News

POST TYPE

EDITORIAL

ဒီမိုကရေစီပြိုလဲခြင်း၏ အစတစ်စ (Daily, Vol-7/No-205)
06-Dec-2019
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပုဂ္ဂလိကသတင်းစာတစ်စောင်ဖြစ်သော ဒီမိုကရေစီတူဒေး ပုံနှိပ်ထုတ်ဝေမှု ရပ်နားသွားကြောင်းသိရပါသည်။ စောင်ရေ အမြောက်အမြား ရိုက်နှိပ်ခဲ့ရပြီး သက်တမ်းအားဖြင့် ငါးနှစ်ကျော်ရပ်တည်နိုင်ခဲ့သော ပုံနှိပ်သတင်းစာတစ်စောင် ရပ်နားသွားရသည့်အတွက် စိတ်မကောင်းဖြစ်ရပါသည်။ အရှုံးပေါ်နေသော သတင်းစာတစ်စောင်ကို ဆက်၍တောင့်ခံရန်မှာ လုံးဝမလွယ်ကူ သောကိစ္စတစ်ခုပင်။ 

ယခုဆိုလျှင် အစိုးရကောင်းကြောင်းသာ ခေတ်အဆက်ဆက် အစဉ်အလာတစ်ခု သဖွယ်ဖော်ပြခဲ့သည့် နိုင်ငံပိုင်သတင်းစာများကိုထည့်မတွက်ဘဲထားမည်ဆိုပါက ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာ စုစုပေါင်းငါးစောင်လောက်သာ ကျန်ပါတော့သည်။ လူဦးရေသန်း ၆၀ ခန့်ရှိသည့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအတွက်တော့ လွန်စွာနည်းပါးသည်ဟုပင်ဆိုရပါမည်။ ယင်းသတင်းစာ ငါးစောင်ပေါင်း၏ စုစုပေါင်းစောင်ရေကို လူဦးရေနှင့် အချိုးချကြည့်လျှင် စိတ်ပျက်စရာကောင်းလှသည့် ကိန်းဂဏန်းများကိုသာ မြင်တွေ့ရမည်ဖြစ်ပေသည်။ 

ဒီမိုကရေစီစနစ်တစ်ခု၏ အဓိကအနှစ်သာရများထဲတွင် တာဝန်ယူမှုရှိသော သတင်းစာနှင့် သတင်းမီဒီယာများ၊ တစ်နည်းအားဖြင့် လွတ်လပ်ပြီး အမှီအခိုကင်းသော သတင်းစာများသည် အရေးကြီးသောအခန်းကဏ္ဍမှပါဝင်သည်ကို အထွေအထူး ရှင်းပြနေစရာမလိုဟုထင်ပါသည်။ သို့အတွက်ကြောင့် ယင်းသတင်းစာများ ပြိုလဲခြင်းသည် ဒီမိုကရေစီယိုင်လဲခြင်းမည်သည်ဟုဆိုရပါမည်။ 

စိတ်မကောင်းဖြစ်စရာကောင်းလှသည့်အချက်မှာ တိကျမှန်ကန်မှုမရှိသည့် သတင်းများဖြန့်၍တစ်မျိုး၊ ရုန့်ရင်းကြမ်းတမ်းသည့် စကားလုံးများ၊ ဓာတ်ပုံများသုံး၍ တစ်ဖုံ နိုင်ငံခေါင်းဆောင်များကိုဝေဖန်တိုက်ခိုက်ရုံသာမက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်အောင် ကြိုးပမ်းနေသူ လူမသမာများ လူမှုကွန်ရက်အသီးသီးတွင် စိတ်ကြိုက်ခြယ်လှယ်ခွင့်ရနေချိန်၌ တာဝန်ယူမှုရှိသော Main Stream သတင်းမီဒီယာများမှ သတင်းစာကြီးများပြိုလဲခြင်း၊ သတင်းစာအယ်ဒီတာများနှင့် သတင်းထောက်များ ပစ်မှတ်ထားဖမ်းဆီးခံရခြင်းတို့နှင့် ဒီမိုကရေစီခေတ်တွင် ကြုံတွေ့နေရခြင်းဖြစ်ပါသည်။ 

ဒီမိုကရေစီကျင့်သုံးသည့် နိုင်ငံတိုင်းတွင် သတင်းမီဒီယာနှင့် အစိုးရအာဏာပိုင်အဖွဲ့အစည်းတို့ဟူသည် အမြဲပင်တစေ ပွတ်တိုက်လေ့ရှိကြပေသည်။ “ငါတို့ကို ဝေဖန်တဲ့ သတင်းစာတွေ ရပ်သွားတာအေးပါတယ်” ဟူသော အတွေးမျိုး အစိုးရ တိုင်းတွင် မရှိရန်သာ အထူးအရေးကြီးသည်။ အကြောင်းမှာ သတင်းစာများနှင့် အစိုးရအကြား “လျှာနှင့်သွား” ပမာဆက်ဆံရေးမျိုး ဖြစ်လေ့ရှိခြင်းသည် ကျန်းမာသော ဒီမိုကရေစီစနစ်၏ ပြယုဂ်တစ်ခုဖြစ်ပြီး လွတ်လပ်သောသတင်းစာများ ဗုန်းဗုန်းလဲခြင်းသည် ဒီမိုကရေစီပြိုလဲခြင်း၏ အဓိကအကြောင်းအရင်းများ၌ ထိပ်ဆုံးက ပါဝင်နေခြင်းကြောင့်ပင်။ 

ပုံနှိပ်မီဒီယာနှင့် စာပေများထုတ်ဝေရေးလောကတွင် စာအုပ်တစ်အုပ်ထုတ်လျှင် သြဇာအရအောင်မြင်သလို ငွေကြေးအရလည်းအောင်မြင်ပါမှ ပြီးပြည့်စုံသော အောင်မြင်မှုမည်သည်ဟူသော ဆိုရိုးတစ်ရပ်ရှိပါသည်။ မျက်မှောက်ခေတ် ပုဂ္ဂလိကပုံနှိပ်သတင်းစာလောကအတွက်မူ အောင်မြင်သော မော်ဒယ်လ်တစ်ခုကို သတင်းစာများကိုယ်တိုင်ကိုယ်ကျ ရှာဖွေကြရမည်ဖြစ်သလို ဒီမိုကရေစီလည်း အဓွန့်ရှည်စေလိုပြီး ပံ့ပိုးပေးနိုင်စွမ်းလည်းရှိသူများက ဝိုင်းဝန်းကာ ဦးနှောက်မုန်တိုင်းဆင် ပေးသင့်ကြောင်း အကြံပြုလိုရင်းဖြစ်ပါသည်။ 

အယ်ဒီတာ ( ၅ - ၁၂ - ၂၀၁၉ )