News

POST TYPE

EDITORIAL

အဆိုးကျော့သံသရာကို ဖောက်ခွဲပစ်မည့်သူများ (Daily, Vol-7/No-203)
04-Dec-2019
ပြီးခဲ့သည့် လပိုင်းအတွင်း မြန်မာ့ရုပ်ရှင်ကြည့်ပရိသတ်များအကြား အထူးအောင်မြင်ပေါက်မြောက်ခဲ့သော ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့သော လူငယ်ဒါရိုက်တာက အဆိုပါဇာတ်ကားမှ ရရှိသော ဝင်ငွေမည်ရွေ့မည်မျှဖြစ်သည်ကို လူသိရှင်ကြားထုတ်ဖော်အသိပေးပြီး အခွန်ဆောင်မည့်ကိစ္စကိုပါ ပြောဆိုသွားသည့် ဗီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ်တွင် ရုပ်ရှင်စိတ်ဝင်စားသူအတော်များများ Share ကြသည်ကိုတွေ့ရပေသည်။ 

ရုပ်ရှင်ဝင်ငွေနှင့်ပတ်သက်၍ ၎င်းတို့ကို ထောက်ခံအားပေးသည့် ပရိသတ်တွေ တိတိကျကျအသိပေးလိုက်ခြင်းဖြစ်ရာ အခွန်ကိစ္စ ဝင်ငွေကိစ္စနှင့်ပတ်သက်၍ ရုပ်ရှင်လောကသားများအကြား ဝေဖန်ပြောဆိုမှုများကိုလည်း ကြားလာရဖွယ် ရှိပေသည်။ 

ကမ္ဘာ့ရုပ်ရှင်လောက၊ တစ်နည်းအားဖြင့် ရုပ်ရှင်စီးပွားရေးဈေးကွက်ကြီးတွင်မူ ဇာတ်ကားတစ်ကားထွက်ရှိပြီးနောက် သက်ဆိုင်သူများက ဝင်ငွေနှင့် အရှုံး-အမြတ်ကို လူသိရှင်ကြားထုတ်ဖော်အသိပေးလေ့ရှိသည်မှာ အဆန်းတကြယ်မဟုတ်သော်လည်း မြန်မာ့ရုပ်ရှင်လောကအတွက်မူ ယခုလိုအသိပေးခြင်းမျိုးမှာ ရှားရှားပါးပါးပင်ဖြစ်မည်ဟု ထင်သည်။ 

ကမ္ဘာပေါ်တွင် ရုပ်ရှင်တွေစတင်ပေါ်ထွန်းလာသည့်အချိန်ကစပြီး ရုပ်ရှင်စီးပွားရေးဈေးကွက်မှာ အခိုင်အမာရှိလာခဲ့ပါသည်။ မီးထိုးသမားကအစ ကင်မရာသမားအလယ် သရုပ်ဆောင်များနှင့် ပရိုဂျူဆာတွေအဆုံး စုပေါင်းအားစိုက်ထုတ်ထားသည့် အနုပညာတစ်ရပ်ကို ပရိသတ်ပြည်သူများ ကြည့်ရှုခံစားနိုင်အောင် ချပြရသည့် ဘိဇနက်တစ်ခုဟု ဆိုလျှင်လည်းမှားမည်မဟုတ်ပေ။ 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် အနုပညာသည် ပြည်သူ့အတွက်ဆိုသည့် အယူအဆတစ်ခုကျယ်ကျယ်ပြန့်ပြန့်လွှမ်းမိုးခဲ့ဖူးသည်။ အနုပညာသမားများအနေနှင့် ပြည်သူ့အတွက်ဆိုလျှင် အကျိုးအမြတ်မယူဘဲ (အမြတ်မရှိလည်း) ဖျော်ဖြေနိုင်စွမ်းရှိရမည့် သဘောမျိုးဖြစ်နေခဲ့ခြင်းပင်။ 

တကယ်တော့ ရုပ်ရှင်ဖြစ်စေ၊ ဂီတဖြစ်စေ၊ သဘင်လောကမှဖြစ်စေ အနုပညာသမားများသည် ၎င်းတို့၏ အနုပညာကို ပရိသတ်ကအသိအမှတ်ပြုလက်သင့်ခံကာ ထိုက်တန်သည့် အခကြေးငွေပေးခြင်းအပေါ် အကျိုးအမြတ်ခံစားခွင့်ရှိသူများပင် ဖြစ်ပေသည်။ ရုပ်ရှင်လောကအတွက်မူ အနုပညာရှင်များအနေနှင့် ၎င်းတို့၏ အောင်မြင်မှုအတိုင်းအတာကို Box Office များ၊ တစ်နည်းအားဖြင့် ရုပ်ရှင်ရုံများမှတစ်ဆင့်သိနိုင်ပေသည်။ 

နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံအသီးသီးကို လာရောက်အားပေးသူများက ပေးသည့် ငွေကြေးသည် ထိုက်တန်သောခံစားခွင့်ဖြစ်ပြီး ယင်းခံစားခွင့်မည်ရွေ့မည်မျှ အထိရှိသည်ကို ပရိသတ်သိအောင် ထုတ်ဖော်အသိပေးခြင်းမှာမူ မြန်မာရုပ်ရှင် လောကအတွက် ကြုံတောင့်ကြုံခဲကိစ္စပင်ဖြစ်ပေသည်။ မြန်မာပရိသတ် အခိုင်အမာ ရှိထားသည့် ကိုရီးယားရုပ်ရှင်လောကဆိုလျှင် ၎င်းတို့၏ အနုပညာကို အနောက်ကမ္ဘာသာမက အရှေ့အလယ်ပိုင်းဒေသအထိ တင်ပို့နိုင်ပြီဖြစ်ရာ ဒေါ်လာဘီလီယံနှင့်ချီသော ရုပ်ရှင်ဘိဇနက်ကြီးတစ်ခုကိုဖန်တီးထားနိုင်ပြီဟု ယူဆရပေသည်။ 

မည်သည့်နိုင်ငံတွင်မဆို နိုင်ငံသားမှန်လျှင် သတ်မှတ်ထားသောအခွန် ထမ်းဆောင်ခြင်းမှာ အခြေခံနိုင်ငံသားတာဝန်ကျေပွန်ခြင်းဖြစ်ပြီး နိုင်ငံသားတို့ ထမ်းဆောင်ထားသော ထိုအခွန်ဘဏ္ဍာငွေများကို မည်သည့်နေရာတွင် မည်မျှခွဲဝေ သုံးစွဲသည်ကို ပွင့်လင်းရိုးဖြောင့်စွာ ထုတ်ပြန်ပေးရမည်မှာ အစိုးရများ၏ တာဝန်ဖြစ်သည်။ ယင်းမှာ အုပ်ချုပ်သူအစိုးရများနှင့် တရားဝင်ရေးဆွဲပြဋ္ဌာန်း ထားခြင်းမရှိသော်လည်း အအုပ်ချုပ်ခံ ပြည်သူတို့အကြား လိုက်နာရမည့်ပဋိညာဉ် တစ်ခုလည်းဖြစ်ပေသည်။ 

နှစ်ပေါင်း ၅၀ ကျော်ခန့် အစိုးရနှင့် ပြည်သူလူထုအကြား ယုံကြည်မှုပျောက်ဆုံး လာခဲ့သော မြန်မာနိုင်ငံတွင် အစိုးရ တာဝန်ပျက်ကွက်မှုကြောင့် အခွန်ရှောင် သည်၊ အခွန်ရှောင်သောပြည်သူကြောင့် အစိုးရတာဝန်ပျက်ကွက်ဆိုသော အဆိုးကျော့ သံသရာလည်လာခဲ့သည်မှာမှန်သော်လည်း နှစ်ဖက်စလုံးတွင် နှစ်ဖက်အကျိုး ဖြစ်ထွန်းစေမည့် အပြောင်းအလဲကောင်းများဆောင်ကြဉ်းပေးလိုစိတ်အမှန်တကယ် ရှိပါက ယင်းအဆိုးကျော့သံသရာကို ထိထိရောက်ရောက်ဖောက်ခွဲပစ်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် ရုပ်ရှင်လောကတစ်ခုတည်းတွင်သာမက အခြားလောကများတွင်လည်း ယင်းသို့သော အပြောင်းအလဲကောင်းများအတွက် အဆိုးကျော့ အခြေအနေများ အဆုံးသတ်အောင် လုပ်ဆောင်နိုင်သူများပေါ်ပေါက်လာရန် လိုအပ်ပါကြောင်း ပြောလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ ( ၃ - ၁၂ - ၂၀၁၉ )