News

POST TYPE

EDITORIAL

ပြည်သူ့လုံခြုံရေးနှင့် ပြည်သူ့ရဲ (Daily, Vol-7/No-199)
29-Nov-2019
လူငယ်လူရွယ်များ၊ ကလေးငယ်များ လူကုန်ကူးခံရခြင်း၊ တို့ဆေးဖြင့်အတို့ခံရခြင်း၊ လိမ်ညာဖမ်းဆီးခံရခြင်းအစရှိသည့်သတင်းများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် လတ်တလော ပြည်သူများအကြား လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်မကင်း ဖြစ်လျက်ရှိပေသည်။ 

အခြေခံပညာစာသင်ကျောင်းများတွင်လည်း စာသင်ချိန်မစတင်မီ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ကျောင်းသား၊ ကျောင်းသူများကို အဆိုပါတို့ဆေးကိစ္စ၊ လူကုန်ကူးခံရသည့်ကိစ္စတို့ကြောင့် ဆောင်ရန်၊ ရှောင်ရန်များကို ညွှန်ကြားဆုံးမလျက်ရှိသည်ကိုလည်း တွေ့မြင်ရပါသည်။ 

လူမှုကွန်ရက်များတွင်လည်း တို့ဆေးအတို့မခံရစေရန်နှင့် လူကုန်ကူး မခံရစေရန် ကြိုတင်ကာကွယ်နိုင်မည့်နည်းလမ်းများကို Share ကြသည်ကိုလည်း တွေ့ရပါသည်။ 

အရှင်းဆုံးပြောရလျှင် တရားဥပဒေစိုးမိုးရေးဆိုသည့် “ဒီဘူတာ” သို့သာ ပြန်ဆိုက်ရပြန်သည်။ ဒီမိုကရေစီအစိုးရတက်လာသည့်အချိန်မှစ၍ အုပ်ချုပ်ရေးယန္တရားနှင့်ပတ်သက်ပြီး ပြည်သူများအကြား ဝေဖန်ပြောဆိုစရာကိစ္စအမျိုးမျိုး ပေါ်ထွက်လာသည့်အနက် အများစုလက်ခံသဘောတူကြသည့်ကိစ္စမှာ ပြည်သူများ၏ လုံခြုံရေးနှင့် နိုင်ငံတွင်း တရားဥပဒေစိုးမိုးရေးပင်ဖြစ်ခဲ့ပေသည်။ 

ယင်းကိစ္စကိုပြောတိုင်း အစိုးရအဖွဲ့၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် မရှိသည့် ပြည်သူ့ရဲ(မြန်မာနိုင်ငံရဲတပ်ဖွဲ့)၏ အခန်းကဏ္ဍက ထိပ်ဆုံးကပါဝင်လျက် ရှိသည်မှာ မည်သို့မျှငြင်း၍ရမည်မဟုတ်ပေ။ 

ယမန်နေ့က ပြည်သူ့လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ စွမ်းရည်နှင့် အင်အားတိုးချဲ့မှုအတွက် မေးခွန်းတစ်ခုမေးမြန်းခဲ့ရာ ပြည်ထဲရေးဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားသည့် အဖြေကိုကြားသိရသည်မှာ ပို၍ပင်စိတ်မချမ်းသာစရာဖြစ်သွားခဲ့ရပေသည်။ ၎င်းအဆိုအရ ရဲတစ်ဦးလျှင် ပြည်သူ ၁၀၇၈ ဦးကို ကာကွယ်ပေးနေရသည့် အခြေအနေမျိုးနှင့် ပြည်သူများရင်ဆိုင် နေကြရခြင်းဖြစ်သည်။ 

ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ကြောက်ခမန်းလိလိ လူသတ်မှုကြီးများနှင့် မူးယစ်ဆေးဝါးဖမ်းဆီးရမှုကြီးများတွင် ယနေ့အချိန်ထိတိုင် တရားခံမပေါ်နိုင်ဘဲဖြစ်နေခြင်းနှင့်ပတ်သက်၍ လူမှုကွန်ရက်များပေါ်တွင် ပြည်သူအများစုက ဟာသနှောကာ ဝေဖန်သုံးသပ်ကြပြီး ကာတွန်းဆရာများကလည်း သရုပ်ဖော်ကာတွန်းအမျိုးမျိုးဖြင့် သရော်ခဲ့ကြသည်မှာ အမှုမဲ့အမှတ်မဲ့သဘောဖြင့် ဆိုပါက အသေးအဖွဲကိစ္စသဖွယ်ဖြစ်နေသော်ငြား အမှန်စင်စစ် ပြည်သူအများစု၏ စိတ်နှလုံးအိမ်ထဲတွင် လုံခြုံမှုကင်းမဲ့သည်ဟု ခံစားနေရခြင်းဖြစ်သည်။ ပို၍ ပွင့်ပွင့်လင်းလင်းပြောရလျှင် လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ကို အားကိုး၍မရနိုင်သောအချက်ကို ပြည်သူအားလုံး အလိုလိုသိနှင့်ပြီးဖြစ်သည်။ 

အမှန်တွင် သက်ငယ်မုဒိမ်းမှု၊ လူကုန်ကူးမှု၊ လုယက်မှု၊ အနုကြမ်းစီးမှု၊ မူးယစ် ဆေးဝါးသုံးစွဲမှုနှင့်ဆက်နွှယ်သော လူသတ်မှု စသည့်အမှုအခင်းများက ကမ္ဘာ့နျူကလီးယား ပြဿနာကြီးများထက် မြန်မာပြည်သူများကို ခြောက်လှန့်လျက်ရှိပေသည်။ 

မြန်မာလူ့အဖွဲ့အစည်း၏ လုံခြုံမှုကို အဓိကတာဝန်ယူထားသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အားနည်းချက်များနှင့် အားနည်းချက်များဖြစ်စေခဲ့သည့် အကြောင်းအရင်းကိုပြောလျှင် ပြောကုန်မည်မဟုတ်သော်လည်း လက်ရှိအနေအထားတွင် ပြည်သူ့ရဲတပ်ဖွဲ့၏ လိုအပ်ချက်နှင့် အားနည်းချက်များကို အကောင်းဆုံးဖြစ်အောင် မည်သို့ပြုပြင်မည်၊ ဖြည့်ဆည်းမည်ဆိုသည်ကို အမြန်ဆုံးအဖြေရှာသင့်ပြီဖြစ်ပါသည်။ 

နိုင်ငံရေးစနစ်များ၊ အစိုးရများမည်သို့ပင်ပြောင်းလဲသွားသည်ဖြစ်စေ ပြည်သူ့ရဲဟူသည် ပြည်သူနှင့်အတူအမြဲရှိနေမည့်၊ ပြည်သူတွေအားထားရမည့် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပေရာ ပြည်သူတွေ၏လုံခြုံရေးနှင့် ပြည်သူ့အကျိုးကိုကြည့်တတ်သည့် ခေတ်မီရဲတပ်ဖွဲ့ ဖြစ်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးပေးရမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့အင်အားကောင်းအောင် အဓိကလုပ်ပေးနိုင်သူများအား မေတ္တာရပ်ခံလိုက်ရပေသည်။ 

အယ်ဒီတာ (၂၈ - ၁၁ - ၂၀၁၉ )