News

POST TYPE

EDITORIAL

တစ်ဦးက မေတ္တာ၊ တစ်ဦးက စေတနာ ရှိပါမှ (Daily, Vol-7/No-228)
02-Jan-2020
၂၀၂၀ ပြည့်နှစ်၊ နှစ်သစ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ အပါအဝင် ဒုတိယသမ္မတများလည်း မြန်မာပြည်သူများအတွက် နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားအသီးသီးပြောဆိုသွားကြပေသည်။ ၎င်းတို့သုံးဦး၏ နှုတ်ခွန်းဆက်စကားများအနက် အဓိကတူညီသည့်အချက်တို့မှာ နိုင်ငံနှင့် နိုင်ငံသားများ ကြီးပွားတိုးတက်ရေး၊ နိုင်ငံတွင်း မတူညီကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှုရှိရေးနှင့် ငြိမ်းချမ်းရေးတို့ပင် ဖြစ်ပေသည်။ 

သမ္မတသုံးဦး၏ နှုတ်ခွန်းဆက်စကားတွင်ပါဝင်သော ယင်းအချက်များ အကောင်အထည်ပေါ်လာရေးအတွက် ဆိုင်ရာနိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေးခေါင်းဆောင်အသီးသီးတို့က နှစ်ကာလကြာရှည်စွာ မေတ္တာရပ်ခံချက်နှင့် တိုက်တွန်း ချက်အမျိုးမျိုးပေးခဲ့သော်လည်း ယနေ့အချိန်အထိ တိုင်းရင်းသားညီအစ်ကိုမောင် နှမများနေထိုင်ရာ ပြည်နယ်အချို့တွင် နှစ်သစ်ကူးကာလကို ပျော်ရွှင်အေးချမ်းစွာဖြတ်သန်းနိုင်ပြီး အချို့နေရာတွင် မပြီးဆုံးသေးသော ပြည်တွင်းစစ်၏ ခါးသီးမှု ဒဏ်ကို ဆက်လက်ခံစားနေကြရခြင်းမှာ “တစ်ဦးက မေတ္တာ၊ တစ်ဦးက စေတနာ အမှန်တကယ်မထားနိုင်သေးသောကြောင့်” ဖြစ်ပါသည်။

တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား “တစ်ဦးက မေတ္တာ၊ တစ်ဦးက စေတနာ” သဘောမျိုးကို အခြေခံသည့် မူဝါဒမျိုးနှင့် စနစ်မျိုးဖော်ထုတ်နိုင်ချိန်တွင် ပြန်လည်သင့်မြတ်ရေးတို့၊ ငြိမ်းချမ်းရေးတို့ဟူသည် အနှေးနှင့်အမြန်ပေါ်ပေါက်လာမည်သာပင်။ 

ယခုဆိုလျှင် ကြာလာသည်နှင့်အမျှ ရှင်းရှင်းလင်းလင်းဖြစ်လာသည်မှာ အပြန်အလှန်ယုံကြည်စိတ်ချမှုကင်းမဲ့နေသေးသရွေ့၊ စစ်ပွဲစီးပွားရေး (War Economy) မှ အကျိုးအမြတ်များရနေသေးသရွေ့၊ ကိုယ့်တိုင်းရင်းသားများ၏ အကျိုးစီးပွားကို ဗန်းပြပြီး ကိုယ့်အဖွဲ့အစည်း၏ အကျိုးကိုဦးစားပေးနေသေးသရွေ့ ပြည်တွင်းစစ်မက်ပဋိပက္ခများပြီးဆုံးမည့် အရိပ်အယောင်မရှိပေ။ 

ပို၍ဆိုရလျှင် နိုင်ငံနှင့် အဓိကအရေးပါသည့် အဖွဲ့အစည်းအသီးသီးကို ဦးဆောင်နေသူများက တစ်ဖက်တွင် ၎င်းတို့ ဖြစ်စေလိုသော၊ ၎င်းတို့၏ အတ္တကို အခြေခံသော နိုင်ငံရေးမျိုးကိုကျင့်သုံးပြီး တစ်ဖက်က အသွင်ကူးပြောင်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးတို့ကို အကောင်အထည်ဖော်နေသည့် သဘောမျိုးပင်။ 

ဒီမိုကရေစီစည်းဘောင်များနှင့် အင်စတီကျူးရှင်းများ မခိုင်မာသေးသောကြောင့် ၎င်းတို့စိတ်ကြိုက် စေလိုရာစေနိုင်ငံရေးပုံစံမျိုးကျင့်သုံးခွင့်ရနေခြင်းလော၊ သို့မဟုတ် ၎င်းတို့စိတ်ကြိုက်ခြယ်လှယ်နေနိုင်သောကြောင့် ဒီမိုကရေစီစည်းဘောင် များမခိုင်မာဘဲဖြစ်နေခြင်းလောဟု မေးရမလိုပင်။ 

သေချာသည်မှာ မြန်မာ့နိုင်ငံရေးသည် အရေးပါသော ခေါင်းဆောင်တို့၏ အဆုံးအဖြတ်အပေါ်တွင် များစွာမှီခိုနေရဆဲဖြစ်ရာ ၎င်းတို့၏ ဆင်ခြင်တုံတရား၊ အမြော်အမြင်၊ လုပ်ရည်ကိုင်ရည်နှင့် စိတ်အားထက်သန်မှုတို့သည် ပြည်တွင်းငြိမ်းချမ်းရေးမှသည် ဖွံ့ ဖြိုးသောနိုင်ငံသစ်တစ်ခုထူထောင်နိုင်သည်အထိများစွာ အရေးကြီးလှသည်။ 

မည်သို့ပင်ဖြစ်စေ မြန်မာ့နိုင်ငံရေးအတွက် အရေးကြီးသည့် နှစ်တစ်နှစ်ဖြစ်သော ၂၀၂၀ တွင် သက်ဆိုင်ရာခေါင်းဆောင်များအနေနှင့် တစ်ဦးကမေတ္တာ တစ်ဦးက စေတနာသဘောကို အခြေခံသည့် လုပ်ဆောင်ချက်သစ်များဖြင့် အရေးကြီးသော အပြောင်းအလဲကောင်းများကို အတူလက်တွဲကာ ဆောင်ကြဉ်းပေးရန်သာဖြစ်ကြောင်း မေတ္တာရပ်ခံလိုက်ရပေသည်။ 

အယ်ဒီတာ ( ၁ - ၁ - ၂၀၂၀ )