News

POST TYPE

EDITORIAL

ဖုန်းစခရင်ပေါ်က သတိပြုထားရမယ့် အမုန်းစကား (Daily, Vol-7/No-200)
01-Dec-2019
ယမန်နေ့က ပုဂ္ဂလိကသတင်းစာတစ်စောင်မှာ “ကောလာဟလတွေကို အမုန်းသမားတွေက သယ်ဆောင်တယ်၊ အရူးတွေကဖြန့်တယ်၊ ပြီးရင် ငတုံးတွေက လက်ခံတယ်ဆိုတာကို အမြဲသတိရပါ” ဆိုတဲ့စာသားလေးကို ဖတ်လိုက်ရပါတယ်။ လက်ဘနွန်ဖွား အမေရိကန်စာရေးဆရာ ဇိယက်အက်ဘဒယ်လ်နောရဲ့ အထင်ကရ စကားတစ်ခွန်းပါ။ မူရင်းလိုကတော့ “Rumors are carried by haters, spread by fools, and accepted by idiots” ပါ။ ယနေ့လို လူမှုကွန်ရက်တွေ၊ ဆိုရှယ်မီဒီယာတွေ ပေါ်ကနေ ကောလာဟလအမျိုးမျိုးဖြန့်လို့ကောင်းတဲ့ခေတ်နဲ့ အင်မတန်ကိုက်ညီတဲ့ မှတ်ချက်စကားလို့ပြောလို့ရပါတယ်။ 

ကောလာဟလအကြောင်းကို စာရေးဆရာတွေ၊ သတင်းစာဆရာတွေက မီဒီယာအသီးသီးကနေ ဆောင်းပါးအဖြစ်တစ်မျိုး၊ ဆွေးနွေးခန်းအဖြစ်တစ်ဖုံအမျိုးမျိုး ဆွေးနွေးပြောဆိုခဲ့ကြပြီမို့ အထွေအထူးတော့ ရှင်းပြနေစရာမလိုပါဘူး။ 

မမှန်တဲ့သတင်း၊ သတင်းတု၊ စိတ်မှန်းနဲ့ပြောတဲ့ အကြောင်းအရာ၊ ဘယ်သူ ပြောမှန်းမသိနိုင်တဲ့အကြောင်းအရာ စတာတွေဟာ ကောလာဟလနဲ့ ပတ်သက်တာ ချည်းပါပဲ။ ယခင်သတင်းအမှောင်ခေတ်တုန်းကတော့ သတင်းဟာ တစ်ဆင့်စကား တစ်ဆင့်ကြားပုံစံနဲ့ ကောလာဟလအသွင်နဲ့သာ ပြည်သူတွေကြားမှာ ပျံ့နှံ့ခဲ့ရတာကများပါတယ်။ 

တိုက်ဆိုင်၍ပြောရမယ်ဆိုလျှင်- စစ်အစိုးရလက်ထက်က မြန်မာနှင့် ကမ္ဘာသိသော နာမည်ကျော်ဗိုလ်ချုပ်ကြီးတစ်ဦး ပရိုမီနာအမှတ်တံဆိပ် မိတ်ကပ်လိမ်းလေ့ ရှိတယ်ဆိုတဲ့အကြောင်း မြန်မာပြည်သူတွေအပြောများခဲ့ဖူးပါတယ်။ သရုပ်ဆောင် မင်းသားတစ်ဦးလို အသားအရေချောမွတ်နေခဲ့တဲ့ အဆိုပါစစ်ဘက်အရာရှိကြီး တကယ်ပဲ ထိုမိတ်ကပ်လိမ်းသလား၊ မလိမ်းဘူးလားဆိုတာ ဘယ်သူမှအတည်မပြု နိုင်ခဲ့ပါဘူး။ ယနေ့ခေတ်ဆိုလျှင်တော့ သူ့အနေနဲ့ အဆိုပါကိစ္စ တကယ် ဟုတ်၊ မဟုတ်ကို ဖေ့စ်ဘွတ်ခ် ဒါမှမဟုတ် တွစ်တာက ကိုယ်ပိုင်အကောင့်ကနေ ဟုတ် မဟုတ် ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ 

အဲတော့ သည်ဘက်ခေတ်မှာ ကောလာဟလတွေ သတင်းတုတွေ၊ သတင်းမှားတွေ ယခင်ကထက် ပိုမိုပျံ့နှံ့လာနိုင်တယ်ဆိုတာ မှန်ပေမယ့်လည်း အဲဒါတွေကို နာရီပိုင်း၊ အချိန်ပိုင်းအတွင်း တုံ့ပြန်လို့ရ၊ ဖြေရှင်းလို့ရပါတယ်။ ဒါပေမဲ့လည်း သတင်းအချက်အလက်အပါအဝင် ကောလာဟလတွေ ပျံ့နှံ့စီးဆင်းမှုတွေက မြန်လွန်းတဲ့အတွက်ကြောင့် ဂယက်ရိုက်ခတ်မှုလည်း ကြီးမားတာကိုတွေ့ရပါတယ်။ 

ဘယ်သူဘယ်ဝါက စတင်လိုက်တဲ့ဟာမှန်းမသိသော်လည်း အင်တာနက်ပေါ် လူမှုကွန်ရက်ပေါ်က အကြောင်းအရာတွေအများစုဟာ တာဝန်ယူမှုနည်းပါးတဲ့အတွက် ချင့်ချိန်ပြီးမှ ဆန်းစစ်ပြီးမှ ပြန်လည်ဖြန့်ဝေတာတို့ ဘာတို့လုပ်သင့်ပါတယ်။ 

နောက်တစ်ခုက Media Literacy ဆိုတဲ့ မီဒီယာအကြောင်းသိပ်မသိတာ၊ မီဒီယာအကြောကို သိပ်မနပ်တာတွေကြောင့်လည်း သတင်းတုတွေ ကောလာဟလ တွေကိုယုံကြည်သွားတတ်ကြပါတယ်။ သတင်းထူးတစ်ခုကိုတွေ့လိုက်တာနဲ့ အနိမ့်ဆုံး အဲဒီသတင်းဟာ တာဝန်ယူမှုနဲ့ရပ်တည်နေတဲ့ သတင်းမီဒီယာတစ်ခုခုက ရေးသား တင်ဆက်တာ ဟုတ်၊ မဟုတ်ကို ဆန်းစစ်ကြည့်တတ်တာမျိုးကို ပြောလိုတာပါ။ 

ယခုဆိုရင် တဖြည်းဖြည်းနဲ့ နိုင်ငံရေးအချိုးအကွေ့တွေကို ဖန်တီးနိုင်တဲ့ ၂၀၂၀ ရွေးကောက်ပွဲနဲ့ နီးကပ်လာတာနဲ့အမျှ သတင်းအမှားတွေ ကောလာဟလတွေ၊ အမုန်းစကားတွေ လူမှုကွန်ရက်တွေပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ထွက်လာနိုင်တာကို အထူးသတိထားကြရပါတော့မယ်။ 

အထူးသဖြင့် ပြည်သူတွေစိတ်အလှုပ်ရှားဆုံး အခြေအနေတွေမှာ ကောလာဟလတွေဟာ အန္တရာယ်အပေးနိုင်ဆုံးဖြစ်တဲ့အတွက်ကြောင့် အဲဒီလိုကာလတွေထဲ ရောက်လာပြီဆိုရင် ပိုပြီးသတိထားနိုင်ပါမှ ပဋိပက္ခတွေ၊ ပြဿနာတွေနဲ့ ထိခိုက်နစ်နာမှုတွေ နည်းပါးမယ်ဆိုတာကို ပြောလိုတာပါ။ 

အယ်ဒီတာ ( ၃၀ - ၁၁ - ၂၀၁၉ )