News

POST TYPE

EDITORIAL

အဂတိတိုက်ဖျက်ရေး ခြေလှမ်းများ အရှိန်ထပ်တင်ပါ (Daily, Vol-7/No-175)
01-Nov-2019
အရပ်သားဒီမိုကရေစီအစိုးရ အာဏာရလာသည့် လေးနှစ်နီးပါးခန့် ကာလတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအပိုင်းကို လေ့လာကြည့်သောအခါ စိန်ခေါ်မှုများစွာ၊ အခက်အခဲများစွာနှင့် ရင်ဆိုင်နေခဲ့ရပြီး မျှော်မှန်းထားသလောက် အားရစရာမကောင်းဟု လေ့လာစောင့်ကြည့်သူများက ယေဘုယျမှတ်ချက်ပေးခဲ့ကြပါသည်။ 

သို့သော်လည်း ယခုနှစ်ဆန်းပိုင်းတွင် ပြည်နယ်/တိုင်းဒေသကြီးဝန်ကြီးချုပ် အဆင့်အထိ အဂတိလိုက်စားမှုဖြင့် ထိထိရောက်ရောက်အရေးယူပြခဲ့သည့်ကိစ္စက ဒီမိုကရေစီအစိုးရနှင့်ပတ်သက်၍ ပြည်သူများအကြားစိတ်တိုင်းကျစရာကိစ္စတစ်ခု ဖြစ်ခဲ့ပေသည်။ အကြောင်းမှာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့ခေါင်းဆောင် တစ်ဦးကို အဂတိလိုက်စားမှုဖြင့် လူသိရှင်ကြားအရေးယူခြင်းဟူသည် ပြည်သူများအတွက် တစ်ကြိမ်တစ်ခါမျှမကြုံဖူးသောကိစ္စမျိုးဖြစ်နေခဲ့၍ပင်။ 

အဆိုပါ သတင်းကြောင့် ပြည်သူကိုယ်တိုင်ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားဒီမိုကရေစီအစိုးရသာမက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ပါ ပြည်သူ၏ အမှတ်ပေးစာရင်းတွင် အဆင့်တက်သွားခဲ့သည်ဟု ယူဆရပေသည်။ 

မည်သည့်အစိုးရအဖွဲ့လက်အောက်တွင်ရှိသည်ဖြစ်စေ အာဏာနှင့် လုပ်ပိုင်ခွင့် ရှိသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းဆိုလျှင် အခွင့်အရေးလိုသူများက လှူဒါန်းလို၊ ပေးကမ်းလို၊ ချေးငှားလိုကြသည်မှာ သဘာဝတစ်ခုပင်ဖြစ်သည်။ သို့သော် ယင်းအာဏာနှင့် လုပ်ပိုင်ခွင့်ရှိသူများက မိမိကိုယ်ကျိုးအတွက် အသုံးချသလား၊ သို့မဟုတ် နိုင်ငံနှင့် ဒေသအကျိုးအတွက် အသုံးချသလားဟူသည့်မေးခွန်းပေါ်မူတည်ပြီး အဂတိတရားရှိ၊ မရှိကို တိုင်းတာကြည့်နိုင်ပါသည်။ 

အောက်ခြေမှ အစိုးရအရာရှိတစ်ဦး မိသားစုဝင်ငွေမလောက်၍ လာဘ်ယူသည်၊ အလွဲသုံးစားလုပ်လိုက်မိသည်ဟူသည်မှာ သနားစရာဇာတ်လမ်းတစ်ပုဒ်ဖြစ် နိုင်ကောင်းသော်လည်း အစိုးရအရာရှိအားလုံးနီးပါး မိသားစုဝင်ငွေ မလောက်ငလျှင်မူ အစိုးရအဖွဲ့ပျက်ကိန်းဆိုက်ရန်ရှိသည်ဟူသောအချက်ကို အစိုးရတိုင်းအနေနှင့် သတိပြုရမည်ဖြစ်ပေသည်။

လက်ဖက်ရည်ဖိုး၊ မုန့်ဖိုး၊ ထမင်းဖိုးကအစ ဘောက်ချာပြင်ရေးခြင်း၊ စာရင်းလိမ်ခြင်းအထိ အမှန်တရားတစ်ခုသဖွယ်၊ ထုံးစံတစ်ခုသဖွယ်၊ အခွင့်အရေးတစ်ရပ်သဖွယ် ဖြစ်ခဲ့သောယန္တရားတစ်ခုကို ရုတ်ခြည်းသန့်စင်အောင်လုပ်ဆောင်ရန် မလွယ်ကူသည်မှာ မှန်သော်လည်း တဖြည်းဖြည်းချင်း စနစ်တကျ ကြပ်မတ်သွားမည်ဆိုပါက သန့်ရှင်းသည့် ယန္တရားသစ်၊ တစ်နည်းအားဖြင့် ပြည်သူအပေါ် ခေါင်းပုံဖြတ်လာဘ်ယူသည့် အမှုထမ်းကင်းသော အစိုးရကောင်းတစ်ရပ်ကို ဖန်တီးနိုင်မည်သာပင်ဖြစ်ပါသည်။ 

အဂတိလိုက်စားမှု၊ မူးယစ်ဆေးဝါးအမှုများနှင့်ပတ်သက်လာလျှင် ငါးအသေးလေးတွေသာ ဖမ်းမိပြီး ငါးအကြီးကြီးတွေ မမိနိုင်ဘဲဖြစ်နေခဲ့သည်မှာမှန်သော်လည်း စနစ်တကျတိုင်တန်းမှု၊ စနစ်တကျအရေးယူမှုနှင့် ကျောသား ရင်သားမခွဲခြားသည့် ပြစ်ဒဏ်ပေးမှုတို့ရှိမည်ဆိုပါက ငါးအသေးရော၊ အကြီးပါအကုန်ဖမ်းမိနိုင်မည်ဆိုသောအချက်ကိုလည်း သတိပြုသင့်ပေသည်။ 

ထို့ထက်ပိုအရေးကြီးသည်မှာ စည်းကမ်းတို့ ကျင့်ဝတ်ပိုင်းတို့နှင့် ပတ်သက်လာလျှင် စံပြပုဂ္ဂိုလ်အဖြစ်သတ်မှတ်ခံထားရသော ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးဦးဆောင်သည့် အစိုးရအဖွဲ့တွင် ၎င်း၏အရိပ်ကိုခိုပြီး လှိုင်းစီးနေသည့် အဂတိသမားများကို ပြတ်ပြတ်သားသားဖော်ထုတ်ရေးနှင့် ပြည်သူအပေါ် အမှန်တကယ် စေတနာရှိသည့် နိုင်ငံရေးသမားကောင်းများကို ရှေ့ရောက်အောင် တွန်းတင်ရေးပင်ဖြစ်သည်။ 

ဒီမိုကရေစီအစိုးရအနေနှင့် ပြည်သူအပေါ်ဝန်ထုပ်ဝန်ပိုးဖြစ်နေသာ အဂတိလိုက်စားမှုများနှင့် ခြစားမှုများအား အစဉ်အမြဲ အလေးထားတိုက်ဖျက်လျက်ရှိသည် ဆိုသောအချက်ကို ပို၍လက်တွေ့ကျကျပြသရန်လည်း လိုအပ်ကြောင်း အကြံပြုလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၃၁ - ၁၀ - ၂၀၁၉)