News

POST TYPE

EDITORIAL

နိုင်ငံတကာဆက်ဆံရေး အရှိန်မြှင့်ထားရန် အရေးကြီး (Daily, Vol-7/No-197)
27-Nov-2019
တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပသော တောင်ကိုရီးယား-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း အပါအဝင် အာဆီယံခေါင်းဆောင်များနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံခွင့်ရရှိခဲ့ရာ မြန်မာနှင့်အရှေ့တောင်အာရှနိုင်ငံများ ဆက်ဆံရေးရော တောင်ကိုရီးယား နှင့်ဆက်ဆံရေးအတွက်ပါ အကျိုးဖြစ်ထွန်းစေမည့် ထိပ်သီးဆွေးနွေးပွဲဟု ဆိုရမည် ဖြစ်ပါသည်။ 

မြန်မာနိုင်ငံ၏ စီးပွားရေးသည် နှစ်စဉ်  ၆ ရာခိုင်နှုန်းနှင့် ၇ ရာခိုင်နှုန်းအကြား တွင် ကြီးထွားတိုးတက်လျက်ရှိပြီး အာဆီယံတွင် စီးပွားရေးလျင်မြန်စွာကြီးထွားလျက် ရှိသည့်နိုင်ငံများအကြားတွင် တစ်နိုင်ငံအပါအဝင်ဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အဆိုပါထိပ်သီးဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်ကို တွေ့ရပါသည်။ 

သို့သော်လည်း ရခိုင်နှင့် ဘင်္ဂါလီပြသနာကြောင့် နှစ်အနည်းငယ်ကြာအောင်  နိုင်ငံတကာအသိုင်းအဝိုင်း၏ဖိအားများနှင့် ရင်ဆိုင်ခဲ့ရရုံမျှမက ပြည်ပရင်းနှီးမြှုပ်နှံရေး ကဏရော ပြည်တွင်းစီးပွားရေးကဏပါ ထိခိုက်ခဲ့ရပါသည်။ သို့အတွက်ကြောင့် ယခုအခါ မြန်မာအနေနှင့် ရင်းနှီးမြှုပ်နှံမှုပိုင်းနှင့် ကုန်သွယ်ရေးပိုင်းကို ပိုမိုကြီးမား ကျယ်ပြန့်လာအောင် လုပ်ဆောင်သွားရန် လိုအပ်လိမ့်မည်ဟု ယုံကြည်ပါသည်။ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းတို့သည် ပြီးခဲ့သည့် စက်တင်ဘာလ၊ ထိုစဉ်က သမ္မတမွန်ဂျေအင်း မြန်မာပြည်သို့ ပထမဆုံး လာရောက်လည်ပတ်ခဲ့စဉ်က တွေ့ဆုံခဲ့ပြီးနောက် နှစ်လခန့်အကြာတွင် ထပ်မံတွေ့ဆုံ ဖြစ်ကြခြင်းဖြစ်သည်။ 

မြန်မာနှင့် (တောင်) ကိုရီးယားဟူသည် များစွာ မစိမ်းသောနိုင်ငံများဖြစ်ပြီး  ထူးခြားသည့် မေ့မရနိုင်သော သမိုင်းဝင်အမှတ်တရများလည်းရှိသည့် နိုင်ငံများဖြစ်သည်။ တစ်ချိန်တစ်ခါက မြောက်ကိုရီးယားကြောင့် နှစ်နိုင်ငံဆက်ဆံရေးတွင် ကသိကအောက်ဖြစ်စရာများရှိခဲ့သည့်တိုင် နှစ်ဖက်အစိုးရတို့၏ ကြိုးပမ်းချက်ကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ပုံမှန်အတိုင်းပင် ချစ်ကြည်ရင်းနှီးမှုရှိခဲ့သည်မှာ ယနေ့အချိန်အထိဖြစ်ပေသည်။

(တောင်) ကိုရီးယားတို့သည် ယခင်တပ်မတော်အစိုးရလက်ထက် စျေးကွက် စီးပွားရေးစနစ် စတင်ကျင့်သုံးရန် ပြင်ဆင်ချိန်၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများအတွက် တံခါးဖွင့်ပေးချိန်ကတည်းက မြန်မာနိုင်ငံ၏ နယ်ပယ်အတော်များများတွင် စီးပွားရေး ဝင်ရောက်လုပ်ကိုင်လာသူများဖြစ်ကြသည်။ မြန်မာတွေ ကိုရီးယားအကြောင်း စိတ်ဝင်တစားရှိသလို ကိုရီးယားလုပ်ငန်းရှင်အတော်များများလည်း မြန်မာအကြောင်း ကောင်းကောင်းသိကြပေသည်။ 

မြန်မာနိုင်ငံသည် ၂ဝ၁၁ ခုနှစ်တွင် အံ့မခန်းပြုပြင်ပြောင်းလဲရေး ခြေလှမ်းများကြောင့် နိုင်ငံတကာစင်မြင့်ပေါ်သို့ မျက်နှာပန်းလှစွာ တက်ရောက်နိုင်ခဲ့သော်လည်း ၂ဝ၁၆-၁၇ လောက်ကစပြီး ရခိုင်အရေးကိစ္စကြောင့် နိုင်ငံတကာအသိုင်းအဝိုင်း၌ မျက်နှာညှိုးငယ်ခဲ့ရသည်။ ကံကောင်းထောက်မ၍သာ အပယ်ခံဘဝသို့ ပြန်မရောက်ခဲ့ခြင်းပင်ဖြစ်သည်။ 

သို့သော်လည်း လက်ရှိအချိန်တွင် မြန်မာသည် နိုင်ငံတကာ၏ ဖိအားပေးမှုများမှ အပြီးလွတ်မြောက်သွားသည့်အနေအထားသို့ မရောက်နိုင်သေးသည်ကို သိထားကြရမည်ဖြစ်သလို သံခင်းတမန်ခင်းဖြင့် နိုင်ငံတကာဆက်ဆံရေး အရှိန်မြှင့်တင်ရန် အထူးလိုအပ်နေသည်ကိုလည်း နားလည်ထားကြရပေမည်။ 

နိုင်ငံတကာဆက်ဆံရေးမြှင့်တင်ရန်ဟု ဆိုရာတွင်လည်း နိုင်ငံခြားရေးဝန်ကြီး ဌာနတစ်ခုတည်းကိုသာမဆိုလိုဘဲ အရေးကြီးသော အစိုးရ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ အားလုံးသည် နိုင်ငံတကာဆက်ဆံရေး အမြင်ရှိရန်လိုကြောင်း ဆိုလိုရင်း ဖြစ်ပေသည်။

နိုင်ငံကြီးများသည် နိုင်ငံတကာနှင့်ဆက်ဆံရန် လိုချင်မှ လိုမည်ဖြစ်သော်လည်း အရွယ်အစားသေးငယ်သော၊ အဘက်ဘက်မှ အားနည်းသောနိုင်ငံများသည် မိမိ နိုင်ငံကြီးပွားတိုးတက်အောင် စွမ်းဆောင်နိုင်ရေးအတွက် နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်တွင် အားသွန်မကြိုးပမ်းဘဲ မည်သို့မျှမဖြစ်နိုင်ပေ။ မြန်မာနိုင်ငံမှာမူ သေးငယ် သလို အားနည်းသည့်အပြင် နိုင်ငံကြီးများစွာ မြန်မာနိုင်ငံတွင် ခြေပြိုင်နေခြင်း၊ နိုင်ငံတကာ မီးမောင်းအောက်တွင် ကျရောက်နေခြင်း၊ နိုင်ငံတကာဆက်ဆံရေးအမြင် အားယုတ် ခဲ့ခြင်းဟူသော အင်္ဂါရပ်များပါ အပိုဆောင်းရှိနေသောကြောင့် နိုင်ငံတကာဆက်ဆံရေး ပိုင်းတွင် အကောင်းဆုံးအရှိန်ရရှိအောင် ကြိုးပမ်းရမည်ဖြစ်ကြောင်း အကြံပြုလိုပေသည်။ 

အယ်ဒီတာ ( ၂၆ - ၁၁ - ၂ဝ၁၉ )