News

POST TYPE

EDITORIAL

အရိပ်လည်းနေချင်၊ အခက်လည်းချိုးချင်၍မရပါ (Daily, Vol-7/No-178)
05-Nov-2019
မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းကြောင်းနှင့်ပတ်သက်၍ အထင်ကရဖြစ်သည့်နေရာများတွင် တစ်ခုအပါအဝင်ဖြစ်သော ရန်ကုန်တက္ကသိုလ် ပရိဝုဏ်အတွင်းရှိ သစ်ပင်ကြီးများခုတ်လှဲသည့်သတင်းမှာ ရန်ကုန်တက္ကသိုလ်ကိုသာမက နိုင်ငံ၏ အဖိုးတန်အမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင်ကောင်းများကို ချစ်မြတ်နိုးသူများအတွက် အမင်္ဂလာသတင်းတစ်ပုဒ် ဖြစ်ခဲ့ပေသည်။ 

ခုတ်လှဲလိုက်သည့် သစ်ပင်အရေအတွက်မှာ နည်းနည်းနောနောမဟုတ်။ အပင်ပေါင်း ၈၀ ကျော်။ အကြောင်းပြချက်မှာ တက္ကသိုလ်ပရိဝုဏ်အတွင်း ရှုခင်းနှင့် ပတ်လမ်း များပြုလုပ်ရန်ဟူ၍။ အခုတ်ခံလိုက်ရသော သစ်ပင်အများစုမှာ ၈ နှစ်လောက်ဖြင့် အရိပ်မရနိုင်၊ အရွယ်မရောက်နိုင်သည့်အပင်ကြီးများဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သက်၍ မကျေနပ်သော တက္ကသိုလ်ကျောင်းသားများက ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။ တကယ်တမ်းပြောရလျှင် ရန်ကုန်တက္ကသိုလ်တစ်ခုတည်းမဟုတ်ပါ၊ အခြားတက္ကသိုလ်အသီးသီးနှင့် နေရာအသီးသီးတွင် သစ်ပင်များကို လက်လွတ်စပယ် ခုတ်နေသည့် မည်သည့်အရေးကိစ္စမဆို ဆန့်ကျင်ကန့်ကွက်သင့်သည်။ ဆန္ဒပြသင့်သည်။ 

အကြောင်းမှာ ယနေ့လို ပညာရပ်ဝန်း၏ တန်ဖိုး၊ သဘာဝပတ်ဝန်းကျင်၏ တန်ဖိုး၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့၏ အရေးပါပုံတို့ကို ဦးစားပေးပြောဆိုနေသည့် ခေတ်ကာလထဲတွင် လုပ်ချင်ရာလုပ်နေသည့် သဘောမျိုးကိုဖြစ်နေခြင်းကြောင့်ပင်။ 

ကမ္ဘာကြီးပူနွေးမှုသည် စိတ်ကူးယဉ် ယုံတမ်းစကားမဟုတ်တော့ဘဲ လက်တွေ့ကျကျ ကြုံတွေ့ခံစားနေရသည့် ခေတ်ကာလတွင် သစ်ပင်များ၏ တန်ဖိုးမည်မျှအထိ ကြီးမားသည်ကို နိုင်ငံသားတိုင်းသိအောင် ပညာပေးရ၊ ပြောပြကြရမည့်အစား ယခုလိုဖြစ်ရပ်မျိုးကိုကြားရသည်မှာ အနာဂတ်မြန်မာ့ပတ်ဝန်းကျင်အတွက် ရင်လေးစရာကောင်းလှပေသည်။ 

သစ်ပင်ခုတ်သည့်ကိစ္စကို စည်ပင်ကလုပ်ဆောင်နေသော်လည်း တကယ်တမ်း အရင်းစစ်ကြည့်လျှင် ရန်ကုန်တက္ကသိုလ်ကို တာဝန်ယူထားသောပုဂ္ဂိုလ်များသာ တာဝန်အရှိဆုံးဖြစ်ပေသည်။ ရန်ကုန်တက္ကသိုလ်ကို တရိပ်တကြည့်ကြည့် ကြည့်နေရမည့်သူများက အဘယ့်ကြောင့် ယခုလိုအနေအထားမျိုးအထိဖြစ်သွားအောင် ခွင့်ပြုခဲ့သနည်း။ 

အာဆီယံအိမ်နီးချင်း ထိုင်းနှင့် စင်ကာပူတို့အပါအဝင် အခြားနိုင်ငံများမှ တက္ကသိုလ်များတွင် သစ်ပင်ကြီးများ ပန်းပင်များဖြင့် လှပဝေဆာနေအောင် မည်သို့မည်ပုံ စီမံဆောင်ရွက်ထားသည်၊ ပညာရပ်ဝန်းနှင့်လည်းညီအောင် ခေတ်လည်းမီအောင် မည်သို့ဖန်တီးထားသည် စသည်တို့ကိုလည်းလေ့လာကြည့်စေချင်သည်။ ကမ္ဘာ့တက္ကသိုလ်ကြီးများအကြောင်းကို အနိမ့်ဆုံး အွန်လိုင်းမှပင် လေ့လာကြည့်၍ရသည့်ခေတ်ကာလမဟုတ်ပါလော။ 

မည်သို့ပင်ဖြစ်စေ တစ်ခေတ်တစ်ခါက ဒေသတွင်းနိုင်ငံများမှ ကျောင်းသား၊ ကျောင်းသူများပင် လာရောက်ပညာဆည်းပူးရသည်အထိ အဆင့်မြင့်ခဲ့သော သမိုင်းဝင် ရန်ကုန်တက္ကသိုလ်၏ ပုံရိပ်ကို ယခင်အနေအထားမျိုးသို့ ပြန်လည်ရောက်ရှိအောင် ပညာရေးမူဝါဒကောင်းများနှင့်အတူ ဆွဲတင်ပေးရမည့်အချိန်တွင် ယခုလို ဆင်ခြင်တုံ တရားမဲ့ပြီး တာဝန်ယူမှုကင်းသော စီမံဆောင်ရွက်မှုမျိုးထပ်မံမကြုံတွေ့အောင် ဝိုင်းဝန်းဟန့်တားကြရမည့်အကြောင်း သတိပေးလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၄ - ၁၁- ၂၀၁၉)