News

POST TYPE

EDITORIAL

နောက်လိုက်ကောင်းတွေလည်း လိုပါသည် (Daily, Vol-7/No-208)
10-Dec-2019
နိုင်ငံတည်ဆောက်ရေးအပိုင်းတွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရာတွင်ဖြစ်စေ၊ ဘာသာ သာသနာ အဓွန့်ရှည်ရေးအတွက် လုပ်ကိုင်ရာတွင်ဖြစ်စေ၊ လူမှုရေးလုပ်ငန်းများ လုပ်ကိုင်သည်ဖြစ်စေ ခေါင်းဆောင်ကောင်းများ လိုအပ်သလို နောက်လိုက်ကောင်းများစွာလည်း လိုအပ်သည်ဟူသောအချက်ကို စာဖတ်သူများ ကောင်းစွာ သိရှိနားလည်ထားပြီးဖြစ်ပါလိမ့်မည်။

ထေရဝါဒ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ မြန်မာနိုင်ငံ၌ မြတ်ဗုဒ္ဓ၏ ဝိပဿနာအလုပ်ကို လမ်းညွှန်ပြသပေးနေသည့် ဝိပဿနာရိပ်သာ အသီးသီးရှိကြရာ ယင်းရိပ်သာတစ်ခုချင်းစီအလိုက်ပင် ဦးစီးဟောပြောပို့ချပေးသည့် ပုဂ္ဂိုလ်များနှင့် နောက်လိုက် တပည့်သာဝကဟူ၍ရှိပေသည်။ နိုင်ငံရေးနယ်ပယ်တွင်မူ ပါတီ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် ၎င်းတို့၏ နောက်လိုက်များ မည်မျှအတိုင်းအတာအထိရှိသည်ကို အထွေအထူးပင် ရှင်းပြရန်လိုမည်မဟုတ်ပေ။

သို့သော်လည်း အထူးသတိထားစရာ ကောင်းသည့်အချက်မှာ ခေါင်းဆောင်းကောင်းတို့ မည်မျှပင် ပေါ်ထွန်းသည်ဖြစ်စေ နောက်လိုက်ကောင်းများ၊ တစ်နည်းအားဖြင့် အုတ်တစ်ချပ်၊ သဲတစ်ပွင့်နေရာ ရယူလိုသူများအနေနှင့် မိမိအဖွဲ့အစည်း အသီးသီး၏ ခေါင်းဆောင်မှုပြုသူကို နည်းမှန်၊ လမ်းမှန်ဖြင့် ပံ့ပိုးပေးနိုင်ခြင်းမရှိပါက ခေါင်းဆောင်ကောင်းတို့၏ ဦးတည်ချက်ပန်းတိုင် ဟူသည်မှာ စိတ်ကူးယဉ် အိပ်မက်သက်သက်မျှသာ ဖြစ်သွားနိုင်ခြင်းပင်ဖြစ်ပေသည်။

ယနေ့ခေတ် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် မိမိယုံကြည်ထောက်ခံသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းတစ်ခုခုကို ထိခိုက်စေသည်ဟု ထင်ရုံမျှဖြင့် ရုန့်ရင်းကြမ်းတမ်းစွာ အပြန်အလှန် ဆဲဆိုနေကြခြင်းကို ရုတ်တရက်ကြည့်လျှင် မိမိကိုယ်မိမိ နောက်လိုက်ကောင်းများဖြစ်ကြောင်း ထုတ်ဖော်ပြသနေဟန် ရှိသော်လည်း အမှန်တကယ် ဆန်းစစ်ကြည့်မည်ဆိုပါက မိမိထောက်ခံအားပေးသော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း၌ အသိဉာဏ်နှင့် စိတ်ဓာတ်နိမ့်ကျသူ နောက်လိုက်များ ရှိနေသည်ဟူသော အချက်ကို ဖော်ကျူးရာသာ ရောက်သွားတတ်သည်ကို သတိပြုသင့်ပေသည်။

မြန်မာတို့သည် ရှေးယခင်ကတည်းက ခေါင်းဆောင်ကောင်းပေါ်မည့် အချိန်ကာလကို အမြဲတစေ မျှော်လင့်စောင့်စားတတ်ခဲ့ကြသလို ခေါင်းဆောင်ကောင်းဟု သတ်မှတ်လိုက်ပြီဆိုလျှင်လည်း အဆိုပါပုဂ္ဂိုလ်လုပ်သမျှ အကောင်းချည်းသာ ထင်မှတ်တတ်ပြီး ခေါင်းဆောင်ကောင်းမဟုတ်ဟု သတ်မှတ်မိပြီဆိုပြန်လျှင်လည်း ၎င်းအနေနှင့် မည်မျှပင်ကောင်းအောင် လုပ်ပြသည်ဖြစ်စေ လုံးလုံးလျားလျား လက်မခံနိုင်သည့် သဘောမျိုး ရှိတတ်ကြပေသည်။

ပို၍ပွင့်ပွင့်လင်းပြောရလျှင် ခေါင်းဆောင်ကောင်းများအကြောင်း ပြောရင်းနှင့်ပင် အချိန်ကုန်လေ့ရှိပြီး မိမိတို့ မည်မျှအတိုင်းအတာအထိ နောက်လိုက်ကောင်းများ ဖြစ်သည်ဟူသောအချက်ကိုသက်သေပြရန် မေ့လျော့နေကြသည်က များပေသည်။ ဆိုလိုသည်မှာ နောက်လိုက်ကောင်းများဟူသည် မိမိယုံကြည်အားထားသည့် ခေါင်းဆောင်နှင့် အဖွဲ့အစည်းများ အောင်မြင်ရေးကိုသာ အမှန်တကယ် ရှေးရှုသူများဖြစ်ကြောင်းနှင့် ၎င်းတို့ချမှတ်ထားသော စည်းမျဉ်းဥပဒေများကို အစဉ်အမြဲ လေးစားတတ်သူများဖြစ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၉-၁၂-၂၀၁၉)

(မှတ်ချက် ။    ။ မတ်လ ၁၄ ရက်နေ့ထုတ် The Voice Daily တွင်ဖော်ပြခဲ့သော အယ်ဒီတာ့အာဘော်ကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်)