News

POST TYPE

EDITORIAL

ဒီမိုကရေစီ သဒ္ဓါတရား (Daily, Vol-7/No-198)
28-Nov-2019
စုံစမ်းဖော်ထုတ်ရေးသားသည့် သတင်းများကြောင့် စာဖတ်ပရိသတ် အခိုင်အမာ ရရှိလာကာ မြန်မာ့ ပုဂ္ဂလိကသတင်းမီဒီယာလောကတွင် ထိပ်တန်းမီဒီယာတစ်ခု အဖြစ်သတ်မှတ်ခံလာရသည့် Myanmar Now က စာဖတ်သူများထံမှ အလှူခံသည့်ကိစ္စထွက်ပေါ်လာပြီးနောက် “သတင်းမီဒီယာတွေ အလှူခံခွင့်ရှိလား” ဆိုသည့် မေးခွန်းမှာ မြန်မာသတင်းစာဆရာလောကတွင် ဂယက်ရိုက်ခတ်သွားပေသည်။ 

“စာဖတ်သူပြည်သူတွေက ယုံယုံကြည်ကြည်ဖြင့်ပေးလှူသည့်ငွေကြေးဖြင့် ပြည်သူတွေ၏အကျိုးစီးပွားအတွက် သတင်းမီဒီယာအလုပ်ကိုလုပ်မည်ဆိုပါက အလှူခံခွင့်ရှိပါသည်” ဟု ဦးစွာဖြေကြားလိုပေသည်။ 

အားလုံးသိပြီးသားပင်။ ယနေ့ခေတ်တွင် သတင်းမီဒီယာများ၏ အခန်းကဏ္ဍမှာ အကြီးမားဆုံးသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့လာရရုံမျှမက ရှေ့ဆက်အသက်ဆက်နိုင်ပါတော့မည်လောဟုပင် မေးရမည့်အခြေအနေသို့ဆိုက်ရောက်သွားသည်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ပင်ဖြစ်ပေသည်။

အမေရိကန်အခြေစိုက် New York Times ဆိုလျှင် တစ်လလုံးအတွက် ၅ ဒေါ်လာမျှဖြင့်ဖတ်ရှုခွင့်ကို အွန်လိုင်းတွင်ရောင်းချနေသည်။ အချို့နာမည်ကြီး သတင်းစာများဆိုလျှင် ဖတ်ရှုခွင့်ကို အခမဲ့ပေးလိုက်ပြီး မီဒီယာဝန်ထမ်းများ (ဂျာနယ်လစ်များ) ရပ်တည်ရေးအတွက် အလှူငွေသဘောမျှသာ သဒ္ဓါသလောက် ထည့်ဝင်ပေးရန် မေတ္တာရပ်ခံလာကြရသည်အထိ ဖြစ်ခဲ့ပေသည်။ 

ပြင်သစ်ဟုထင်သည်၊ ယင်းနိုင်ငံဆိုလျှင် အစိုးရက သူ့ကို ယထာဘူတကျကျ အထိရောက်ဆုံးဝေဖန်နိုင်သည့် ပုံနှိပ်သတင်းစာများကို ထောက်ပံ့ကြေးပေးသွားရန် စီစဉ်လျက်ရှိသည်ဟု သိရပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခုဖြစ်သည့် ကနေဒါတွင်လည်း သတင်းမီဒီယာများအလှူခံသည့်ကိစ္စမှာ အနာဂတ်မီဒီယာလောက၏ မော်ဒယ်လ် တစ်ခုဖြစ်နိုင်၊ မဖြစ်နိုင်ဆိုသည်ကို သတင်းစာဆရာများသာမက နိုင်ငံရေးသမားများ အကြားတွင်ပါ အရေးတကြီးဆွေးနွေးစရာကိစ္စရပ်ဖြစ်နေသည်ဟုသိရပေသည်။

ယခု အွန်လိုင်းသတင်းမီဒီယာဖြစ်သည့် Myanmar Now က လွတ်လပ်သည့် မီဒီယာအဖြစ် မြန်မာနိုင်ငံတွင် ရေရှည်ရပ်တည်နိုင်ရေးအတွက် စာဖတ်သူများ၏ အကူအညီလိုအပ်လျက်ရှိပါသည်ဟုဆိုပြီး စာဖတ်သူပြည်သူ၏ ထောက်ပံ့မှုဖြင့် အလှူခံလာသည်။ ခေတ်သစ်မြန်မာ့သတင်းမီဒီယာသမိုင်းတွင် စာဖတ်ပရိသတ်ထံမှ အလှူခံသည့် ပထမဆုံးသော မီဒီယာဖြစ်မည်ထင်သည်။ 

ခရိုနီတစ်ဦး၊ သို့မဟုတ် အင်အားကြီးနိုင်ငံရေးပါတီတစ်ခုခု၊ အဖွဲ့အစည်းတစ်ခုခု၏ ထောက်ပံ့မှုဖြင့်ရပ်တည်ခြင်းထက် စာဖတ်ပရိသတ်ထံမှ အလှူခံခြင်းက လွတ်လပ်ပြီးအမှီအခိုကင်းသည့် မီဒီယာအဖြစ်ရှေ့ဆက်ရန် အသင့်တော်ဆုံးဖြစ်မည် ဟူသောယုံကြည်ချက်ဖြင့် ဤလမ်းစဉ်ကိုရွေးချယ်လိုက်ပုံရပေသည်။ 

ဤလမ်းစဉ်ဖြင့် အမှန်တကယ်ရပ်တည်သွားနိုင်ခြင်း ရှိ၊ မရှိဆိုသည်မှာ အဆိုပါ သတင်းမီဒီယာ၏ ပွင့်လင်းမြင်သာမှု၊ ရိုးစင်းဖြောင့်မတ်မှု၊ စာဖတ်သူပြည်သူ၏အကျိုးစီးပွားကိုရှေးရှုသည့် သတင်းများဖန်တီးနိုင်မှု စသည်တို့အပေါ်တွင်များစွာမူတည်နေပေမည်။ ယင်းမော်ဒယ်ဖြင့် သတင်းမီဒီယာတစ်ခုရပ်တည်သွားနိုင်မည် ဆိုပါက Media Tycoon ဆိုသောနေရာကို စာဖတ်သူစေတနာရှင်ပြည်သူများ ရယူနိုင်မည်ဖြစ်သည်။ 

ဒီမိုကရေစီ၏ အသက်မှာ သတင်းစာ (သတင်းမီဒီယာ) များဖြစ်သည်မှာ ထွေထွေထူးထူးပြောနေရန်မလိုပေ။ ဘက်လိုက်မှုကင်းသည့် သတင်းမီဒီယာများနှင့် သတင်းစာများ၏ ရပ်တည်ရေး၊ ကျင့်ဝတ်စောင့်ထိန်းပြီး အရည်အချင်းရှိသည့် သတင်းစာဆရာများပေါ်ထွက်ရေးသည် ဒီမိုကရေစီတည်ဆောက်လိုပါသည်ဆိုသော အစိုးရတိုင်းနှင့် နိုင်ငံရေးသမားတိုင်း၏ အရေးကိစ္စဖြစ်သည်ကိုလည်း မသိချင်ယောင်ဆောင်မနေသင့်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၂၇ - ၁၁ - ၂၀၁၉)