News

POST TYPE

EDITORIAL

ဘယ်နွံတွင်မှ ထပ်၍မနစ်စေချင် (Daily, Vol-7/No-231)
06-Jan-2020
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်သည် မြန်မာနိုင်ငံအတွက် သမိုင်းတွင်သည့်ဖြစ်ရပ်ကြီး အချို့နှင့် ကြုံတွေ့ခဲ့ရသော နှစ်တစ်နှစ်ဖြစ်ခဲ့ပေသည်။ နိုင်ငံတကာတရားရုံး (ICJ) လိုနေရာမျိုးမှာ တရားရင်ဆိုင်ရသည့်ကိစ္စလောက် ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွားထိခိုက်သည့်ကိစ္စမျိုးကို မြန်မာတို့အနေနှင့် ပထမဆုံးကြုံတွေ့လိုက်ရသည့် နှစ်တစ်နှစ်ပင်မဟုတ်ပါလော။ ယခုနှစ်ဆန်းပိုင်းတွင် ICJ ၏ အဆုံးအဖြတ်ကြားရလိမ့်မည်ဟုသာ သိထားကြသော်လည်း ဘယ်လိုဆုံးဖြတ်မှုမျိုးဖြစ်မည်၊ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်မည်ကိုတော့ မည်သူမျှတပ်အပ်ပြောနိုင်မည်မဟုတ်ပေ။ 

ထိုထိုသောအနေအထားမျိုးရှိထားသည့် ၂၀၂၀ နှစ်ဆန်းကာလတွင် စာဖတ်သူ မြန်မာနိုင်ငံသားများကို “မင်္ဂလာနှစ်သစ်ကာလပါ” ဟုသာ The Voice Daily က ဦးစွာနှုတ်ခွန်းဆက်သပြီး တိုင်းပြည်တွင် ကြုံတွေ့နေရသော အခက်အခဲများနှင့် ပြဿနာများကို ယခင်ကထက် စည်းစည်းလုံးလုံး ထိထိရောက်ရောက်ဖြင့် ပူးပေါင်းဖြေရှင်းနိုင်ပါစေဟု ဆန္ဒပြုလိုပါသည်။ 

မြန်မာတို့သည် အခြားနိုင်ငံသားများနှင့် နှိုင်းယှဉ်လျှင် နှစ်သစ်မင်္ဂလာကာလကို နှစ်ကြိမ်တိတိကြုံခွင့်ရသူများဖြစ်ပေသည်။ ဒီဇင်ဘာလကုန် ဇန်နဝါရီတွင် ကြုံရသော နှစ်သစ်နှင့် ဧပြီတွင်ကြုံရသော မဟာသင်္ကြန်ကာလ မြန်မာနှစ်သစ်ဟူ၍ပင်။ အခြားတိုင်းရင်းသားညီအစ်ကိုမောင်နှမများ၏ ရိုးရာနှစ်သစ်ကူးနေ့များကို ထည့်တွက်လျှင် နှစ်ကြိမ်နှစ်ခါမကပင်ဖြစ်ပေမည်။ 

သို့အတွက်ကြောင့် မြန်မာတို့သည် နှစ်သစ်နှစ်ခါကြုံရသလို လူသစ်စိတ်သစ်လည်း နှစ်ခါဖြစ်ခွင့်ရကြ၊ အလွဲအမှားများကိုလည်း နှစ်ခါပြန် ဆန်းစစ်ကြည့်ခွင့်ရကြသူများဖြစ်ကြသည်။ 

ယခုဆိုလျှင် ပိတ်ရက်အတော်များခဲ့သည့် ဒီဇင်ဘာနှင့် ဇန်နဝါရီ နှစ်သစ်ကာလ ပြီးဆုံးသွားပြီဖြစ်ရာ ပြည်သူ့ကိုယ်စားပြုလွှတ်တော်အသီးသီးနှင့် အစိုးရအဖွဲ့ဝင်များ အနေနှင့် ပြန်လည်စတင်လည်ပတ်တော့မည့် လုပ်ငန်းခွင်အသီးသီး၌ ၂၀၁၉ က အလွဲအမှားများကို သင်ခန်းစာယူကာ ယခုနှစ်တွင် အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ကြမည်ကို စဉ်းစားကြရပေမည်။ ယခင်ကထက် ပြည်သူ(လူထု)ကို အမှန်တကယ်ကိုယ်စားပြုပြီး ပြည်သူအကျိုးနှင့် ပြည်သူ့မျက်နှာကိုသာကြည့်သည့် လွှတ်တော်ကိုယ်စားလှယ်နှင့် အစိုးရအဖွဲ့ဝင်များ ပီပီသသဖြစ်လာအောင် ပို၍ကြိုးစားပြရမည်ဖြစ်သည်။ 

အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး၊ တရားစီရင်ရေး စသည်မဏ္ဍိုင်ကြီး သုံးရပ်ကိုမောင်းနှင်နေသူများအနေနှင့် မိမိအဖွဲ့အစည်း၏ အားနည်းချက်များကို ဆန်းစစ်ကာ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် နိုင်ငံတည်ဆောက်ရေးအတွက် အပြောင်းအလဲကောင်းများကိုလက်တွေ့ကျကျ အကောင်အထည်ဖော်ပြရမည်ဖြစ်ပေသည်။ စတုတ္ထမဏ္ဍိုင်ဟု ခေါ်သော သတင်းမီဒီယာများအနေနှင့်လည်း ပိုမိုတိကျခိုင်မာသော သတင်းများရေးသားတင်ဆက်နိုင်ရေး၊ သတင်းအမှား သတင်းအတုများကို သတင်းအမှန် သတင်းအစစ်များဖြင့်ဖယ်ရှားပစ်နိုင်ရေး၊ ဒီမိုကရေစီရေးနှင့် နိုင်ငံတည်ဆောက်ရေးအတွက် အကျိုးပြုနိုင်မည့် စာပေများဖန်တီးနိုင်ရေး စသည်တို့အတွက် ဦးနှောက်မုန်တိုင်းဆင်ကြရမည်ဖြစ်ပါသည်။ 

၂၀၁၉ အပါအဝင် ယခင်နှစ်များတွင် ကြုံတွေ့ခဲ့ရသော ရခိုင်ပြဿနာနှင့် အခြားပြည်တွင်းစစ်နှင့်ဆက်နွှယ်သောပြဿနာကြီးများထဲမှ ဖြစ်ရပ်များနှင့်အတွေ့ အကြုံများကို ပြန်လည်ဆန်းစစ်ပြီး သင်ခန်းစာယူကာ ၂၀၂၀ ပြည့်နှစ်ထဲတွင် ထိုသို့သော ပြဿနာများ၊ အခြေအနေမျိုးများနှင့် ထပ်မံမကြုံတွေ့ရန် သက်ဆိုင်သူများအားလုံးက သတိကြီးစွာ လုပ်ကိုင်သင့်ကြပေသည်။

သို့မှသာ မြန်မာအပေါ်ရှိနေသည့် နိုင်ငံတကာ၏ သံသယများနှင့် ဖိအားများကို ဖယ်ရှားနိုင်မည်ဖြစ်သလို ယင်းပြဿနာကြောင့် တိမ်သလ္လာဖုံးသလိုဖြစ်ခဲ့ရသည့် အခြားသောကဏ္ဍများအနေနှင့်လည်း အခွင့်အရေးကောင်းများနှင့် အခြေအနေကောင်းများကို ဖမ်းဆုပ်နိုင်မည်ဖြစ်ပါသည်။ ဒီမိုကရေစီဟူသည် မြန်မာတို့တစ်တွေ ထင်ထားသလောက်မလွယ်ကူပေ။ အုပ်ချုပ်သူခေါင်းဆောင်တို့၊ အုပ်ချုပ်သည့် စနစ်နှင့် မူဝါဒတို့သာ အမှန်တကယ်အဂတိကင်းစင်ပြီး ပြည်သူ့မျက်နှာကို လက်တွေ့ ကျကျ ကြည့်တတ်ပါက နေ့ချင်းညချင်း(အချိန်တိုအတွင်း) ကမ္ဘာ့ထိပ်တန်းအဆင့် ရောက်အောင် တွန်းပို့ပေးနိုင်သည့် တစ်ပါတီစနစ်ထက်ပင် များစွာခက်ခဲနက်နဲလှပေသည်။ 

တာဝန်ယူမှုနှင့် တာဝန်ခံမှုဟူသည့်ကိစ္စအပါအဝင် ဒီမိုကရေစီစံနှုန်းများမှာ အုပ်ချုပ်သူအစိုးရတစ်ခုတည်းအတွက်သာမဟုတ်ဘဲ နိုင်ငံသားများ (ပြည်သူ) ကပါ နားလည်သဘောပေါက်ထားပါမှ ပြဿနာဆိုးကြီးများကိုရှောင်လွှဲနိုင်ကြမည်ဖြစ်ပေသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဒီမိုကရေစီစနစ်အပေါ် သံသယဝင်နေချိန်တွင် ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ခေါင်းပေါ်တင်ကာ ဒီမိုကရေစီဖော်ဆောင်ရခြင်းဖြစ်ပါသည်။ သို့သော် မြန်မာတို့၏ အမျိုးသားအကျိုးစီးပွားကို အမှန်တကယ် လိုလားသူများက အသိဉာဏ်အမြော်အမြင်ကြီးစွာဖြင့် ရခိုင်ကိစ္စနှင့် ပြည်တွင်းငြိမ်းချမ်းရေး အပါအဝင် အခြားပြဿနာများကို စေတနာအမှန်ဖြင့် ပူးပေါင်းဖြေရှင်းကြမည် ဆိုပါက ICJ နွံ၌ နစ်မလိုဖြစ်နေရသည့်ကိစ္စမျိုးအပါအဝင် အခြားပြည်တွင်းရေး အခက်အခဲများကို မလွဲမသွေကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း ဖော်ပြလိုက်ရပါသည်။ 

အယ်ဒီတာ ( ၅ - ၁ - ၂၀၂၀ )