News

POST TYPE

EDITORIAL

အုတ်မြစ်ကိစ္စ (Daily, Vol-7/No-227)
01-Jan-2020
နိုင်ငံတစ်ခုကိုတည်ဆောက်ရာတွင် အဓိက အစိတ်အပိုင်းကြီးနှစ်ခုပါဝင်ပြီး ၎င်းတို့မှာ Super Structure ခေါ် အပေါ်ထပ်အဆောက်အဦနှင့် Foundation ခေါ် အုတ်မြစ်အပိုင်းဖြစ်ပါသည်။ 

ယနေ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးမှုအားလုံးသည် မြင်သာထင်သာရှိသည့် Super Structure ခေါ် အပေါ်ထပ်အဆောက်အဦကိစ္စကို ပြောဆိုဆွေးနွေးနေကြခြင်းဖြစ်ပြီး မြင်သာထင်သာမဟုတ်သည့် Foundation ခေါ် အုတ်မြစ်များနှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်ကမျှ အလေးထားသည်ကို ထင်ရှားစွာ မတွေ့ရပေ။ 

အဆောက်အဦတည်ဆောက်ရေး သဘောတရားနှင့် ပြောရလျှင်ပင် Foundation ခေါ် အုတ်မြစ်မကောင်းဘဲ မည်သည့်ထုထည်ရှိ အဆောက်အဦကိုမျှ တည်ဆောက်ရန်မဖြစ်နိုင်ပါ။ နိုင်ငံတည်ဆောက်ရေးနှင့်ပတ်သက်၍ အုတ်မြစ်များအကြောင်း ပြောရလျှင် နိုင်ငံသားတို့၏ ပညာရေး၊ နိုင်ငံသားတို့၏ အသိဉာဏ်၊ နိုင်ငံသားတို့၏ လူမှုတာဝန်ကျေမှု (Social Responsibility)၊ နိုင်ငံသားတို့၏ ကျန်းမာရေး၊ စီးပွားရေးအခွင့်အလမ်းများမှသည် သိပ်သည်းကျစ်လျစ်၍ စည်းကမ်းရှိသော လူ့ဘောင် (Civil Society) အဆုံး ပါဝင်သည်ကို တွေ့ရမည်ဖြစ်ပါသည်။

နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများက ပေးအပ်နေသော အကူအညီများဆိုသည်မှာလည်း အရေးပေါ်ကိစ္စသဖွယ်ဖြစ်သည့် ရောဂါကြီးသုံးမျိုး၊ စာတတ်မြောက်ရေး၊ မူလတန်းပညာရေး ပြီးမြောက်ရေး စသည်များသာဖြစ်ရာ နိုင်ငံသစ်တည်ဆောက်ရေးနှင့် လားလားမျှ မသက်ဆိုင်သော အကူအညီများ ဖြစ်နေပါသည်။ 

ပြောလိုသည်မှာ အပေါ်ထပ်အဆောက်အဦနှင့် ပတ်သက်သော ဝိဝါဒကိစ္စရပ်များကိုသာ အာရုံစိုက်မနေဘဲ Foundation ခေါ် အုတ်မြစ်ကိစ္စကိုပါ အာရုံစိုက်ကြပါမည့်အကြောင်းပင် ဖြစ်ပါသည်။ နိုင်ငံတကာအဖွဲ့အစည်းများအနေနှင့်လည်း မြန်မာနိုင်ငံနှင့်ပတ်သက်၍ အမှန်တကယ်စေတနာထားရိုးမှန်လျှင် အဆိုပါအုတ်မြစ်ကိစ္စများကို အာရုံစိုက်ကြရန်ဖြစ်ပါသည်။ 

“အုတ်မြစ်များ ခိုင်ခံ့သည်နှင့်အမျှ ထိုက်တန်သောအပေါ်ထပ် အဆောက်အဦသည် အလိုအလျောက်ဖြစ်ပေါ်လာမည်” ဆိုသော အချက်ကို မီးမောင်းထိုးပြလိုခြင်း ဖြစ်ပါသည်။

အယ်ဒီတာ