News

POST TYPE

EDITORIAL

ရလဒ်ကောင်းရန် “လူ” ရော၊ “မူ” ပါ အရေးကြီးပါသည် (Daily, Vol-7/No-174)
31-Oct-2019
လာမည့် ၂၀၂၀ ပြည့်နှစ်ဆိုလျှင် ဒီမိုကရေစီရွေးကောက်ပွဲများကျင်းပကာ အသွင်ကူးပြောင်းမှုခြေလှမ်းစတင်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ခုတိုင်တော့မည်ဖြစ် သည်။ တစ်နည်းဆိုရလျှင် မဲဆန္ဒရှင်ပြည်သူများအနေနှင့် လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ ရွေးကောက်ပွဲ၊ မဲဆွယ်ပွဲ၊ မဲဆွယ်ကတိစကား၊ လွှတ်တော် ကိုယ်စားလှယ်များ၏ အရည်အချင်း အစရှိသော ဒီမိုကရေစီနှင့်သက်ဆိုင်သည့် အကြောင်းအရာများနှင့် ရင်းနှီးလာသည်မှာ ၁၀ နှစ်နီးပါးရှိလာတော့မည်ဖြစ်သည်။ 

အတိအကျဆိုရလျှင် ရှစ်နှစ်ကျော် ကိုးနှစ်နီးပါးတာကာလသို့ရောက်လာပြီဖြစ်သော်လည်း အမှန်တွင် မူဝါဒကောင်းများဖြင့် အုပ်ချုပ်ရန် ကြိုးစားတည်ဆောက်နေသည့်အဆင့်တွင်သာ ရှိပါသေးသည်။ 

သို့သော်လည်း နှစ်ကာလကြာမြင့်စွာဖြတ်သန်းခဲ့ရသော ယခင်ခေတ်စနစ်ဟောင်း၏ “မူထက်လူကဆုံးဖြတ်သည်” ဆိုသော အစဉ်အလာက လူထုခေါင်းဆောင်နှင့် လူထုအစိုးရကို လူထုကိုယ်တိုင်က တင်မြှောက်နိုင်သည့် ယနေ့ ဒီမိုကရေစီခေတ်ကာလအထိ အရှိန်မသေသေးဘဲ လိုက်ပါလွှမ်းမိုးနေသေးသည်ကို ပြည်သူအားလုံးက ဦးစွာနားလည်သဘောပေါက်ထားသင့်ပေသည်။ 

ထိုသို့နားလည်သဘောပေါက်မှုရှိမှသာလျှင် “လူ” ထက် “မူ” က ဆုံးဖြတ် ပေးသည့်ခေတ်၊ တစ်မျိုးဆိုရလျှင် တရားဥပဒေစိုးမိုးမှုအပြည့်အဝရှိပြီး ဥပဒေအထက်တွင် မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် ပါတီတို့မှမရှိသောခေတ်သို့ ရောက်ရှိအောင် တည်တည်ငြိမ်ငြိမ်ဖြင့် အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ 

သို့သော်လည်း စာတွေ့သဘော၊ ညွှန်းတမ်းလာသဘောမဟုတ်ဘဲ ပကတိလောကထဲတွင် ပြဿနာပေါင်းစုံရှုပ်ထွေးလှသည့် တိုင်းပြည်တစ်ခုတွင် တည်တည်ငြိမ်ငြိမ် အကောင်အထည်ဖော်ရေးဟူသည်မှာ ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်သည်။ ပြောသလောက်မလွယ်ကူသည်ကို မြန်မာ့အရေးတွင် ထဲထဲဝင်ဝင် ပတ်သက်နေသူများမဆိုထားနှင့်၊ ဘေးမှရပ်ကြည့်နေသူများပင် အပူသောက ရောက်ကြရစမြဲပင်။ 

သို့အတွက်ကြောင့် “လူ” ထက် “မူ” က အာဏာပိုရှိသည့်ခေတ် မည်သည့်အခါရောက်မည်နည်းဆိုခြင်းထက် ပကတိကြုံတွေ့နေရသည့် စိန်ခေါ်မှုကြီးများနှင့် ပြဿနာများကို မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းမည်၊ မည်သည့်နည်းလမ်းဖြင့် ကြိုးစားတည်ဆောက်မည်ဟူသော မေးခွန်းတို့မှာလည်း အရေးကြီးလာသည်ဟု ဆိုရပေမည်။ 

ထို့အတူ တိုင်းပြည်နှင့် လူ့အဖွဲ့အစည်းတွင်း ရင်ဆိုင်နေရသော အခက်အခဲများနှင့် ပြဿနာများကို ဦးဆောင်ဖြေရှင်းရာတွင်၊ တစ်နည်းအားဖြင့် “မူ” ရော၊ “လူ” ပါအရေးပါနေဆဲဖြစ်နေသည့် ခေတ်ကာလထဲတွင် ခေါင်းဆောင်နေရာ၌ရှိသူတို့၏ စိတ်ဓာတ်စွမ်းအား၊ ဝီရိယစွမ်းအားနှင့် အသိဉာဏ်စွမ်းအားတို့မှာ အထူးအရေးကြီးလာပေသည်။ 

ထို့ထက်ပို၍ဆိုရလျှင် လူကောင်းသည်ဖြစ်စေ၊ မူကောင်းသည်ဖြစ်စေ “ရလဒ်” ကောင်းများကို မျှော်လင့်တောင့်တနေသည်မှာ ပြည်သူသာဖြစ်ရာ ပြည်သူကို အရှိန်မသေသေးသော ယခင်ခေတ်က အကျင့်စရိုက်ဆိုးများဖြင့် မဆက်ဆံမိရန် အထူးအရေးကြီးကြောင်း သတိပေးလိုပေသည်။ 

အယ်ဒီတာ (၃၀-၁၀-၂၀၁၉)