News

POST TYPE

EDITORIAL

လောကဓံဆိုတာ ကြောက်စရာမဟုတ်ပါ (Daily, Vol-7/No-194)
24-Nov-2019
သည်ဘက်ခေတ်မှာ ရုပ်ဝတ္ထုတွေ၊ နည်းပညာတွေ အတော့်ကိုတိုးတက်လာတာ မှန်ပေမယ့် တစ်ဖက်မှာ အဲဒီအရာတွေကို အမီလိုက်ရင်း လူတွေဟာ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်သောကတွေကို ယခင်ခေတ်ကာလတွေကထက် ပိုပြီးရင်ဆိုင်ကြုံတွေ့လာကြရပါတယ်။ 

အဲဒီတော့ဘာဖြစ်သလဲဆိုတော့ အရက်၊ ဆေးခြောက်၊ ဘိန်းဖြူ၊ မီသာအဖက်တမင်းစတဲ့ မူးယစ်ရီဝေစေတဲ့အရာတွေကို စိတ်ရဲ့ထွက်ပေါက်တစ်ခုအဖြစ် အလွန်အမင်းမှီခိုအားထားနေကြရတဲ့သူတွေလည်း ယခင်ကထက် ပိုများလာပါတယ်။ တကယ်တော့ဘယ်လိုပဲပြောပြော လောကဓံတရားတွေရဲ့ ရိုက်ခတ်တဲ့ ဒဏ်ကို အဲဒီလို မူးယစ်မေ့လျော့စေတတ်တဲ့အရာတွေရဲ့အကူအညီနဲ့ ရင်ဆိုင်လာကြတဲ့သဘောပဲဖြစ်ပါတယ်။

လောကဓံဆိုတာ ဘယ်သူပဲဖြစ်ဖြစ် မလွဲမသွေကြုံကြရမှာပါ။ ပုံနှိပ်သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်တိုက်ကြီးတွေကအစ စီးပွားရေးလုပ်ငန်းကြီးတွေအပါအဝင် နိုင်ငံတော်သမ္မတနဲ့ လောကုတ္တရာနယ်ပယ်ထဲကို ခြေစုံဝင်ရပ်ထားတဲ့သူတွေ အားလုံးကြုံကြရမယ့်ကိစ္စပါ။ အားလုံးသိပြီးသားဖြစ်နေတာမို့ လောကဓံတရား ဘယ်နှပါးရှိတယ်ဆိုတာကို တစ်ခုချင်းစီ ထုတ်ပြောစရာတောင်မလိုတော့ဘူးလို့ ထင်မိပါတယ်။ အနိမ့်၊ အမြင့်၊ အတက်၊ အကျ သဘောရှိတဲ့လောကဓံဟာ နိုင်ငံတော် ခေါင်းဆောင်ဆီကိုလည်းရောက်လာတတ်သလို၊ သေနတ်အားကိုးနဲ့ မိုက်တတ်တဲ့ သူတွေဆီကိုလည်းရောက်လာတတ်တာပါပဲ။ သမီးရည်းစားအဆက်ပြတ်သွားလို့ ပူဆွေးကြရတာကအစ မိမိပိုင်ဆိုင်ထားသမျှ ရန်သူမျိုးငါးပါးဘေးကြောင့် ပျက်စီးဆုံးရှုံးသွားရတာအပါအဝင် ရွေးကောက်ပွဲရှုံးနိမ့်လို့ ဘေးရောက်သွားတာအဆုံး လောကဓံတွေချည်းပါပဲ။ 

ဒါပေမဲ့ လူဆိုတဲ့သဘောသဘာဝကိုယ်တိုင်က တစ်စုံတစ်ခုကို အမြဲမျှော်လင့် တောင့်တလျှင်တောင့်တ၊ ဒါမှမဟုတ် ဖက်တွယ်ထားတတ်တဲ့ စိတ်သဘောထား ရှိတယ်မဟုတ်လား။ အဲဒီတော့ စိုးရိမ်ကြောင့်ကြမှုဆိုတဲ့ ဗျာပါဒတရားရဲ့သားကောင်ဘဝကို အလိုလိုရောက်သွားတတ်စမြဲပါပဲ။ အဲဒါကြောင့် အသိဉာဏ်အားကြီးတဲ့ သူတွေက ပြီးခဲ့တာတွေအတွက်လည်းပူဆွေးမနေဖို့၊ မဖြစ်သေးတာတွေအတွက်လည်း စိုးရိမ်ကြောင့်ကြမနေကြဖို့၊ လက်ရှိပစ္စုပ္ပန်ကိုပဲ အကောင်းဆုံးတည်ဆောက်ထားဖို့ ထပ်တလဲလဲသတိပေးခဲ့ကြတာပါ။ 

ဒါပေမဲ့လည်း လူဆိုတာ “အားလုံးမေ့လို့ရရင် ကမ္ဘာဟာပျော်စရာကြီးပဲ” ဆိုတဲ့ အော်လ်တာနေးတစ်ရော့ခ် အဆိုတော်တစ်ယောက်ရဲ့ သီချင်းစာသားလို လောကဓံရဲ့ ရိုက်ခတ်မှုတွေကို မေ့ဖျောက်ပစ်နိုင်မယ့် နည်းလမ်းအမျိုးမျိုးကို ရှာလေ့ရှိကြတာပါ။ ခန္ဓာကိုယ်ရဲ့နာကျင်မှုကို Painkiller မျိုးစုံနဲ့ဖျောက်ဖျက်ပစ် နိုင်ပေမယ့် စိတ်ရဲ့နာကျင်မှုကိုကျတော့ ဒိုင်ယာဇီဗန်နဲ့ အက်ပရာဇိုလမ်ဆိုတဲ့ စိတ်ငြိမ်ဆေးတွေကအစ အရက်အပါအဝင် ဘိန်းဖြူအဆုံး မေ့ပျောက်ပစ်နိုင်စွမ်း ကောင်းမယ်လို့ယူဆရတဲ့အရာတွေကို အားကိုးလာတတ်ကြပါတယ်။ ဒါပေမဲ့ အဲဒီအရာတွေက တစ်ခဏတာသာ မေ့ဖျောက်ပစ်လို့ရပြီး ရေရှည်မှာ လွဲမှားတဲ့အမြင်တွေ၊ လွဲမှားတဲ့ခံစားချက်တွေနဲ့ လွဲမှားတဲ့ဆုံးဖြတ်ချက်တွေကိုပဲ ပြုစေတတ်တယ်ဆိုတာကို အင်မတန်သတိထားသင့်ပါတယ်။ 

လောကဓံဆိုတဲ့တရားဟာ တကယ်တော့ကြောက်စရာမဟုတ်ပါဘူး။ လောကဓံကိုကြောက်တဲ့စိတ်ကသာ ကြောက်စရာအကောင်းဆုံးပါ။ အဲဒီကြောက်တတ်တဲ့ စိတ်ကို ကိုယ့်အသိဉာဏ်နဲ့ကိုယ် မြင်အောင်မကြည့်နိုင်သေးသရွေ့ လောကဓံတရားကို နည်းမှန်လမ်းမှန်နဲ့ အနိုင်ယူဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာကိုပဲ လေးလေးနက်နက် သတိပေးချင်တာပါ။

အယ်ဒီတာ (၂၃ - ၁၁ - ၂၀၁၉)