News

POST TYPE

EDITORIAL

နိုင်ငံ့ပုံရိပ်၊ မြန်မာ့ပုံရိပ်၊ ကျွနု်ပ်တို့၏ပုံရိပ် (Daily, Vol-7/No-196)
26-Nov-2019
ရခိုင်အရေးကိစ္စကြောင့် နဂိုကတည်းက မြန်မာနိုင်ငံတွင် ပေါ်ပေါက်သမျှ ဖြစ်ရပ်အားလုံးကို နိုင်ငံတကာသတင်းမီဒီယာများမှတစ်ဆင့် တစ်ကမ္ဘာလုံး၏ အာရုံစိုက်ကြည့်ရှုခံခဲ့ရသည့် မြန်မာနိုင်ငံအနေနှင့် ICJ တွင်တရားရင်ဆိုင်ရမည့်ကိစ္စကြီးထပ်ဖြစ်လာပြန်ရာ မြန်မာကိုနိုင်ငံတကာအသိုင်းအဝိုင်းက ပို၍စိတ်ဝင်စားကြဦးမည်ဖြစ်ပေသည်။ 

စွပ်စွဲချက်များမှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ၊ အမှုရင်ဆိုင်ရသည်ဖြစ်စေ၊ မရင်ဆိုင်ရသည်ဖြစ်စေ တကယ်တော့ အရှေ့တောင်အာရှဒေသမှ နိုင်ငံငယ်လေး တစ်နိုင်ငံအတွက် ယခုလို နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်ခြင်းခံရသည်မှာ အံ့အားသင့်စရာကောင်းလှပေသည်။ 

တစ်ဖက်ကကြည့်လျှင် တရားစွဲဆိုခံရသည်၊ စွပ်စွဲခံရသည်မှာ စိတ်ညစ်စရာ ပြဿနာတစ်ခုဖြစ်သော်လည်း ယင်းပြဿနာကို ပါးပါးနပ်နပ်အသုံးချနိုင်မည် ဆိုပါက အရှုံးကနေ အမြတ်ထွက်နိုင်သည့်အနေအထားတစ်ခုကိုပင်ဖန်တီးယူနိုင်မည်ဖြစ်သည်။ 

အကျိုးရှိရှိအသုံးချနိုင်မည်ဆိုပါက မြန်မာနိုင်ငံအတွက် နိုင်ငံတကာအသိုင်း အဝိုင်းမှ ကူညီပံ့ပိုးလိုကြသော မိတ်ဆွေသစ် မိတ်ဆွေကောင်းများစွာပင် ရရှိလာနိုင်သည်။ ထိုမှတစ်ဆင့် ရင်းနှီးမြှုပ်နှံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများဘက်တွင်ပါ ယင်းမိတ်ဆွေကောင်းများနှင့် ပူးပေါင်းနိုင်အောင်လုပ်ဆောင်၍ရနိုင်ပေသည်။ 

ဆိုလိုသည်မှာ ပြဿနာကို ပါးပါးနပ်နပ်ဖြေရှင်းတတ်လျှင်၊ အကောင်းဘက်မှ အသုံးချတတ်လျှင် မင်္ဂလာရှိသည့် အနာဂတ်တစ်ခုကိုပါဖန်တီးနိုင်မည်ကို ပြောလိုခြင်းဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ပုံရိပ်သည် ထိုနိုင်ငံ၏သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ လက်ရှိဖြစ်ပေါ်နေသော အကြောင်းအရာများ၊ နိုင်ငံတကာ၏သဘောထား၊ နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြမှုတို့ကိုအခြေခံပြီးဖြစ်ပေါ်လာကာ ထိုနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဆိုး-အကောင်းတို့ကို ပြုပြင်ဖန်တီးနိုင်သည့် စွမ်းအားရှိနေပေသည်။ 

မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းမှုများစတင်ခဲ့စဉ်က နိုင်ငံတကာက မြန်မာ့နွေဦးဟု ချီးမွမ်းခန်းဖွင့်ခဲ့ရာ မြန်မာခေါင်းဆောင်များ၊ နိုင်ငံရေးသမားကြီး များနှင့် နိုင်ငံရေးစိတ်ဝင်စားသူအတော်များများ အလွန်အမင်းအားတက်ခဲ့ကြပါသည်။ ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့ကြသည့် အာရပ်နိုင်ငံများ၏ Arab Spring (အာရပ်နွေဦး) နှင့် နှိုင်းယှဉ်လျှင် မြန်မာ့နွေဦးသည် အလှတစ်ပါးပင်ဖြစ်ခဲ့ပါသည်။ 

အာရပ်နွေဦးမှာမူ မှုန်ပြာရီမှိုင်းသော ဆောင်းတွင်းအဖြစ် အဆိုးဘက်သို့ ပြောင်းလဲသွားကြသည်ကများခဲ့ပေရာ မြန်မာတို့၏ ပြုပြင်ပြောင်းလဲရေးမှာ ချန်ပီယံဆုကို မမျှော်မှန်းနိုင်သည့်တိုင် နှစ်သိမ့်ဆုထက်တော့သာသည့် အဆင့်သို့ ရခဲ့ပေသည်။ 

သို့သော်လည်း ၈ နှစ်ကျော်ကာလအတွင်း အရေးကြီးသော အင်အားစုများ၏ ပေါင်းစည်းမှုစွမ်းအားတစ်ရပ်ရရှိအောင် မည်သူကမျှမဆောင်ကြဉ်းနိုင်ခဲ့ပေရာ မြန်မာ့ပြုပြင်ပြောင်းလဲရေးသည် ထင်သလောက်ခရီးမပေါက်ရုံမျှမက နိုင်ငံ့ပုံရိပ်ကို ထိခိုက်စေသည့် အရိပ်အမည်းကြီးများ၏ ပူးကပ်ခြင်းကိုပင် ခံလိုက်ရပေသည်။ 

နိုင်ငံပုံရိပ် အလွန်အားကောင်းနေခဲ့ချိန်တွင် ဘာသာရေး၊ လူမျိုးရေးဆိုင်ရာ အဓိကရုဏ်းများဖြစ်ပေါ်ခဲ့ခြင်း၊ ဒီမိုကရေစီအကြောင်းပြကာ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ခြင်း၊ ယဉ်ကျေးမှုဆိုသည့် မျက်နှာဖုံးစွပ်ထားသည့် တန်ပြန်လှိုင်းများဖန်တီးကာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ် အရှိန်လျော့သွားအောင် လုပ်ဆောင်ခြင်း စသည်တို့ကြောင့် အပေါင်းလက္ခဏာဆောင်နေသော ပုံရိပ်မှာ ညစ်နွမ်းခဲ့ရရုံမျှမက နောက်ဆုံးတွင် တိုင်းပြည်ကို ဒုက္ခဖြစ်မည့်အခြေအနေထဲသို့ ရောက်အောင်ပင် ဆွဲခေါ်သွားသလိုဖြစ်ခဲ့ပေသည်။ 

အရေးကြီးသည်မှာ ရာစုနှစ်ထက်ဝက်ကျော်နီးပါး စောင့်ပြီးမှရလာသည့် ဤပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီး အဆင်ချောမွေ့စေရေးနှင့် ပြဿနာထဲမှ (အရှုံးထဲမှ) အမြတ်ပြန်ထွက်နိုင်ရေးအတွက် တာဝန်ယူရဲသူများက ရှေ့ထွက်ဖြေရှင်းနေချိန်တွင် နိုင်ငံ့ပုံရိပ်ပိုမိုထွန်းလင်းတောက်ပနိုင်ရေးအတွက် သက်ဆိုင်ရာ အင်အားစုများက စည်းစည်းလုံးလုံးဖြင့် ထိန်းသိမ်းစောင့်ရှောက်သင့်လှပါကြောင်း မေတ္တာရပ်ခံလိုက်ရပါသည်။ 

အယ်ဒီတာ (၂၅ - ၁၁ - ၂၀၁၉)