News

POST TYPE

EDITORIAL

တိုင်းပြည် စီးပွားရေးဘက်ကို အာရုံစိုက်ရမည့်အချိန် (Daily, Vol-7/No-180)
07-Nov-2019
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးပွဲများသို့ တက်ရောက်ခဲ့စဉ် အာဆီယံသာမက အိန္ဒိယ၊ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့မှ ခေါင်းဆောင်များ၊ ထိပ်တန်းအရာရှိကြီးများနှင့်တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သလို IMF ကဲ့သို့သော ကမ္ဘာ့ငွေကြေးအဖွဲ့အစည်းကြီးမှ ထိပ်ပိုင်းပုဂ္ဂိုလ်များနှင့်လည်းတွေ့ဆုံဆွေးနွေးနိုင်ခဲ့သည်ဟု သိရှိရပေရာ မြန်မာ့စီးပွားရေးတိုးတက်ရေး၊ ဘဏ်လုပ်ငန်းများဖွံ့ဖြိုးရေး၊ ငွေကြေးနှင့် ဘဏ္ဍာရေးဆိုင်ရာ နည်းပညာများ နိုင်ငံတကာအဆင့်မီရေးအတွက် များစွာအထောက်အပံ့ဖြစ်စေမည့် ခရီးစဉ်တစ်ခုဟု ဆိုရမည်ဖြစ်ပေသည်။ 

လွန်ခဲ့သည့် တစ်နှစ်ကျော် ၂ နှစ်နီးပါးကာလက ရခိုင်ပြည်နယ်ပဋိပက္ခအပါအဝင် ပြည်တွင်းစစ်မက်ပဋိပက္ခကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုအပေါ် စီးပွားရေးလုပ်ငန်းများ၏ ယုံကြည်စိတ်ချမှု သိသာစွာကျဆင်းသွားခဲ့ရပေသည်။ သို့သော် ယခုနှစ်ဧပြီလကုန်ပိုင်းလောက်က မြန်မာနိုင်ငံတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အမေရိကန်ပြည်ထောင်စုအခြေစိုက် ကုမ္ပဏီကြီးအချို့မှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံမှ လုပ်ငန်းရှင်များနှင့် လာရောက်တွေ့ဆုံခဲ့ပြီးနောက် ရင်းနှီးမြှုပ်နှံမှုပိုင်းတွင် ပြည်ပနိုင်ငံကြီးများ စိတ်ပါလက်ပါ ဖြစ်လာပြီလောဟူ၍ မျှော်လင့်စရာဖြစ်ခဲ့သည်။ 

သို့သော်လည်း ပြည်တွင်းစစ်မက်ပဋိပက္ခ၊ အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းမှ တိုက်ပွဲများက နယ်စပ်ကုန်သွယ်ရေးကဏ္ဍကိုသာမက ပုံမှန်အနေအထားရှိနေခဲ့သည့် တိုရစ်ဇင်လုပ်ငန်းများအပေါ် ဆိုးဆိုးရွားရွားထိခိုက်နစ်နာစေခဲ့ပေသည်။ ရှမ်းပြည်မြောက်ပိုင်းဒေသမြို့များမှ ဟိုတယ်လုပ်ငန်းများဆိုလျှင် ပြည်တွင်းရော၊ ပြည်ပဧည့်သည်ဝင်ရောက်မှုများ ဆိုးရွားစွာကျဆင်းသွားခဲ့ရပေသည်။ ယခုနှစ်အတွင်း ဖြစ်သော လက်နက်ကိုင်ပဋိပက္ခများ၏ လောလောလတ်လတ်အကျိုးဆက်များပင်ဖြစ်ပါသည်။ 

ဒီမိုကရေစီအစိုးရသည် အုပ်ချုပ်ရေးအာဏာရရှိလာသည့်အချိန်မှစ၍ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို စီးပွားရေးကဏ္ဍထက်ပို၍အလေးပေးခဲ့သည်။ အာရုံစိုက်လုပ်ကိုင်ခဲ့သည်။ သို့သော် တိုင်းရင်းသားများ တန်းတူညီတူဖြစ်မှုအပေါ် အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စုမတည်ဆောက် နိုင်သေးသရွေ့ ငြိမ်းချမ်းရေးရရှိရန် မလွယ်ကူသောအချက်ကို လေးနှစ်နီးပါးခန့် ကြိုးပမ်းခဲ့ပြီးနောက် လက်တွေ့ကျကျ နားလည်သဘောပေါက်လာပေသည်။ 

ပွင့်ပွင့်လင်းလင်းပြောရလျှင် တိုင်းရင်းသားအဖွဲ့အစည်းများအကြားက ရှုပ်ထွေးနက်နဲလွန်းလှသော အစစ်အမှန်နိုင်ငံရေးပြဿနာကြီးကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းနိုင်သည့်အချိန်ရောက်မှသာ ပြည်တွင်းငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်မည်သာပင်။ 

စီးပွားရေးဖွံ့ ဖြိုးမှုအပေါ် ဖိုးကပ်စ်ပြောင်းရန် အကြံပြုလိုပေသည်။ စစ်မက် ပဋိပက္ခ နယ်မြေတွင် ပဋိပက္ခရှိနေမည်မှာမှန်သော်လည်း ပဋိပက္ခမရှိသည့် နေရာများ၏ စီးပွားရေးကို အာရုံစိုက်စေလိုခြင်းဖြစ်ပါသည်။ 

လက်ရှိအချိန်တွင် အရေးအကြီးဆုံးမှာ သမိုင်းတစ်လျှောက် နိုင်ငံရေးကြောင့်ဟူသည့် ခပ်ညံ့ညံ့ဆင်ခြေမျိုးပေးကာ စီးပွားရေးမဖွံ့ ဖြိုးမတိုးတက်ရခြင်းကို လက်ညှိုးထိုးအပြစ်ပုံချသည့် အဖြစ်မှအမြန်ဆုံးရုန်းထွက်ကာ စီးပွားရေးအပါအဝင် ဖွံ့ဖြိုးရေးကိစ္စကို ရှေ့တန်းတင်ဦးစားပေးသင့်ပြီဖြစ်ကြောင်း အသိပေးဖော်ပြလိုရင်း ဖြစ်ပေသည်။ 

အယ်ဒီတာ (၆ - ၁၁ -၂၀၁၉)