POST TYPE

EDITORIAL

အပြောင်းအလဲကောင်းတွေ ပေါ်လာအောင် နည်းနည်းစီ တွန်းကြရအောင် (Daily, Vol-7/No-176)
03-Nov-2019

အပြောင်းအလဲတစ်ခုလုပ်တယ်ဆိုတာ အနောက်နိုင်ငံသားတွေရဲ့စကားနဲ့ပြောရရင် ဝိုင်ပုလင်းရော၊ ဝိုင်ပါ အားလုံးပြောင်းဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အာဏာနိုင်ငံရေးနယ်ပယ်မှာ ယူနီဖောင်းဝတ်ထားတဲ့သူတွေ ယူနီဖောင်းချွတ်တာ ထင်ရှားတဲ့သာဓကတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အုပ်ချုပ်ရေးယန္တရားထဲမှာ ယခင်စနစ်ဟောင်းနဲ့ ကျင့်သားရနေတဲ့ အရပ်ဘက်ဝန်ထမ်းတွေသာမက ပြည်သူတစ်ဦးချင်းစီက ရလာတဲ့စနစ်သစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် အပြောင်းအလဲ လုပ်နိုင်ရဲ့လားဆိုတာ အရေးကြီးပါတယ်။

သည်ကနေ့ ပြည်သူ့ခေတ်၊ ပြည်သူတင်တဲ့အစိုးရခေတ်၊ ဒီမိုကရေစီအစိုးရလက်ထက် စသဖြင့်ပြောနေကြပေမယ့်လည်း အုပ်ချုပ်ရေးယန္တရားထဲက အစိုးရ ဝန်ထမ်းတွေကြားမှာသာမက ရပ်မိရပ်ဖအဆင့်ကနေ သာမန်ပြည်သူတွေအထိ ထူးခြားတဲ့အပြောင်းအလဲတွေမတွေ့ရဘဲ ယခင်ခေတ်ကအတိုင်း ဆက်ဆံပုံ၊ ပြောဆိုပုံတွေကိုမြင်တွေ့ရနေတာဟာ စနစ်ဟောင်းမှာ ကျင့်သားရခဲ့တဲ့ အကျင့်ဟောင်းတွေကို ရုတ်ခြည်းမစွန့်လွှတ်နိုင်ကြသေးလို့ပဲဖြစ်ပါတယ်။ 

အထင်ရှားဆုံးသာဓကကိုပြောပါဆိုလျှင် အစိုးရကမြေယာရောင်းချပေးမယ့် လျှောက်လွှာပုံစံရောင်းချတဲ့နေရာမှာ ပြည်သူတွေအနေနဲ့ လျှောက်လွှာရောင်းမယ့် ရုံးရှေ့ နေပူထဲမှာ တန်းစီစောင့်ဆိုင်းနေရတဲ့ အခြေအနေမျိုးကိုဆိုလိုတာပါ။ ပြည်သူအတွက်၊ ပြည်သူ့မျက်နှာကြည့် စသဖြင့် စကားတွေဘယ်လိုပဲပြောနေပါစေ ပြည်သူတွေအနေနဲ့ အစိုးရဌာနတွေနဲ့ဆက်ဆံရာမှာ မလိုလားအပ်တဲ့ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်နေရဆဲဖြစ်တာဟာ ပြောတဲ့အတိုင်း အပြောင်းအလဲကောင်းတွေကို မဖန်တီးပေးနိုင်လို့ပဲသတ်မှတ်ရမှာပါပဲ။ 

တကယ်တော့ လူ့သဘာဝဆိုတာ ကိုယ်မနှစ်သက်တာကိုဘဲ ပြောင်းလဲပစ်လိုပြီး ကိုယ်နှစ်သက်တဲ့ အနေအထားတစ်ခုပြောင်းလဲဖို့ဆိုတာကျတော့ ဝန်လေးနေတတ် ကြလို့သာ ဝိုင်ပုလင်းပြောင်းပေမယ့် နှစ်ချို့ဝိုင်တွေကိုပဲ ဆက်သောက်နေကြတဲ့ သဘောမျိုးဖြစ်နေတာပါ။ တစ်မျိုးပြောရမယ်ဆိုရင် စနစ်ဟောင်းရဲ့ သက်သောင့်သက်သာဖြစ်စေတဲ့ အခြေအနေတွေထဲက မထွက်လိုတဲ့စိတ်ခံတွေနဲ့ တခြားဖွံ့ဖြိုးပြီးနိုင်ငံ၊ တခြားယဉ်ကျေးမှုမြင့်တဲ့လူ့အဖွဲ့အစည်းတွေလိုဖြစ်ဖို့ မျှော်လင့်နေမယ်ဆိုရင် နွေခေါင်ခေါင်မှာ နှင်းကျဖို့ ဆုတောင်းနေတဲ့ သဘောမျိုးပဲဖြစ်နေမှာပါ။

နောက်ထပ် ဥပမာတစ်ခုပြောရမယ်ဆိုရင် မော်တော်ယာဉ်မောင်းလိုင်စင်လုပ်တာကို အများနည်းတူ ဖြေဆိုတာမလုပ်ဘဲ ငွေပေးပြီး လုပ်လိုတာမျိုး၊ အများပြည်သူနဲ့ပတ်သက်တဲ့နေရာတွေမှာ ယခင်ကလို စိတ်ကြိုက် ဆေးလိပ်သောက်၊ ကွမ်းတံတွေးထွေးခွင့်ရလိုတာ၊ အမှိုက်ပစ်လိုတာမျိုး၊ အများပိုင်၊ ဌာနဆိုင်ရာ ပစ္စည်းဆိုရင် ကိုယ့်ပိုင်ပစ္စည်းလို တန်ဖိုးမထားတတ်တာမျိုး စတဲ့အကျင့်စရိုက်တွေ၊ စိတ်နေစိတ်ထားတွေနဲ့ အပြောင်းအလဲကောင်းတွေကို ဘယ်လိုမှမျှော်လင့်နေလို့ မဖြစ်နိုင်ပါဘူး။ 

တစ်ခုတော့ရှိပါတယ်။ တရားဥပဒေစိုးမိုးမှု အင်မတန်နည်းပါးခဲ့ပြီး၊ မူထက် လူကအဆုံးအဖြတ်ပေးတဲ့ စနစ်မျိုးနဲ့ ကျင့်သားရခဲ့တဲ့ လူ့အဖွဲ့အစည်းဖြစ်ခဲ့တဲ့ အတွက် အာဏာပိုင်နဲ့ မိတ်ဆွေဖြစ်ချင်ဖြစ်၊ ဒါမှမဟုတ် ငွေကြေးတတ်နိုင်လျှင် တတ်နိုင်မှ ဆိုတဲ့အယူအဆက အရိုးစွဲခဲ့ကြတာဖြစ်တဲ့အတွက် တရားဥပဒေ ဘောင်ထဲကနေ စည်းကမ်းရှိရှိ၊ မှန်မှန်ကန်ကန်နေထိုင်လိုတဲ့သူတွေအတွက် တကယ်ခက်ခဲလှတယ်ဆိုတာ အားလုံးအသိပါပဲ။

ဒါပေမဲ့ အဲဒီလို စနစ်ဟောင်းရဲ့ အကျင့်ဟောင်းတွေကို ဆက်လက်ဖက်တွယ်ပြီး ဒုံရင်းအတိုင်းပဲနေသွားကြမလား၊ ကိုယ်ကိုယ်တိုင်ကစပြီး အပြောင်းအလဲကောင်း တွေအတွက် ပြောင်းလဲသင့်တာကို ပြောင်းလဲမလားဆိုတာကိုတော့ မစဉ်းစားလို့ မဖြစ်တော့ပါဘူး။ နိုင်ငံတစ်နိုင်ငံနဲ့ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးဆိုတာ အစစအရာရာ အုပ်ချုပ်ရေးယန္တရား (အာဏာပိုင်တွေ) ချည်းကပဲ ဆောင်ကြဉ်းပေးရုံနဲ့ မဖြစ်နိုင်သလို နိုင်ငံသားတွေဘက်ကလည်း ကိုယ့်ဘက်က ဘာလုပ်ပေးသင့်သလဲ ဆိုတဲ့အချက်ကို စေတနာရှေးရှုပြီး စဉ်းစားတတ်မှဖြစ်တယ်ဆိုတာကို ပြောလိုတာပဲ ဖြစ်ပါတယ်။ 

အယ်ဒီတာ (၂ - ၁၁ - ၂၀၁၉)