News

POST TYPE

EDITORIAL

အနှစ်သာရပြည့်ဝသည့် လွတ်လပ်ရေး (Daily, Vol-7/No-229)
03-Jan-2020
မြန်မာနိုင်ငံနှင့်ပတ်သက်သော အထင်ကရ ရက်စွဲများအကြောင်းပြောမည် ဆိုလျှင် ယနေ့ ဇန်နဝါရီလ ၄ ရက်နေ့လည်း မပါမဖြစ်သော ရက်တစ်ရက်ဖြစ်ပေသည်။ ကိုလိုနီခေတ်ကာလ ကုန်ဆုံးပြီး လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် မြန်မာတို့ပြန်လည်ရပ်တည်လာနိုင်ခဲ့သည်မှာလည်း ယခုဆိုလျှင် နှစ် ၇၀ တိတိ ပြည့်သွားပြီဖြစ်ပါသည်။ 

တစ်နည်းဆိုရလျှင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မျိုးချစ်မြန်မာခေါင်းဆောင်များ ခဲရာခဲဆစ်ကြိုးပမ်းပုံဖော်ခဲ့ရသည့် အစီအစဉ်များ ပြီးမြောက်အောင်မြင်သွားခဲ့သည်မှာ နှစ်ပေါင်း ၇၂ နှစ်ပြည့်သွားပြီဖြစ်သည်။ လူ့သက်တမ်းအရဆိုရလျှင် နှစ် ၇၀ ကျော်ဆိုသည်မှာ လူတစ်ဦးအတွက် တစ်ဘဝစာနီးပါးရှိသည့် အချိန်ကာလအပိုင်းအခြားတစ်ခုလည်းဖြစ်ပေသည်။ 

ကျောင်းနေခဲ့ဖူးသော မြန်မာနိုင်ငံသားအားလုံး အခြေခံပညာသင်ယူစဉ် သမိုင်းဘာသာရပ်တွင် ကိုလိုနီခေတ်အကြောင်း၊ လွတ်လပ်ရေးအကြောင်း စသည်တို့ကို ကောင်းစွာသိရှိခဲ့ပြီးဖြစ်ပါလိမ့်မည်။ သမိုင်းထဲတွင် လက်နက်အင်အားမမျှ၍၊ လူအင်အားမမျှ၍ စသည့် အကြောင်းပြချက်အမျိုးမျိုးဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံးခဲ့ရပုံများကို ဝမ်းနည်းဖွယ်ဖြစ်အောင် စီကုံးရေးသားထားသည်ကိုလည်း ကျောင်းသားဘဝတည်းက သိရှိခဲ့ကြပါလိမ့်မည်။

သမိုင်းဆရာတို့မည်သို့ပင် မှတ်တမ်းတင်ဖွင့်ဆိုပြခဲ့ကြသည်ဖြစ်စေ သေချာသည့်အချက်မှာ တစ်ချိန်က မြန်မာတို့သည် တစ်ချိန်က ကိုလိုနီတို့၏ ခြေလှမ်းများကို ကြိုတင်တွက်ဆနိုင်ခဲ့ခြင်းမရှိသလို အချင်းချင်းလည်း ညီညွတ်မှုမရှိခဲ့ခြင်းကြောင့် လွတ်လပ်ရေးဆုံးရှုံးသွားခြင်းသာဖြစ်သည်ဟု ရှုမြင်မိပေသည်။ 

သို့သော် စည်းလုံးညီညွတ်အောင် စွမ်းဆောင်နိုင်သူအချို့ ပေါ်ပေါက်လာချိန်တွင်ပင် ဆုံးရှုံးခဲ့ရသည့် လွတ်လပ်ရေးကို အမိအရပြန်လည်ရယူနိုင်ခဲ့ပေသည်။ လွတ်လပ်ရေးအတွက် ဗြိတိသျှကိုလိုနီတို့ကို မောင်းထုတ်ရန် ဖက်ဆစ်ဝါဒီတို့နှင့် ပေါင်းသင်းခဲ့ရသလို၊ နောက်တစ်ဖန် ဖက်ဆစ်တို့ကို မောင်းထုတ်ရန် ဗြိတိသျှတို့ အကူအညီပြန်ယူရပြန် လုပ်ခဲ့ကြရသည်။ 

ဆရာကြီးသခင်ကိုယ်တောင်မှိုင်း၏ စကားနှင့်ပြောရလျှင် အထင်ကြီး၍ ပင့်လာမိသော ဆရာကြီး(ဖက်ဆစ်တို့)ကို ပင့်လာသူတို့ကိုယ်တိုင်ပင် တာဝန်ယူ မောင်းချခဲ့ကြရပေသည်။ မည်သို့ပင်ဖြစ်စေ လွတ်လပ်ရေးအတွက် အကောင်းဆုံးဟု သတ်မှတ်၍ လုပ်ခဲ့ကြသော အလုပ်ချည်းသာပင်ဖြစ်ရာ မည်သူကမျှ အပြစ်ဆိုမည် မဟုတ်ပေ။ လွတ်လပ်ရေးသည်သာ ပန်းတိုင်၊ လွတ်လပ်ရေးသည်သာ ပဓာနဖြစ်ခဲ့သည်မဟုတ်ပါလော။

မျိုးချစ်ပုဂ္ဂိုလ်တို့၏ အသက်ပေါင်းများစွာ စတေးခဲ့ပြီးမှ ရလာခဲ့သည့် ထိုလွတ်လပ်ရေးကြီးသည် မရခင်ကာလက မြန်မာတို့အတွက် ကြီးမားသည့် အိပ်မက်တစ်ခုဖြစ်ခဲ့ပါသည်။ သို့သော် ဇန်နဝါရီလ ၄ ရက်နေ့ နောက်ပိုင်းကာလများမှစ၍ အခြားပန်းတိုင်များပေါ်လာသည်။ ပါလီမန်ဒီမိုကရေစီပန်းတိုင်၊ ဆိုရှယ်လစ်ပန်းတိုင်၊ ထို့နောက် ဒီမိုကရေစီပန်းတိုင် စသည်ဖြင့်။ 

ပန်းတိုင်များအနက် ယနေ့လို ဆယ်စုနှစ်သစ်တစ်ခုဖြစ်သော ၂၀၂၀ အထိ မရောက်ရှိနိုင်ဘဲဖြစ်နေသည့် ပန်းတိုင်မှာ ပြည်တွင်းစစ်အဆုံးသတ်ရေး သို့မဟုတ် ပြည်တွင်းငြိမ်းချမ်းရေးပင်ဖြစ်ပေသည်။ နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးပိုင်းကို တိုက်ရိုက်ပြဿနာပေးနေသည့် အကြောင်းကိစ္စကြီးတစ်ခုဟု ဆိုလျှင်လည်း မှားမည်မဟုတ်ပေ။

မြန်မာနိုင်ငံထဲတွင် လွတ်လပ်ရေးမရခင်ကလည်း စစ်ပွဲများရှိခဲ့သလို လွတ်လပ်ရေးရပြီးတော့လည်း စစ်ပွဲများရှိခဲ့သည်မှာ ယနေ့ ဒီမိုကရေစီခေတ် ကာလအထိပင်။ စစ်ပွဲဟူသည် မြန်မာနိုင်ငံအတွက် စိမ်းသည့်အကြောင်းအရာ မဟုတ်ပေ။ ပြည်ပနယ်ချဲ့လက်အောက်မှလွတ်မြောက်ရေးအတွက် စစ်ပွဲတွေရှိသည်မှာ ဂုဏ်ယူစရာဖြစ်သော်လည်း တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စစ်ပွဲများဖြစ်ရသည်မှာ ရင်နာစရာကောင်းသည်ဟု ဆိုရုံမှတစ်ပါးအခြား ပြောစရာစကားမရှိပေ။ ကြာလာသည်နှင့်အမျှ စစ်ဝါဒီ၊ စစ်အတွေးအခေါ်များ ကြီးစိုးလာမည်ကိုပင် စိုးရိမ်မိပေသည်။

သေချာသည်မှာ မြန်မာ့လွတ်လပ်ရေးဋီကာကို မည်သို့ပင်ချဲ့ကားနိုင်သည်ဖြစ်စေ မြန်မာနိုင်ငံတွင်ရှိသူ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး စည်းလုံး ညီညွတ်မှုမရှိသေးသရွေ့၊ တစ်နည်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် သက်ဆိုင်ရာ အင်အားစုများအနေနှင့် မှန်ကန်သည့်လမ်းကြောင်းကို မရွေးချယ်နိုင်သေးသရွေ့ အနှစ်သာရပြည့်ဝသည့် လွတ်လပ်ရေးဟုသတ်မှတ်နိုင်၍ မရနိုင်ကြောင်း ဖော်ပြလိုပေသည်။ 

အယ်ဒီတာ ( ၂ - ၁ - ၂ဝ၂၀ )