News

POST TYPE

EDITORIAL

ICJ လိုနေရာမှာ မိမိနိုင်ငံ နွံမနစ်စေချင်ပါ
22-Nov-2019
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားမှုနှင့် ပတ်သက်၍ လာမည့် ဒီဇင်ဘာလအတွင်း နိုင်ငံတကာတရားရုံး (ICJ) တွင် ပထမဆုံးကြားနာစစ်ဆေးမည့် အမှုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ရန် စီစဉ်ထားသည်ဟု အစိုးရ၏ ထုတ်ပြန်ချက်အရ သိရပေသည်။ 

ရခိုင်ပြည်နယ်တွင်းမှ နေရပ်စွန့်ခွာသူများ (ဘင်္ဂါလီများ) နှင့် ပတ်သက်၍ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား အာဖရိကနိုင်ငံတစ်နိုင်ငံ ဖြစ်သော ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ်တရားစွဲဆိုမှုဖြစ်ရာ အဆိုပါအမှုသည် OIC နှင့် မြန်မာအကြား နိုင်ငံတကာတရားရုံးတစ်ခုတွင် ပထမဆုံး ဥပဒေအရ ထိပ်တိုက်ရင်ဆိုင်ရမှုလည်း ဖြစ်ပေသည်။ 

ဒေါ်အောင်ဆန်းစုကြည်ကမူ ICJ သို့သွားရောက်ရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးအနေနှင့် ဦးဆောင်သွားရောက်မည်ဖြစ်ပြီး ယင်းသို့သွားရောက်ခြင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်ရန်ဖြစ်သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်ကို တွေ့ရှိရပေရာ များစွာအားတက်ရပါသည်။ ထို့အတူ အသက် ၇၄ နှစ်အရွယ်သို့ ရောက်နေပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ယင်းအမှုကိုကောင်းစွာရင်ဆိုင်နိုင်ရေးအတွက် ပထမဦးစွာ ၎င်း၏ကျန်းမာရေးအထူးသတိပြု ဂရုစိုက်ထားရန်လည်း အရေးကြီးကြောင်းပြောလိုပေသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် ၂ နှစ်ခန့်က နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်မှတစ်ဆင့် “ပြည်သူ့ထံသို့ တင်ပြချက်” ခေါင်းစဉ်ဖြင့် မိန့်ခွန်း ပြောဆိုခဲ့ရာ၌ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ ၎င်းအစိုးရ၏ အစီအစဉ်များကို အဆင့်တစ်ခုချင်းစီချပြသွားခဲ့သလို ယင်းအစီအစဉ်များကိုအကောင်အထည် ဖော်ရာ၌ ပြည်ထောင်စုဖွားနိုင်ငံသားအားလုံးအနေနှင့် “ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာ” တို့ဖြင့် သမိုင်းမှတ်ကျောက်တင်ရလောက်သည်အထိ မှန်ကန်သန့်ရှင်းသော စွမ်းအားများကိုပြသကြမည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့ဖူးပါသည်။ 

ယခုလို အလွန်အရေးကြီးသည့်အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရော၊ သူမ၏ ဒီမိုကရေစီအစိုးရအဖွဲ့ဝင်များအနေနှင့်ပါ သူမပြောခဲ့သည့် အဆိုပါ အဓိပတိတရားလေးပါးကို အထူးလက်ကိုင်ထားပြီး ပြဿနာများကို ရင်ဆိုင်ဖြေရှင်းကြရတော့မည်ဖြစ်ပါသည်။ 

သို့မှသာ နိုင်ငံ၏အကျိုးစီးပွားကို တတ်စွမ်းသမျှအကာအကွယ်ပြုနိုင်မည် ဖြစ်သလို မြန်မာနိုင်ငံသည် ရုပ်ပိုင်းဆိုင်ရာအရ အင်အားမကြီးသော်လည်း စိတ်ဓာတ်အင်အားစုစည်းမှုဖြင့် အောင်မြင်နိုင်စွမ်းရှိသည်ဆိုသောအချက်ကိုပါ သက်သေပြနိုင်ပေမည်။ 

တစ်နည်းဆိုရလျှင် ဘင်္ဂါလီကိစ္စတစ်ခုတည်းသာမက အခြားပြဿနာကြီးများနှင့်ရင်ဆိုင်နေရသော မြန်မာနိုင်ငံတွင်း Cohesive Society ခေါ် ပေါင်းစည်းမှု ရှိသည့် လူ့အဖွဲ့အစည်းမျိုးရှိထားရန် အထူးလိုအပ်နေပြီဖြစ်ပါသည်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား၊ နိုင်ငံသားများအကြား ခွဲခြားမှုမရှိဘဲ တစ်ဦး၏ အကျိုးကို တစ်ဦးကလိုလားပြီး အပြန်အလှန်ယုံကြည်မှုတည်ဆောက်ကာ ပြည်ထောင်စု ချစ်စိတ်တိုးပွားအောင်လုပ်လေ့ရှိသည့် မြန်မာ့လူ့အဖွဲ့အစည်းဟု အဓိပ္ပာယ်ဖော်၍ ရမည်ထင်ပါသည်။ 

ဤသို့သောအချိန်တွင် နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား၊ တစ်နည်းအားဖြင့် အမျိုးသားအကျိုးစီးပွားကို အမှန်တကယ်လိုလားသူများက ကမ္ဘာ့အလယ်တွင် မိမိ တိုင်းပြည်နွံနစ်မည့်ဘေးအန္တရာယ်မှ လွတ်မြောက်နိုင်ရန် စစ်မှန်သည့်ပြည်ထောင်စုချစ်စိတ်ဖြင့် အဓိပတိတရားလေးပါးလက်ကိုင်ထားကာ ဝိုင်းဝန်းကူညီကြရမည့် အကြောင်းနှင့် လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်မှု၊ ယင်းကိစ္စတို့တွင် အမြင်ကျဉ်းမြောင်းမှုတို့ကြောင့်ဖြစ်သော နောက်ဆက်တွဲ အလျော်အစားသည် မည်မျှအတိုင်းအတာထိကြီးမားနိုင်သည်ဆိုသောအချက်ကို လက်တွေ့ကျကျသင်ခန်းစာ ယူကြရမည်ဖြစ်ကြောင်း မေတ္တာရပ်ခံအကြံပြုလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၂၁ - ၁၁ - ၂၀၁၉)