News

POST TYPE

EDITORIAL

သမိုင်းဝင်သော ဖြစ်ရပ်များနှင့် သင်ခန်းစာ (Daily, Vol-7/No-211)
12-Dec-2019
ယနေ့အခါ သည်ဟိဂ်မြို့ ICJ ၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ရှေ့နေကြီးများ၊ မြန်မာဘက်ကရပ်တည်သည့် ဥပဒေပညာရှင်များ ရင်ဆိုင်နေသော အမှုသည် မြန်မာ့သမိုင်းသာမက ကမ္ဘာ့သမိုင်းတွင်ပါ မှတ်တမ်းဝင်မည့် ဖြစ်စဉ်ကြီးတစ်ခုဖြစ်ပေသည်။ 

မြန်မာ့သမိုင်းတွင်မူ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူလိုက်ပါသွားသော အဆိုပါကိုယ်စားလှယ်တစ်ဖွဲ့လုံး မလွဲမသွေ မှတ်တမ်းဝင်ပေမည်။ 

တရားလိုက မြန်မာတို့နှင့် လွန်စွာစိမ်းရုံသာမက ပထဝီအနေအထားအရ အလွန်ဝေးကွာသည့်နေရာမှ ဂမ်ဘီယာဆိုသည့် နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်သည်။ ICJ အမှုစတင်ခဲ့သည့်ရက်များတွင် ဂမ်ဘီယာနိုင်ငံ၏ ပြည်တွင်းသတင်းများကို ဝင်ရောက်ဖတ်ရှုကြည့်မည်ဆိုပါက ယင်းအမှုနှင့်ပတ်သက်၍ ထူးထူးခြားခြား သတင်းတစ်စုံတစ်ရာမတွေ့ရသော်လည်း မြန်မာနိုင်ငံ၏သတင်းများကို ကြည့်လျှင် မြို့ကြီး၊ မြို့ငယ်အသီးသီး၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ရပ်တည်ကြောင်း လူထောင်ပေါင်းများစွာပါဝင်သည့် ထောက်ခံအားပေးပွဲများကိုတွေ့ရပေသည်။ 

တိုင်းဒေသကြီးတွင်သာမက တိုင်းရင်းသားညီအစ်ကိုမောင်နှမများနေထိုင်သည့် ပြည်နယ်များတွင်ပါ ထောက်ခံပွဲများကို တွေ့မြင်ရပေသည်။ 

ရုပ်သံမီဒီယာအသီးသီးက အဆိုပါထောက်ခံအားပေးပွဲများတွင် ပါဝင်သူများကို အင်တာဗျူးများပြုလုပ်ပြရာ ICJ တွင် တရားစွဲဆိုခံရသည့်ကိစ္စအပေါ် မြန်မာပြည်သူအများစု၏ အမြင်ကိုတွေ့ရပေသည်။ ၎င်းတို့၏ ဖြေကြားပြောဆိုမှုတွင် မတူညီသော အပြောများရှိသော်လည်း ဘုံတူညီသည့် အချက်များမှာကား ... (၁) ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဝန်းရံထောက်ခံခြင်း။ (၂) မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုဆိုသည့် ဂျီနိုဆိုက် လုပ်နေသော နိုင်ငံမဟုတ်ဟူသောအချက်ကို ဖော်ပြလိုခြင်း။ (၃) တိုင်းပြည်၏ ဘေးကျပ်နံကျပ်ဖြစ်လာသည့်အချိန်တွင် စည်းလုံးညီညွတ်မှုရှိပါသည်ဆိုသော အချက်ကို ဖော်ပြလိုခြင်းတို့ဖြစ်ပေသည်။ တစ်နည်းပြောရလျှင် ဤအမှုကို အကြောင်းပြုပြီး မြန်မာအများစု၏ စည်းလုံးညီညွတ်မှုနှင့် ပေါင်းစည်းနိုင်မှုကို မြင်ရပါသည်။ 

မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကိုကြည့်လျှင် ယနေ့မြန်မာလူ့အဖွဲ့အစည်း ရောက်ချင်၊ လိုချင်သည့်ပန်းတိုင်သို့ သွားရာခရီးအတွက် သင်ခန်းစာယူစရာ များစွာရှိသည်။ အနီးစပ်ဆုံးပြောရလျှင် လွတ်လပ်ရေးဟူသော ပန်းတိုင်အတွက် မြန်မာတစ်မျိုးသားလုံး ပေးဆပ်ခဲ့ရသော အသက်၊ သွေး၊ ချွေးများနှင့်အတူ အဆိုး၊ အကောင်း သင်ခန်းစာများလည်း ရှိခဲ့ပေသည်။

သင်ခန်းစာတို့မည်သည် ယူတတ်မှ ရသည့်သဘောရှိရာ ၁၉၄၈ ခုနှစ်မှစလျှင် ၁၉၅၈၊ ၁၉၆၂၊ ၁၉၇၃၊ ၁၉၈၈၊ ၁၉၉၀၊ ၂၀၀၇၊ ၂၀၀၈၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၃ မှသည် ယနေ့အချိန်အထိ ကြုံတွေ့ခဲ့ရသည့် သမိုင်းသင်ခန်းစာများကို မည်မျှအတိုင်းအတာအထိ ရယူဆင်ခြင်နိုင်ခဲ့သနည်းဟုလည်း မေးစရာကောင်းပါသည်။ ယခုဆိုလျှင် ၂၀၁၉ ICJ နှင့် ဘင်္ဂါလီကိစ္စ။ 

နှစ်တစ်နှစ်ချင်းစီကို ကျော်ဖြတ်လာခဲ့သော မြန်မာ့သမိုင်းသည် နှစ်ဟောင်းတစ်နှစ်ကုန်သွားသည့်အခါတိုင်း ထိုနှစ်ဟောင်းမှ မည်သို့သင်ခန်းစာယူခဲ့သည်ကို ဆင့်ကဲမှတ်တမ်းတင်ပေးထားခဲ့ခြင်းဖြစ်သည်။ မကြာမီရက်များအတွင်း နှစ်တစ်နှစ်ကုန်ဆုံးကာ ၂၀၂၀ ဆိုသည့် နှစ်သစ်ထဲသို့ရောက်ပေဦးမည်။ အရေးကြီးသည်မှာ ဖြတ်သန်းလာသော သမိုင်းကြောင်းထံမှ အဆိုးများကိုရှောင်ပြီး အကောင်းများကို ဆောင်နိုင်ကာ သင်ခန်းစာကောင်းများကို ပိုင်ပိုင်နိုင်နိုင်ရယူတတ်မှသာ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေး အစရှိသည့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း ပြောလိုပါသည်။ 

အယ်ဒီတာ ( ၁၂ - ၁၂ - ၂၀၁၉ )