News

POST TYPE

EDITORIAL

ချောတိုင်တက်ခဲ့သူတစ်ယောက်အကြောင်း (Daily, Vol-7/No-226)
31-Dec-2019
ယခုရက်ပိုင်းအတွင်း ကုန်ဆုံးတော့မည့် ၂၀၁၉ ခုနှစ်နောက်ဆုံးနေ့ရက် ဆိုလျှင် ကျွန်ုပ်တို့ The Voice နှင့် Living Color မီဒီယာအပါအဝင် Myanmar Partners Think Tank Goup ကို ထူထောင်သွားခဲ့သူ ဒေါက်တာနေဝင်းမောင် ကွယ်လွန်သွားသည်မှာ ၈ နှစ်ရှိသွားပြီဖြစ်ပါသည်။ အငြင်းပွားဖွယ် ၂၀၁၀ ရွေးကောက်ပွဲမှတစ်ပါး ပြုပြင်ပြောင်းလဲရေးလုပ်ရန် ပိုကောင်းသည့်နည်းလမ်းမရှိနိုင်သည့် အနေအထားဖြစ်နေ၍ ယင်းရွေးကောက်ပွဲဖြင့်သာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်သင့်ကြောင်း ဆောင်းပါးများနှင့် ခေါင်းကြီးပိုင်းများရေးသားခဲ့ခြင်းကြောင့် စစ်တပ်၏ အလိုတော်ရိတစ်ဦးအဖြစ် တံဆိပ်ကပ်ခံခဲ့ရရုံမျှမက အခြေခံဥပဒေ၏ အားနည်းချက်များကို ထောက်ပြသော ဆောင်းပါးအချို့ကြောင့်လည်း ယခင်တပ်မတော်အစိုးရလက်ထက်က အာဏာပိုင်များ၏ ဖိအားပေးမှု၊ ခြိမ်းခြောက်မှုအမျိုးမျိုးနှင့် ရင်ဆိုင်ခဲ့ရသူမှာ ဒေါက်တာနေဝင်းမောင်သာပင်ဖြစ်သည်။ 

နိုင်ငံရေးအကြောင်းပြောတိုင်း ဘက်ဟူသည့်ရှုမြင်မှုများကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးဟူသော လာရင်းကိစ္စတို့ ကွယ်ပျောက်သွားတတ်သည်ဆိုသောအချက်ကို အမြဲတစေ သတိပေးရေးသား ဖော်ပြခဲ့သော်လည်း ဒေါက်တာနေဝင်းမောင်သာမက သူ၏ ရင်နှစ်သီးခြားသဖွယ် ဖြစ်သည့် The Voice မီဒီယာပါ မြန်မာ့နိုင်ငံရေးတွင် လွန်စွာအားကြီးသည့် ဘက်နှစ်ဖက်စလုံး၏ ကြီးစွာသော သံသယထားမှုအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရပေသည်။ သို့သော် ယခင်တပ်မတော်အစိုးရလက်ထက် အားနည်းချက်များကို မည်မျှအတိုင်းအတာထိဝေဖန်ရေးသားခဲ့သည်၊ သူရေးသားခဲ့သော ဆောင်းပါးများ တစ်ချိန်ကစာပေစိစစ်ရေးရုံးတွင် မည်သို့မည်ပုံ ဘဝပျက်၊ ပုံပျက်ပန်းပျက်ဖြစ်သွားခဲ့သည်၊ သတင်းနှင့် ဆောင်းပါးများကြောင့် The Voice ဘယ်နှကြိမ်အထိ ပိတ်ပင် ခံခဲ့ရသည်ဟူသည်တို့ကို သိသူအနည်းအကျဉ်းမျှသာရှိခဲ့ပေသည်။ စကားကြုံ၍ ပြောရမည်ဆိုလျှင် သူ၏ညီရင်းတပည့်ပမာဖြစ်ခဲ့သော The Voice အယ်ဒီတာချုပ်သည်ပင် ယခုနှစ် (ဒီမိုကရေစီခေတ်ကာလ) ထဲတွင် သရော်စာဆောင်းပါး တစ်ပုဒ်ကြောင့် နှစ်လကျော်ကြာမျှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်မှာ မီဒီယာလောကသားအားလုံးအသိပင်ဖြစ်ပေသည်။ 

ဒေါက်တာနေဝင်းမောင်ဆိုတာ ဘယ်လိုပုဂ္ဂိုလ်မျိုးလဲဟုမေးလျှင် သူ့အပေါ်ထားသည့် ချစ်သည့်စိတ်၊ မုန်းသည့်စိတ်အလျောက် မတူညီသည့် အဖြေများထွက် နေမည်သာပင်ဖြစ်သော်လည်း ကျွန်ုပ်တို့အနေနှင့် ဖြေရလျှင် နိုင်ငံနှင့် လူမျိုးကောင်းစားရေး၊ ကမ္ဘာ့အလယ်တွင်နောက်ကောက်မကျစေရေးအတွက် ပြင်းပြသည့် ဆန္ဒရှိသူဟု ဖြေလိုပါသည်။ ဆေးပညာသင်ယူခဲ့ပါသော်လည်း ဆေးကုသသည့် အလုပ်ကိုစွန့်လွှတ်ထားသောကြောင့် နာမည်ရှေ့တွင် “ဒေါက်တာ” တပ်မခေါ်ရန် မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက်များကို အမြဲမေတ္တာရပ်ခံခဲ့သူ၊ သူ့ထက်မည်မျှပင်အသက်ငယ်သည်ဖြစ်စေ လုပ်ငန်းခွင်ထဲ၌ “ကို” သို့မဟုတ် “မ” ဟုတပ်ကာ လူတစ်ယောက်၏ အမည်တစ်ခုကို ယဉ်ကျေးစွာခေါ်လေ့ရှိသူ၊ ထုတ်ဝေသူ လုပ်ငန်းရှင်တစ်ဦးဖြစ်သော်ငြားလည်း သူ၏အကြောင်းကို The Voice သို့မဟုတ် တစ်ချိန်က Living Color မဂ္ဂဇင်းတွင် ပုဂ္ဂိုလ်ရေးဆန်ဆန် ထည့်သွင်းဖော်ပြမည်ကို မလိုလားသူ၊ သူ၏မီဒီယာအား ကျောခိုင်းသွားသည့် ဝန်ထမ်းဖြစ်စေကာမူ ပြည်ပ၌ပညာသင်ခွင့်ရမည်ဆိုပါက ထောက်ခံစာရေးပေးရန် မတွန့်တိုတတ်သူ၊ အရည်အချင်းပြည့်ဝသော လူသားရင်းမြစ်များမရှိပါက နိုင်ငံတည်ဆောက်၍မရနိုင်ဟူသည့် ယုံကြည်ချက်ကြောင့် Capacity Building ကိစ္စအတွက် အိပ်ချိန်အနည်းငယ်သာပေးပြီး အလုပ်လုပ်တတ်သူဟုလည်း ဖြည့်စွက်ပြောလိုပေသည်။ နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် စာတမ်းတစ်စောင်ကို ဟင်းလင်းပြင်တွင် ထိုင်ရေးရင်း မိုးရွာလာသည်ကိုပင် သတိမမူမိသောကြောင့် လက်ပ်တော့ပျက်ခဲ့ရသည်အထိ အာရုံစူးစိုက်မှုအားကြီးခဲ့သည်မှာလည်း ဒေါက်တာနေဝင်းမောင်ပင်ဖြစ်ပေသည်။ 

လူ့ဘဝဟူသည် ရေပွက်ပမာတစ်ခဏတာဖြစ်ရာ ယင်းတစ်ခဏတာအချိန်တွင် မိမိနှင့် မိမိပတ်ဝန်းကျင်ကောင်းကျိုးအတွက် လုပ်ပေးနိုင်သမျှလုပ်ပေးကြရမည်ဟု ပညာရှိတို့က သတိပေးကြသည်။ တည်ဆောက်ရေးစကားနှင့်ဆိုရလျှင် အနည်းဆုံး အုတ်တစ်ချပ်၊ သဲတစ်ပွင့်တော့ဖြစ်ရမည်ဟု ဆိုလိုရင်းဖြစ်ပေသည်။ လက်ကြားထဲတွင် စီးကရက်တစ်လိပ်အမြဲလိုလိုရှိနေတတ်ခဲ့ပြီး တပည့်များနှင့် လုပ်ဖော်ကိုင်ဖက်များကို စာဖတ်ကြရန် အမြဲတိုက်တွန်းခဲ့သူ ဒေါက်တာနေဝင်းမောင်အတွက်မူ နိုင်ငံတည်ဆောက်ရေးတွင် သူ၏ခန္ဓာကိုယ်က ပြောနေသည့် စကားသံ၊ အချက်ပေးသံများကိုပင် မကြားချင်ယောင်ဆောင်ကာ အုတ်တစ်ချပ်သဲတစ်ပွင့်ထက် များစွာ ကြီးမားသည့် ထည့်ဝင်မှုများကို လူမသိသူမသိလုပ်ဆောင်သွားသူဖြစ်ကြောင်း မှတ်တမ်းတင်လိုပေသည်။ ထို့အတူ နိုင်ငံနှင့် လူမျိုးကောင်းစားရေးအတွက် အမြဲအာရုံစိုက်ခဲ့သည့် ဒေါက်တာနေဝင်းမောင်ကဲ့သို့သောပုဂ္ဂိုလ်မျိုးနှင့် အတူလက်တွဲကာ အလုပ်လုပ်ခွင့်ရခဲ့သည့်အတွက်လည်း The Voice အနေနှင့် ထာဝရဂုဏ်ယူမဆုံးဖြစ်လျက်ရှိကြောင်း ထပ်လောင်းဖော်ပြလိုက်ရပေသည်။ 

အယ်ဒီတာ (၃၀ - ၁၂ - ၂၀၁၉)