News

POST TYPE

EDITORIAL

အရှက် အကြောက် ကိစ္စ (Daily, Vol-7/No-230)
05-Jan-2020
“မရှက်တတ်၊ မကြောက်တတ်တော့ဘူးလား” ဆိုတဲ့ သတိပေးစကားကို ဘယ်လိုအခြေအနေမျိုးမှာ ကြားရလေ့ရှိတယ်ဆိုတာ စာဖတ်သူတွေသိပြီးသားလို့ ထင်ပါတယ်။ 

ဘယ်လိုနိုင်ငံရေးစနစ်တွေပဲ ကျင့်သုံးသည်ဖြစ်စေ၊ ဘယ်လိုဘာသာတရားပဲ ကိုးကွယ်သည်ဖြစ်စေ လောကလူ့ဘောင် သာယာအေးချမ်းရေးကို အမှန်တကယ် ဆောင်ကြဉ်းပေးနိုင်ဖို့အတွက်ဆိုရင် ဟီရိ၊ သြတ္တပ္ပဆိုတဲ့ လောကပါလတရားတွေ မှေးမှိန်သွားပြီး အဲဒီတရားတွေကိုမေ့လျော့နေကြပြီဆိုရင် လောကလူ့ဘောင်တို့ လူ့အဖွဲ့အစည်းတို့ဆိုတာ ရုပ်ဆိုးအကျည်းတန်လာတတ်ပါတယ်။ 

သည်ကနေ့ လူ့အဖွဲ့အစည်းထဲမှာ လူသတ်မှုတွေ၊ ခိုးမှုတွေ၊ လုယက်မှုတွေနဲ့ မတရားမှုတွေအမျိုးမျိုးဖြစ်ပေါ် ကြုံတွေ့နေကြရတာဟာ လောကပါလတရား ရုပ်ဝတ္ထုပစ္စည်းတွေ ဘယ်လိုပဲတိုးတက်သည်ဖြစ်စေ၊ လောကကိုစောင့်ရှောက်တဲ့ လောကပါလတရားတွေ လျော့နည်းနိမ့်ပါးလာလို့ပဲလို့ ဆိုရပါမယ်။ 

အများပြည်သူတွေရဲ့ အမှုကိုထမ်းဆောင်ကြရတဲ့ ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေအကြား အဂတိလိုက်စားမှုကို မိမိရပိုင်ခွင့်တစ်ရပ်သဖွယ် သတ်မှတ်လာကြတဲ့အလေ့အထနဲ့ စားသုံးသူတွေကို စားသောက်ကုန်ပစ္စည်းအမျိုးမျိုးထုတ်လုပ် ရောင်းချကြတဲ့လုပ်ငန်းတွေမှာ အမြတ်အစွန်းဆိုတဲ့ကိစ္စတစ်ခုတည်းကိုကြည့်ပြီး လူတွေရဲ့အသက်အန္တရာယ်ထိခိုက်နိုင်လောက်တဲ့ အရာတွေကို ထည့်သွင်းရောင်းချ လာကြတာဟာလည်း လောကပါလတရား နိမ့်ပါးလာတဲ့ သာဓကတွေလို့ပဲ ပြောရမှာပါပဲ။ 

“သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ”တို့၊ “စေတနာသည် လူတိုင်းနဲ့ မထိုက်တန်”တို့ စတဲ့ လောကရဲ့အမှန်တရားကိုထောက်ပြတဲ့ လောဂျစ်ကောင်းတွေသဖွယ်ဖြစ် လာတာကလည်း လေးလေးနက်နက်စဉ်းစားကြည့်မယ်ဆိုရင် လောကပါလတရားတွေ ကွယ်ပျောက်စပြုနေပြီဆိုတဲ့ သာဓကတွေပါပဲ။

ငွေကြေးပေးပြီး ဝယ်စရာမလိုတဲ့ စိတ်စေတနာကောင်းကို နှမြောတွန့်တို တတ်အောင်တွန်းအားပေးပြီး သင်လူဆိုးလုပ်လျှင် သင်သူခိုးလုပ်လျှင် ကျွန်ုပ်လည်း လိုက်လုပ်မယ်ဆိုတဲ့ သဘောမျိုးတွေဖြစ်အောင်၊ တစ်မျိုးပြောရမယ်ဆိုရင် တစ်ဖက်သား အရှက်၊ အကြောက်ကင်းမဲ့တိုင်း ကိုယ်ကလိုက်ပြီး အရှက်၊ အကြောက်ကင်းမဲ့ပြမယ့်သဘောဖြစ်အောင် တွန်းအားပေးတဲ့ လော့ဂျစ်တွေလို့ပဲဆိုရပါတော့မယ်။

အဲဒီအရှက်၊ အကြောက်ဆိုတာ ရှက်ကိုးရှက်ကန်းဖြစ်တဲ့သဘော၊ သူရဲဘောကြောင်ပြီး ကြောက်တတ်တဲ့စိတ်ကို ဆိုလိုတာမဟုတ်ပါဘူး။ မကောင်းတာကို၊ မတရားတာကို လုပ်ဖို့ရှက်တတ်တဲ့စိတ်နဲ့ အဲဒီမကောင်းတာတွေ၊ မမျှတတာတွေဟာ ကိုယ့်တစ်ဦးတည်းကိုသာမက တစ်လောကလုံးကို ဒုက္ခပေးတတ်တဲ့သဘောရှိပါလားလို့ တွေးတောဆင်ခြင်တတ်တဲ့ အကြောက်တရားကိုဆိုလိုတာပါ။ 

အဲဒီလို အရှက်နဲ့ အကြောက်တရားကင်းမဲ့လို့လည်း ယနေ့ကမ္ဘာမှာ ငါ့ဘာသာ၊ ငါ့လူမျိုး၊ ငါ့အဖွဲ့အစည်းနဲ့ မတူတဲ့သူတွေကို ရန်သူလိုသဘောထားပြီး တိုက်ခိုက်တတ်တဲ့ အယူဝါဒဆိုးတွေကြီးထွားနေပြီး တစ်ပါးသူတွေ ချွေးနဲ့ရင်းပြီး ရိုးရိုးသားသားတည်ဆောက်ခဲ့ရတဲ့ ပိုင်ဆိုင်မှုတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အောင်မြင်ကျော်ကြားမှုတွေကို အချောင်ရယူလိုသူတွေ များပြားလာတာပဲဖြစ်ပါတယ်။ 

ငွေကြေးဥစ္စာ၊ အမြတ်အစွန်းနဲ့ ရာထူးဂုဏ်ဒြပ်ဆိုတာ လူတိုင်းရဲ့စိတ်ကို ညှို့ယူဖမ်းစားနိုင်ပြီး လူတစ်ယောက်ရဲ့ ဘဝကြီးပွားတိုးတက်ရေးကိုတိုင်းတာတဲ့နေရာမှာလည်း ရှေ့ဆုံးကပါတဲ့အရာတွေပါ။ ဒါကြောင့်လည်း ငွေကြေးအမြတ် အစွန်းနဲ့ ရာထူးဂုဏ်ဒြပ်ဒါမှမဟုတ် အောင်မြင်ကျော်ကြားရေးအတွက် အကျိုးအမြတ်တစ်စုံတစ်ရာ မရရှိဘဲ ဘယ်အလုပ်ကိုမှ မလုပ်ချင်ကြတာ လူ့သဘာဝလိုဖြစ်လာတာပါ။ လူဆိုတာ ကိုယ့်အတွက် အဲဒီထဲက အကျိုးအမြတ်တစ်ခုခုရှိမှ အလုပ်တစ်ခုကို လုပ်ချင်ကြတာမဟုတ်လား။ 

ဒါပေမဲ့ ကိုယ်ကျိုးစီးပွားကို အသက်မွေးဝမ်းကျောင်းမှုအမျိုးမျိုးနဲ့ ရှာဖွေကြတဲ့အခါ ရှက်သင့်တဲ့ကိစ္စအပေါ်ရှက်တတ်ပြီး ကြောက်သင့်တာကို ကြောက်တတ်ဖို့ အင်မတန်အရေးကြီးပါတယ်။ တကယ်တော့ လောကဆိုတာ လူတွေအားလုံး တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ချိတ်ဆက်နေပြီး လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ ဂိုဏ်းတစ်ခုခုရဲ့ အပြုအမူ၊ အပြောအဆိုနဲ့ အလုပ်အကိုင်တွေဟာ အခြားသူတွေပေါ်ကိုလည်း အများကြီးဂယက်ရိုက်ခတ်မှုရှိစေတဲ့ သဘောမှာရှိတာပါ။ အဲဒါကြောင့် မိမိကိုယ်တိုင်နဲ့ မိမိဦးဆောင်နေတဲ့ အဖွဲ့အစည်းကစပြီး မကောင်းမှုကို ရှက်တတ်၊ ကြောက်တတ်အောင် လေ့ကျင့်ထားတတ်ပါမှ ဟီရိ၊ သြတ္တပ္ပတရားထွန်းကားတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နိုင်မယ်ဆိုတာ ပြောချင်ရုံသာဖြစ်ပါတယ်။ 

အယ်ဒီတာ ( ၄ - ၁ - ၂၀၂၀ )