News

POST TYPE

EDITORIAL

အသက် ၁၀၀ ပြည့်မည့် ရန်ကုန်တက္ကသိုလ် (Daily, Vol-7/No-204)
05-Dec-2019
၁၉၂၀ ပြည့်နှစ် ယခုလိုအချိန်ကာလစတင်ထူထောင်ခဲ့သော ရန်ကုန်တက္ကသိုလ်သည် ယခုအခါ နှစ်တစ်ရာ(ရာပြည့်)အထိမ်းအမှတ်ကာလထဲသို့ ဝင်ရောက်လာပြီ ဖြစ်ပါသည်။ မြန်မာ့သမိုင်းကြောင်းတွင် ထင်ရှားကျော်ကြားသော ပညာရှင်ကြီးများနှင့် နိုင်ငံရေးသမားကြီးအမြောက်အမြားသာမက လူ့အဖွဲ့အစည်းကို ပညာဖြင့် လုပ်ကျွေးပြုစုခဲ့သော ပညာတတ်များစွာကို မွေးထုတ်ပေးခဲ့သည့် တက္ကသိုလ်ကြီးတစ်ခု၏ ရာပြည့်အထိမ်းအမှတ်သည် မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့အတွက်လည်း အရေးပါသည့်အကြောင်းအရာတစ်ခုဟု ဆိုလျှင်လည်းမှားမည်မဟုတ်ပေ။ 

တည်ထောင်ခါစကာလတွင် (အင်္ဂလိပ်ခေတ်တုန်းက) အီလစ်အလွှာအများစု သာ တက်ရောက်သည့်တက္ကသိုလ်ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် ဗြိတိသျှ ကိုလိုနီတို့ကို ဆန့်ကျင်သည့် သမိုင်းဝင်လှုပ်ရှားမှုကြီး၏ ဗဟိုချက်ဖြစ်လာသည်။ ထို့နောက်ပိုင်းတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဗဟိုချက်ဖြစ်လာသည်။ ဆဲဗင်းဇူလိုင်၊ ဦးသန့်အရေးအခင်း၊ ထို့နောက် ၈၈ အရေးတော်ပုံ စသည်ဖြင့်။ 

နိုင်ငံရေးအမြင်ဖြင့်ကြည့်လျှင် မတရားမှုများနှင့် ဖိနှိပ်မှုများကို တွန်းလှန် ခဲ့သည့် ပင်မဗဟိုချက်အဖြစ်တွေ့ မြင်ရမည်ဖြစ်ပြီး ပညာရေးရှုထောင့်မှကြည့်လျှင် သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းတို့လို ထိတ်ထိတ်ကြဲပုဂ္ဂိုလ်ကြီးများထွက်လာ အောင် ဦးနှောက်မုန်တိုင်းဆင်ပေးနိုင်သည့် နေရာတစ်ခုအဖြစ်မြင်မိသည်။ 

ရန်ကုန်တက္ကသိုလ် ရာပြည့်အချိန်အခါတွင် ကာလများကို ပိုင်းခြားကြည့်မည် ဆိုလျှင် ပထမနှစ် ၅၀ ကျော်ကာလသည် ရွှေခေတ်ဟုဆို၍ရမည်ဖြစ်သည်။ Academic Freedom လည်း အပြည့်အဝနီးပါးရရှိခဲ့ပြီး ခေတ်စနစ်ကလည်း တက္ကသိုလ်ကျောင်းသားများကို ပိုးမွေးသလိုမွေးမှ တိုင်းပြည်နှင့်လူ့အဖွဲ့အစည်းအနေနှင့် နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်မည်ဟု ယုံကြည်သည့်ကာလဖြစ်ခဲ့သောကြောင့်ပင်။ 

ယင်းနှစ် ၅၀ နောက်ပိုင်း ဆယ်စုနှစ်များမှာ မြန်မာတစ်ပြည်လုံး အရိပ်မည်းကြီး အောက်ရောက်ခဲ့သလို ရန်ကုန်တက္ကသိုလ်ကြီးလည်း တဖြည်းဖြည်းချင်းမှောင်မိုက် ခဲ့ရသည့်ကာလများဖြစ်သည်။ (ဆရာကြီး) ကြေးမုံဦးသောင်းရေးသားသည့် “ဘီလူးတို့ရွာ” စာအုပ်ထဲက စကားဖြင့်ပြောရလျှင် ရန်ကုန်တက္ကသိုလ်ကြီးတစ်ခုလုံး မျက်ထောင့်နီကြီးဖြင့် အကြည့်ခံရသည့်ကာလဖြစ်ခဲ့ပေသည်။ 

တကယ်တမ်းပြောရလျှင် ပထမနှစ် ၅၀ ကျော်ကာလနောက်ပိုင်း ဆယ်စုနှစ်များစွာသည် ရန်ကုန်တက္ကသိုလ်ကြီးတစ်ခုတည်းသာမက တက္ကသိုလ်ကျောင်းသားများနှင့် တက္ကသိုလ်ပညာရပ်ဝန်းတစ်ခုလုံး မျက်ထောင့်နီဖြင့် အချိန်ပြည့်စောင့်ကြည့် ခံခဲ့ရသည့်ကာလများပင်။ အကျိုးဆက်မှာ နောက်မျိုးဆက်များအနေနှင့် ပထမနှစ် ၅၀ ၏ ရွှေထီးဆောင်းသောကာလများကို စာအုပ်များမှတစ်ဆင့် ပြန်လည်အလွမ်းသယ်ရုံ မျှသာရှိခဲ့သည်။ မြန်မာ့ပညာရေး ကမ္ဘာ့အဆင့်မဆိုထားနှင့် ဒေသတွင်းနိုင်ငံများနှင့် ပင်ယှဉ်ရန် မစွမ်းနိုင်ဘဲဖြစ်ခဲ့ရပေသည်။ 

မည်သို့ပင်ဆိုစေ ယခုအခါ နိုင်ငံဖွံ့ ဖြိုးတိုးတက်ရေးနှင့် လူသားအရင်းအမြစ် ကောင်းများပေါ်ထွန်းရေးအတွက် တိုင်းပြည်ပညာရေးကို နံပါတ် ၁ နေရာတွင်ထားကာ အလေးထားမှဖြစ်မည်ဆိုသည့် စိတ်ဆန္ဒသည် နိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံရေးသမားများတွင်သာမက ပြည်သူများတွင်ပါ နက်နက်ရှိုင်းရှိုင်းရှိလာပြီဖြစ်ရာ ရန်ကုန်တက္ကသိုလ်အပါအဝင် မြန်မာပြည်တစ်လွှားရှိ တက္ကသိုလ်များကို နိုင်ငံတကာ အဆင့်မီရုံသာမက နိုင်ငံပြုအင်စတီကျူးရှင်းကြီးများအဖြစ် ပြောင်းလဲနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းရပါမည့်အကြောင်း တိုက်တွန်းလိုက်ရပါသည်။ 

အယ်ဒီတာ ( ၄ - ၁၂ - ၂၀၁၉ )