News

POST TYPE

EDITORIAL

ပါရမီရှင် ခေါင်းဆောင်ကောင်း (Daily, Vol-7/No-210)
12-Dec-2019
လောကလူ့ဘောင်တွင် လူအမျိုးမျိုး စိတ်အမျိုးမျိုးရှိကြသည့် သဘောတရားကို စာရေးဆရာကြီးတွေ၊ စိတ်ပညာရှင်ကြီးတွေ တောက်လျှောက်ရေးခဲ့ဖူးပါသည်။ လူတွေအကြောင်းနှင့် လူ့ဘဝအကြောင်း လူတွေကပင် သုတေသနပြုရေးသားထားသော စာအုပ်၊ စာတမ်း၊ ကျမ်းစာတွေ မနည်းမနောပင်ရှိခဲ့သည်။ ယနေ့အထိလည်း လေ့လာနေဆဲ ရေးသားနေကြဆဲပင်။ 

ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးစသည်ဖြင့် နယ်ပယ်အသီးသီးက အများနှင့်မတူ တစ်မူထူးခြားသည့် အရည်အချင်းထူးရှိသည့် ပုဂ္ဂိုလ်များအကြောင်း လေ့လာမည်ဆိုလျှင်လည်း လေ့လာ၍ ကုန်မည်မဟုတ်ပေ။ ယခုဆိုလျှင် ကျော်စွာ ၁၀၀ မကပင်ရှိပေလိမ့်မည်။ လူပင်လူဖြစ်သော်ငြားလည်း သာမန်ညောင်ညမဟုတ် ဆူပါလူသားအဆင့်ရောက်သွားစေသည့် တွန်းတင်ပေးသော စိတ်ဓာတ်အမျိုးမျိုးရှိသည့်အနက် ယေဘုယျကျကျအရေးပါသည့် စိတ်ဓာတ်မှာ ခေါင်းဆောင်စိတ် ပင်ဖြစ်သည်ဟု ယုံကြည်ပါသည်။ 

ခေါင်းဆောင်စိတ်ဆိုသည်မှာ တကယ်တမ်းလေ့လာဆန်းစစ်ကြည့်လျှင် အသိပညာအတတ်ပညာအရည်အချင်းများဖြည့်ဆည်းပေးသည့် တက္ကသိုလ်များက ရိုက်သွင်းပေး၍၊ လက်မှတ်ထုတ်ပေး၍ မည်သို့မျှမဖြစ်နိုင်သောကိစ္စပင်။ နိုင်ငံတကာ စကားနှင့်ပြောလျှင် Gifted Leader ဟုဆိုရမည်ထင်သည်။ မြန်မာဆန်ဆန် ပြောလျှင် “သန္ဓေပါလာတာ” သို့မဟုတ် “အထုံပါရမီရှိတာ” ဟု ဆိုရပါမည်။ ကံနှင့် ကံ၏ အကျိုးအယူဝါဒကို မယုံကြည်သူများ၏ စကားနှင့်ပြောရလျှင် “ထာဝရဖန်ဆင်းရှင်၏ ကောင်းချီးပေးသနားမှု” ဟု ဆို၍ရပါမည်။ 

တကယ်တော့ ခေါင်းဆောင်ကောင်းစိတ်ဓာတ်ကို လူသားဆန်ဆန်ဖြင့် ရိုးရိုးရှင်းရှင်းပြောရလျှင် သာမန်သူများထက် မိဘမေတ္တာစိတ်ပိုရှိသည့် ပိုကြီးသည့် စိတ်အပေါ်အဓိကအခြေခံပေသည်။ ယခုအခါအခြားနိုင်ငံများ၌ လူသားချင်းစာနာသည့်စိတ်မဆိုထားနှင့်၊ တိရစ္ဆာန်ကလေးများကိုပင် သက်ရှိအချင်းချင်းစာနာသည့် စိတ်ဖြင့် ကယ်တင်စောင့်ရှောက်သည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များရှိသည်ကို လူမှုကွန်ရက်များမှတစ်ဆင့်တွေ့မြင်ရပေသည်။ လူသား၊ သမီးများအပေါ် လူမိဘ စိတ်ရှိသူ၏ မေတ္တာတရား အတိမ်အနက် မည်မျှရှိမည်ကို မှန်းဆနိုင်ပေမည်။ 

ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသားအများစု ကြည်ညိုကြသည့် ပါမောက္ခချုပ်ဆရာတော်၏ ဘုရားရှိခိုးထဲက စကားလုံးဖြင့်ပြောရလျှင် “သတ္တဝါများ ရင်ဝယ်သား ကဲ့သို့” ဆိုသော စိတ်ဓာတ်ကြီးမားနေသည့် ခေါင်းဆောင်မျိုး၊ တစ်နည်းအားဖြင့် မိခင်စိတ်ကြီးမားလွန်းခြင်းသည် ခေါင်းဆောင်ကောင်းတစ်ဦး၏ ပင်မအကြောင်းအင်္ဂါလက္ခဏာပင်ဖြစ်သည်။ မိဘစိတ်ရှိသည့်အတွက်ကြောင့် သူမတူသော စတေးခံမှု၊ အနစ်နာခံမှုတို့လည်း မလွဲမသွေရှိကြသည်ပင်။ 

ခေါင်းဆောင်ကောင်းတို့နှင့်ပတ်သက်လာလျှင် နောက်လိုက်များ အထူးသတိထားသင့်သည့်အချက်မှာ ၎င်းတို့ကို သူတော်စင် (ရဟန္တာ) ပုဂ္ဂိုလ်များလို မရှုမြင်မိရန် ဖြစ်သည်။ လူအများ (နောက်လိုက်ပုဂ္ဂိုလ်) အများစုတွင် ဖြစ်လေ့ရှိတတ်သည်မှာ ခေါင်းဆောင်များကို အတိုင်းထက်အလွန် မျှော်ကိုးလွန်းခြင်းပင်။ မြန်မာတွေ ပိုဆိုးသည်။ ခေါင်းဆောင်ကောင်းဆိုသည်နှင့် Superman ပမာထင်မှတ်တတ်သည်။ 

တကယ်တော့ ၎င်းတို့သည် ပုထုဇဉ်လူသားများဖြစ်သည့်အားလျော်စွာ အရာရာပြီးပြည့်စုံပြီး နေရာတကာမှန်ချင်မှမှန်ပေမည်။ သို့သော် ၎င်းတို့၏ ပေးဆပ်လိုမှု၊ စွန့်လွှတ်အနစ်နာခံမှုတို့နှင့် တာဝန်ယူရဲမှုတို့က ၎င်းတို့မည်သူမည်ဝါဆိုသည်ကို အစဉ်အမြဲဖော်ကျူးနေသည်သာဖြစ်သည်။ ခေါင်းဆောင်ကောင်းတို့၏ သမိုင်းကြောင်း ကိုကြည့်လိုက်လျှင် ပေးဆပ်လိုမှုနှင့် အနစ်နာခံလိုမှုမျိုးကိုသာတွေ့ကြရသည် ချည်းသာပင်။

နယ်ပယ်အသီးသီးတွင် ပါရမီထူးရှိသည့် ခေါင်းဆောင်ကောင်းများပေါ်ပေါက်ရန်မှာ အခါခပ်သိမ်းမလွယ်ကူပေ။ အချို့နယ်ပယ်များတွင်မူ ကမ္ဘာနှင့်ချီအောင်ကြာသည် အထိ စောင့်ဆိုင်းကြရပြီး အချို့နယ်ပယ်များတွင် နှစ်ရာချီစောင့်မှ တစ်ယောက်ပေါ်တတ်ပေသည်။ မြန်မာတို့အတွက်မူ မည်သူမည်ဝါသည် နိုင်ငံအတွက် ခေါင်းဆောင်ကောင်း သို့မဟုတ် အဆွေခင်ပွန်းကောင်းဖြစ်သည်ကို မိမိအသိဉာဏ်ဖြင့် ကောင်းစွာခွဲခြားတတ်ရန်နှင့် မိမိ၏ အတ္တနောမတိတစ်ခုတည်းအတွက် ၎င်းတို့ကို မပုတ်ခတ်၊ မစော်ကား မိရန်သာအရေးကြီးကြောင်း ပြောလိုရင်းဖြစ်ပါသည်။ 

အယ်ဒီတာ (၁၁ - ၁၂ - ၂၀၁၉ )