News

POST TYPE

EDITORIAL

အပြောင်းအလဲကောင်း ဖန်တီးမည့်သူများစွာလိုသည် (Daily, Vol-7/No-177)
04-Nov-2019
ပြည်ပတွင် ရုပ်ရှင်ပညာသွားရောက်ဆည်းပူးလေ့လာခဲ့သော လူငယ်ဇနီးမောင်နှံက ရိုက်ကူးသည့် ဇာတ်ကားနှစ်ကား မြန်မာ့ရုပ်ရှင်လောကတွင် အထူးအောင်မြင်ကျော်ကြားခဲ့ပြီးနောက် ၎င်းတို့ထပ်မံရိုက်ကူးသည့် ဇာတ်ကားသစ်တစ်ကားကိုလည်း ရုပ်ရှင်ဝါသနာပါသည့် ပရိသတ်အတော်များများ လက်လွှတ်မခံဘဲ သွားရောက်ကြည့်ရှုအားပေးလျက်ရှိသည်ကို ယခုရက်ပိုင်း လူမှုကွန်ရက်ပို့စ်များကိုကြည့်လျှင်သိနိုင်ပေသည်။ 

ဟောလိဝုဒ်နှင့် ဘောလိဝုဒ်တို့မှ ရုပ်ရှင်ပညာရှင်ကြီးများ မည်သို့အကဲဖြတ်ကြမည်ကို မသိနိုင်သော်လည်း မြန်မာရုပ်ရှင်ကြည့်ပရိသတ်များ၏ ယေဘုယျ တူညီသောအကဲဖြတ်ချက်များအရပြောရလျှင်မူကား အဆိုပါလူငယ်ဇနီးမောင်နှံရိုက်ကူးသည့် ဇာတ်ကားများမှာ ပြီးစလွယ်ရိုက်ကူးထားသည့် ဇာတ်ကားမျိုးများ မဟုတ်ပေ။ 

နှစ်အတန်ကြာပြီးစလွယ်ရိုက်ကူးသည့် ခပ်ပေါပေါဇာတ်ကားများမှတစ်ပါးရွေးချယ်စရာမရှိခဲ့သောကြောင့် အားမလိုအားမရဖြစ်ခဲ့သော ရုပ်ရှင်ကြည့်ပြည်သူ များအတွက် ယခုလိုရုပ်ရှင်ပညာကို စနစ်တကျလေ့လာပြီး ဇာတ်ကားကိုစနစ်တကျ ရိုက်ကူးတတ်သော လူငယ်ဒါရိုက်တာနှင့် သရုပ်ဆောင်အချို့ထွက်ပေါ်လာခြင်းမှာ မြန်မာ့ရုပ်ရှင်အဆင့်အတန်းမြင့်မားစေလိုသော ပရိသတ်များအတွက် မင်္ဂလာတစ်ပါးဟုပင် ဆိုရပါမည်။ အကြောင်းမှာ ရိုးရာ၊ မိရိုးဖလာ၊ အစဉ်အလာဆိုသောသဘောဖြင့် ပြီးစလွယ်လမ်းသာလိုက်ခဲ့သော ဇာတ်ကားများအတွက်နေရာမှာ တဖြည်းဖြည်းချင်း လျော့သွားနေပြီဖြစ်၍ပင်။ 

ပြီးခဲ့သည့်နှစ် အကယ်ဒမီပေးပွဲတွင် ထိုသို့ဇာတ်ကားကောင်းများကို ဖန်တီးခဲ့သည့် လူငယ်ဒါရိုက်တာနှင့် သရုပ်ဆောင်အချို့ မျှော်မှန်းထားသလို အကယ်ဒမီဆု မရရှိခဲ့သည့်အတွက် ရုပ်ရှင်ကြည့်ပရိသတ်များ မကျေမနပ်ဖြစ်ကာ ဆုရွေးချယ်ရေးအဖွဲ့မှ တာဝန်ရှိသူများကို လူမှုကွန်ရက်များမှတစ်ဆင့်အမျိုးမျိုးဝေဖန်ခဲ့ကြသည်ကို သတိပြုမိပေသည်။

ရုတ်တရက်ကြည့်လျှင် အဆိုပါ လူငယ်ဒါရိုက်တာများနှင့် သရုပ်ဆောင်များကို ပုဂ္ဂိုလ်စွဲဖြင့် တစ်ဖက်သတ်အားပေးနေသည်ဟု ထင်နိုင်သော်လည်း တကယ်တမ်းပြောရလျှင် မြန်မာပရိသတ်သည် ရုပ်ရှင်လောကအတွက် အပြောင်းအလဲကောင်းများ ဖန်တီးပေးနိုင်သူများကို နေရာကောင်းပေးလို၊ အသိအမှတ်ပြုလိုခြင်းသာဖြစ်ပေသည်။ 

စာနယ်ဇင်းလောကတွင်ဖြစ်စေ၊ ရုပ်ရှင်လောကတွင်ဖြစ်စေ၊ ဂီတလောကတွင်ဖြစ်စေ၊ သဘင်လောကတွင်ဖြစ်စေ ဖန်တီးသူ (အနုပညာရှင်) နှင့် ပရိသတ်ဟူသော လူတန်းစားနှစ်ရပ်သည် ယင်းလောကများဆက်လက်ဖြစ်တည်ရေးအတွက် မရှိမဖြစ် အင်အားစုများဖြစ်ကြသည်။ 

ဖန်တီးသူရှိလာ၍ ပရိသတ်ရှိလာသလို ပရိသတ်ရှိနေ၍လည်း ဖန်တီးသူတို့၏ အောင်မြင်မှုဟူ၍ ရှိနေကြခြင်းပင်ဖြစ်သည်။ တစ်နည်းပြောမည်ဆိုပါက ပရိသတ်၏ အကဲဖြတ်အမှတ်ပေးနိုင်စွမ်းက ဖန်တီးသူတို့၏ အောင်မြင်မှုအတိုင်းအတာကို ပြဋ္ဌာန်းပေသည်။ 

ယခင်ခေတ်ကာလများက မြန်မာ့လူ့အဖွဲ့အစည်းတွင် “တော်လျှင် ခံရပြီသာမှတ်” ဆိုသည့် အယူအဆမှာ မှန်ကောင်းမှန်ခဲ့သော်လည်း ယခုလိုပွင့်လင်းမြင် သာသည့်ခေတ်ထဲတွင်မူ မည်သူကဘယ်လောက်တော်ပြီး ဘယ်လောက်ရုန်းနိုင်စွမ်းရှိသည်ဆိုသောအချက်မှာ ဖုံးကွယ်ထား၍ရသော ကိစ္စမဟုတ်တော့ပေ။

လူငယ်ဒါရိုက်တာများနှင့် သရုပ်ဆောင်များစွာထွက်ပေါ်လာလေ မြန်မာ့ရုပ်ရှင်လောက၏ အဆင့်အတန်း မြင့်သည်ထက်မြင့်လေပင်ဖြစ်ပေသည်။ လိုရင်း ပြောရလျှင် ပရိသတ်အတွက်ဖြစ်စေ၊ ပြည်သူအတွက်ဖြစ်စေ၊ အနုပညာအတွက်ဖြစ်စေ၊ နိုင်ငံနှင့် လူ့အဖွဲ့အစည်းအတွက်ဖြစ်စေ အပြောင်းအလဲကောင်းများကို ဆောင်ကြဉ်းပေးလိုသူများ ရှေ့တန်းနေရာသို့ရောက်ရှိပြီး စစ်မှန်သည့်အပြောင်းအလဲကောင်းများဖန်တီးပေးနိုင်ရေးကို The Voice Daily က အစဉ်အမြဲ အလေးအနက်ထားပါကြောင်း ဖော်ပြလိုပေသည်။ 

အယ်ဒီတာ (၃ - ၁၁ - ၂၀၁၉)