POST TYPE

EDITORIAL

မိုးလေဝသပညာရှင် အန်ကယ်ဦးထွန်းလွင် (Daily, Vol-7/No-179)
06-Nov-2019

ဒေါက်တာထွန်းလွင် ယမန်နေ့ညနေက ကွယ်လွန်သည့်သတင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် တရားဝင်အတည်ပြုချက်ထွက်ပေါ်လာပြီးနောက် မြန်မာပြည်သူအမြောက်အမြား ဝမ်းနည်းပူဆွေးခဲ့ကြရပေသည်။ 

“ဦးထွန်းလွင်ကွယ်လွန်သွားပြီ” ဆိုသောသတင်းများ ပြီးခဲ့သည့် ၁၀ ရက်ခန့်က ထွက်ပေါ်လာခဲ့သော်လည်း ကောလာဟလသာဖြစ်ခဲ့ရာ မြန်မာပြည်သူများ စိတ်သက်သာရာရခဲ့ကြသည်။ ဦးထွန်းလွင်အမြန်ဆုံးကျန်းမာလာစေရန် ဆုတောင်းမေတ္တာများပို့သခဲ့ကြသည်။ 

သို့သော် ပြည်သူများ၏ ဆုတောင်းများမပြည့်ဝခဲ့ပေ။ ဦးထွန်းလွင်တစ်ယောက် သူချစ်သော မိုးလေဝသအလုပ်ကိုသော်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် ပြည်သူများ ကိုသော်လည်းကောင်း ကျောခိုင်းနှုတ်ဆက်သွားရတော့သည်။

သူချစ်သော မိုးလေဝသအလုပ်ဟု ဆိုရခြင်းမှာ ဦးထွန်းလွင်သည် ထိုအလုပ်ကို အမှန်တကယ်ချစ်မြတ်နိုးခဲ့သောကြောင့်ဖြစ်သည်။ လူမှုကွန်ရက်ပေါ်တွင် တက်လာသော ဗီဒီယိုဖိုင်တစ်ခု၌ ဆေးရုံခုတင်ပေါ်၌ အိပ်စက်နေစဉ် မိုးလေဝသနှင့်ဆိုင်သော အကြောင်းအရာများကို ဦးထွန်းလွင်တစ်ယောက် နှုတ်ဖြင့်တီးတိုးပြောဆို နေသည်ကိုတွေ့ မြင်ရသည်မှာ ဝမ်းနည်းရမလို၊ ကြည်နူးရမလို ခံစားချက်များကို ရောထွေးဖြစ်ပေါ်စေသည်။

မြန်မာနိုင်ငံ၏ မိုးလေဝသအခြေအနေ သို့မဟုတ် မိုးလေဝသသတင်းဟု ဆိုလိုက်သည်နှင့် မြန်မာပြည်သူများ၏ အာရုံတွင်လည်းကောင်း၊ သတင်းမီဒီယာများမှ သတင်းအယ်ဒီတာများနှင့် သတင်းထောက်များ၏ အတွေးထဲသို့လည်းကောင်း ပထမဆုံး ပြေးဝင်လာသည်မှာ ဦးထွန်းလွင်သာဖြစ်ပေသည်။ မိုးလေဝသနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းသူ မည်သည့်သတင်းထောက်နှင့် အယ်ဒီတာကိုမဆို မောက်မောက်မာမာ မဆက်ဆံဘဲ အလုပ်သဘောအရသာမက တူ၊ တူမ သို့မဟုတ် သား၊ သမီးအရင်းအချာ တွေလို နွေးထွေးပျူငှာစွာ ဆက်ဆံခဲ့သူလည်းဖြစ်ပေသည်။ 

ဦးထွန်းလွင်သည် မ.ဆ.လ၊ တပ်မတော်(စစ်)အစိုးရခေတ်၊ ဒီမိုကရေစီ ခေတ်ဆိုသည့် ခေတ်သုံးခေတ်ကိုမီခဲ့သူဖြစ်သော်လည်း ရန်၊ ငါ၊ စည်းဆိုသည့် အုပ်စု ဖွဲ့နိုင်ငံရေးစက်ကွင်းမှကင်းလွတ်သူဖြစ်သည်။ သူသိသည်၊ သူစိတ်ဝင်စားသည်မှာ မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် သူလေ့လာဆည်းပူးထားသည့် မိုးလေဝသပညာ ဖြင့် အလုပ်အကျွေးပြုရေးပင်ဖြစ်ပြီး သူ့ဘဝနောက်ဆုံးအချိန်အထိလည်း အလုပ်အကျွေးပြုသွားခဲ့သူဖြစ်ပေသည်။ 

လူ့ဘဝဟူသည် ရေပွက်ပမာတစ်ခဏတာဖြစ်ရာ ယင်းတစ်ခဏတာအချိန်တွင် မိမိနှင့် မိမိပတ်ဝန်းကျင်ကောင်းကျိုးအတွက် လုပ်ပေးနိုင်သမျှလုပ်ပေးကြရမည်ဟု ပညာရှိတို့က သတိပေးကြသည်။ တည်ဆောက်ရေးစကားနှင့်ဆိုရလျှင် အနည်းဆုံး အုတ်တစ်ချပ်သဲတစ်ပွင့်တော့ဖြစ်ရမည်ဟု ဆိုလိုရင်းဖြစ်ပေသည်။ “ကျန်းမာတော် မူကြပါစ ခင်ဗျာ”ဆိုသည့် နှုတ်ဆက်စကားဖြင့် အစချီကာ မြန်မာပြည်သူတွေကို မိုးလေဝသအကြောင်း အစီရင်ခံရသည့် အလုပ်ကိုမွေ့လျော်သူ၊ လုပ်ဖော်ကိုင်ဖက်များ၊ တပည့်များနှင့် မိတ်ဆွေများသာမက မြန်မာ့လူ့အဖွဲ့အစည်းအပေါ် စိတ်စေတနာ ကောင်းဖြင့် အမြဲတစေဆက်ဆံတတ်သူ အန်ကယ်ဦးထွန်းလွင် (ဒေါက်တာထွန်းလွင်) သည် နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်ထက် များစွာကြီးမားသည့် ထည့်ဝင်မှုများစွာကို လုပ်ဆောင်သွားသူဖြစ်ကြောင်း မှတ်တမ်းတင်လိုပေသည်။ 

ထို့အတူ မြန်မာနိုင်ငံ၏ မိုးလေဝသပညာသမိုင်းကြောင်းတွင် ဒေါက်တာထွန်းလွင်လို ပုဂ္ဂိုလ်မျိုးရှိခဲ့ဖူးသည့်အတွက် The Voice Daily အနေနှင့် ထာဝရဂုဏ်ယူမဆုံး ဖြစ်မိပါကြောင်း ဖော်ပြလိုက်ရပါသည်။ 

အယ်ဒီတာ (၅ - ၁၁ - ၂၀၁၉)