News

POST TYPE

EDITORIAL

ခြသမိုင်းများ လက်ဆင့်မကမ်းမိရန် အရေးကြီးသည် (Daily, Vol-7/No-202)
03-Dec-2019
ကွယ်လွန်သွားပြီဖြစ်သော နာမည်ကျော် အဆိုတော် (ကို) စိုးလွင်လွင်၏ သီချင်းများကို မြန်မာအိုင်ဒေါလ်အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်ရသူများ ပြန်လည်သီဆိုခဲ့ကြရာ ဂီတချစ်မြတ်နိုးကြသော မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းများအကြား စိုးလွင်လွင်သီချင်းများ ပြန်လည်ရေပန်းစားသလိုဖြစ်သွားခဲ့သည်ကို သတိပြုမိပါသည်။ 

တကယ်တော့ ယခုလို စိုးလွင်လွင်သီချင်းကို နောင်မျိုးဆက်အဆိုတော်တွေ ပြန်လည်သီဆိုကြခြင်းသည် ပထမဆုံးအကြိမ်တော့မဟုတ်ပေ။ လွန်ခဲ့သည့် ၁၅ နှစ်ဝန်းကျင်ကလည်း နာမည်ကျော်အဆိုတော်တစ်ဦးက သူ၏ နာမည်ကျော် “ဂန္ဓဝင်ဆည်းဆာ” သီချင်းကို ပြန်လည်သီဆိုခဲ့ဖူးပေသည်။ 

ထိုသို့ တစ်ချိန်က နာမည်ကျော်ကြားခဲ့ဖူးသော အဆိုတော်ကြီးများ၏ သီချင်းများကို ပြန်လည်သီဆိုတိုင်း ယင်းအဆိုတော်များ၏ အမာခံယခင်မျိုးဆက် ပရိသတ်များက မူလအဆိုတော်၏ သီချင်းနားထောင်ရသလောက် စိတ်တိုင်းမကျဖြစ်လေ့ရှိကြ၊ အချို့ဆိုလျှင် မကျေမနပ်ဖြစ်ကြသည်ထိဖြစ်သွားကြသည်ကိုလည်း သတိပြုမိပေသည်။ 

သို့သော် အချိန်အတန်ကြာ တိမ်မြုပ်နေသလိုဖြစ်နေသော သီချင်းကောင်းများ တေးချစ်သူပရိသတ်များအကြား တစ်ကျော့ပြန် နာမည်ကျော်ကြားလူသိများ လာရခြင်းမှာ ဝမ်းသာစရာကိစ္စပင်ဖြစ်သည်။ ပြန်ဆိုသူ၊ တစ်နည်းအားဖြင့် ပြန်လည် ဖော်ထုတ်သူများမရှိခဲ့လျှင် ယခင်မျိုးဆက်ဟောင်းများ၏ အရည်အချင်းတို့၊ သမ္ဘာတို့၊ ဖန်တီးမှုလက်ရာတို့ကို နောင်မျိုးဆက်များအနေနှင့် သိနိုင်မည်မဟုတ်တော့ပေ။ 

မူလအရသာ သို့မဟုတ် မူလတန်ဖိုးမလျော့ကျရေးသည် ပြန်လည်ဖော်ထုတ်သူများ၏ အရည်အချင်းအပေါ်မူတည်သည်မှာမှန်သော်လည်း မတူညီသော ခေတ်ကာလ၊ မတူညီသောမျိုးဆက်စသည့် ကွာဟချက်တို့ကြောင့် ရာနှုန်းပြည့် မူလအတိုင်းမဖြစ်နိုင်သောအချက်ကို ခေတ်ကာလနှစ်ရပ်လုံးကို ဖြတ်သန်းဖူးသူများက သဘောပေါက်ကြရပေမည်။ 

နိုင်ငံတိုင်း၊ လူ့အဖွဲ့အစည်းတိုင်းတွင် ယခင်ခေတ်ကာလ ယခင်မျိုးဆက်တို့ ဖော်ထုတ်ခဲ့သော ယဉ်ကျေးမှုများ၊ အယူဝါဒများနှင့် ဓလေ့များမှသည် မူဝါဒများ အထိ နောင်မျိုးဆက်များက လက်ဆင့်ကမ်းရယူသည့် လုပ်ငန်းစဉ် နိုင်ငံသမိုင်းအစဉ်အလာပိုမိုကြီးမားလာစေရေးနှင့် ယဉ်ကျေးမှုမြင့်မားရေးအတွက် လွန်စွာအရေးကြီးသောကိစ္စရပ်ဖြစ်ပါသည်။ 

အကြောင်းမှာ ရှေးလူတို့က အကောင်းဆုံးဖြစ်အောင်မည်သို့ပင် ကြိုးပမ်းခဲ့ စေကာမူ နောက်လူများက ဆင်ခြင်တုံတရား၊ အမြော်အမြင်နှင့် အရည်အချင်း ကင်းမဲ့လျှင်လည်း လက်ဆင့်ကမ်းမှုဖြစ်စဉ် အောင်မြင်မည်မဟုတ်သလို နောက်လူများ လက်ဆင့်ကမ်းယူနိုင်ခွင့်မရှိအောင် ရှေးလူများက အခွင့်အရေးမပေးပြန်လျှင်လည်း အောင်မြင်မည်မဟုတ်ပေ။ 

အရေးကြီးသည်မှာ ရှေးလူ (ရှေ့မျိုးဆက်) များအနေနှင့် လူ့အဖွဲ့အစည်း အတွက် အသုံးမတည့်တော့သည့် ခြသမိုင်းများ၊ ခြစားသည့်အယူအဆများနှင့် အမုန်းတရားများကို နောက်လူများအား လက်ဆင့်မကမ်းမိရန် အရေးကြီးသလို နောက်လူ၊ နောင်မျိုးဆက်များကလည်း အနာဂတ်လူ့အဖွဲ့အစည်းသစ်အတွက် အမှန်တကယ် အသုံးတည့်မည့် အရာများကိုသာ ရွေးချယ်လက်ဆင့်ကမ်း (ပခုံးထမ်း) ရယူနိုင်ရန် အရေးကြီးကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၂  - ၁၂ - ၂၀၁၉)