းများက ကမ္ဘာကြီးပေါ်တွင် မှီခိုနေထိုင်ကြသော လူသားများအနေနှင့် မိမိနေထိုင်ရာ နိုင်ငံတွင်းရှိ ရေမြေတောတောင်များနှင့် သားရိုင်းတိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်သောအချက်ကို ဖော်ပြနေသကဲ့သို့ပင်။ 

မီးလောင်ဒဏ်သင့်နေသော ခိုအားလားကောင်ငယ်လေးများနှင့် သားပိုက်ကောင်လေးများ၏ ပုံများဖြင့် သြစတြေးလျနိုင်ငံတော်မီးကြီးငြှိမ်းသတ်ရေးအတွက် ဝိုင်းဝန်းဆုတောင်ပေးရန် မေတ္တာရပ်ခံထားသည့် ပို့စ်များကိုလည်း လူမှုကွန်ရက်ပေါ်တွင်တွေ့ မြင်ရပါသည်။ အဆိုပါ ချစ်စရာသတ္တဝါလေးများ၏ ပုံရိပ်များစွာပါသည့် သြစတြေးလျတောမီးသတင်းကို အမေရိကန်- အီရန်တင်းမာမှု သတင်းထက်ပင် ကမ္ဘာ့ပြည်သူများက စိတ်ဝင်တစားရှိနေကြသည်ဟုလည်း ထင်ပါသည်။ 

အနန္တစကြဝဋာ၊ အနန္တသတ္တဝါဟူသော မေတ္တာပို့ကို ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်ကြသူအများစုနေထိုင်ရာ မြန်မာနိုင်ငံတွင် မသိသူမရှိသလောက်ပင်။ သတ္တဝါများအပေါ် မေတ္တာထားရန်ဆိုဆုံးမမှုများမှာ မြန်မာတို့နှင့် မစိမ်းသောကိစ္စဖြစ်သည်။ တစ်နည်းပြောရလျှင် လူသားအချင်းချင်းကိုယ်ချင်းစာနာသည့် စိတ်သာမက သက်ရှိချင်း စာနာထောက်ထားသည့်စိတ်ဖြင့် လောကတွင် ပြုမူနေထိုင်ရန် သွန်သင်ဆုံးမမှုမျိုးသည် မြန်မာတို့နှင့် လုံးဝမစိမ်းဟု ဆိုရပေမည်။ 

ယနေ့ကမ္ဘာတွင် ရှေ့တန်းရောက်နေသော သို့မဟုတ် ကမ္ဘာကိုဦးဆောင်နေသော လူ့အဖွဲ့အစည်းများသည် လူသားချင်းစာနာထောက်ထားသည့်စိတ်တစ်ခုတည်း သာမက သက်ရှိချင်းစာနာထောက်ထားသည့်စိတ်ဖြင့်ပါ ပြုမူနေထိုင်သွားရန် ကြိုးပမ်းနေပြီဖြစ်ရာ မြန်မာတို့အနေနှင့် မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်း လှပရေးအတွက် မည်သို့မည်ပုံ စိတ်ထားလှအောင်ကြိုးပမ်းကြမည်ကို အလေးအနက်စဉ်းစားသင့်ပြီဖြစ်ပါကြောင်း ဖော်ပြလိုပေသည်။ 

အယ်ဒီတာ ( ၆ - ၁ - ၂၀၂၀ )