POST TYPE

EDITORIAL

မူလပြဿနာကို မေ့မထားသင့်ကြပါ (Daily, Vol-7/No-173)
30-Oct-2019

ယမန်နေ့က ကျင်းပပြုလုပ်သွားသော NCA လေးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလူမျိုးစုများ တန်းတူညီတူဖြစ်ရေးကို အခြေခံသော ဖက်ဒရယ်ပြည်ထောင်စု မတည်ဆောက်နိုင်သေးသရွေ့ ငြိမ်းချမ်းရေးရရှိနိုင်မည့်နည်းလမ်းမမြင်သလို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်သေးသမျှ မြန်မာပြည်တိုးတက်အားကောင်းရန် မဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသွားပေသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်စကားကို အလေးအနက်ဆန်းစစ်ကြည့်မည်ဆိုလျှင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား စည်းလုံးညီညွတ်မှုသည် ဖွံ့ဖြိုးရေး၏ အဓိကအခရာကျပြီး မြန်မာနိုင်ငံတွင် လတ်တလောနှစ်များအတွင်းဖြစ် ပေါ်လာသော အဖြစ်သနစ်များသည် ဖက်ဒရယ်ပြည်ထောင်စုသို့ရောက်ရှိမည့် လမ်းကြောင်းမှ သွေဖည်သွားအောင် လုပ်ဆောင်နေသကဲ့သို့ရှိသည်ကို တွေ့ရပေမည်။ 

ရခိုင်ပြည်နယ်ဆီက ပြဿနာများကို ကြည့်မည်ဆိုလျှင်လည်း နဂိုကတည်းကမှ ဘင်္ဂါလီပြဿနာကြောင့် ပြည်တွင်း၊ ပြည်ပမှ ဖိအားများအဆမတန်ရှိနေချိန်တွင် AA လက်နက်ကိုင်အုပ်စု၏ အကြမ်းဖက်မှုများနှင့် ပုန်ကန်သောင်းကျန်းမှုများက ဘူးလေးရာဖရုံဆင့် သဘောမျိုးဖြစ်လာပြီး အကျပ်အတည်းများမှ လွတ်မြောက်မည့်လမ်းနှင့် ပို၍ဝေးသထက်ဝေးနေသည့် သဘောမျိုးကိုတွေ့မြင်နေရပေသည်။ 

စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုဆိုသည့် ဦးတည်ချက်ဖြင့် အကောင်အထည်ဖော်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထပ်တိုးလာသော အဆိုပါပြဿနာများကြောင့် အိတ်ပေါက်ဖြင့် ခရုကောက်သကဲ့သို့ဖြစ်လာရုံမျှမက အခြားတစ်ဖက်တွင် အခြေခံဥပဒေပြင်ဆင်ရေးကြောင့် ပြီးခဲ့သည့်လများအတွင်း အဓိကအင်အားစုကြီးနှစ်ရပ်ဖြစ်သော NLD နှင့် တပ်မတော်တို့ နိုင်ငံရေးအားစမ်းသည့် သဘောမျိုးဖြစ်လာခဲ့သည်မှာလည်း နိုင်ငံတော်ရှေ့ဆက်ရမည့်လမ်းအတွက် စိုးရိမ်စရာကောင်းလှပေသည်။

အာဏာရှင်စနစ်ကျင့်သုံးသည့်နိုင်ငံဖြစ်စေ၊ ကွန်မြူနစ်နိုင်ငံဖြစ်စေ၊ ဒီမိုကရေစီ နိုင်ငံဖြစ်စေ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ပန်းတိုင်ကို သတ်မှတ်ပုံဖော်ပေးပြီး ယင်းပန်းတိုင်သို့ ဖြောင့်ဖြောင့်မတ်မတ်သွားနိုင်အောင် ထိန်းကျောင်းပေးရသည်မှာ သမိုင်းပေးအစဉ်အလာတစ်ရပ်ပင်ဖြစ်ပေသည်။ ဒီမိုကရေစီနိုင်ငံတွင်မူ မတူကွဲပြားသည့် အုပ်စုများနှင့် စေ့စပ်ညှိနှိုင်းမှုများပြုလုပ်နိုင်လေ ပန်းတိုင်သို့ ဦးတည်သည့် လမ်းမှန်ကိုရှာတွေ့လေဖြစ်ပေသည်။ 

ဓမ္မဓိဋ္ဌာန်ကျကျ တွေးခေါ်နိုင်မှုနည်းပါးခြင်း၊ အနာဂတ်အတွက် ကျယ်ပြန့် သည့် အမြင်မရှိခြင်း၊ မိမိအဖွဲ့အစည်း၏ လွဲမှားမှုများကို ပြန်လည်သုံးသပ်နိုင်စွမ်းမရှိခြင်း အစရှိသည်တို့သည် နိုင်ငံတော်ရော နိုင်ငံသားများပါ ပန်းတိုင်နှင့် ဝေးစေမည့် အကြောင်းအရာများပင်ဖြစ်ပေသည်။ 

သမိုင်းကြောင်းကိုကြည့်မည်ဆိုလျှင် ၁၉၆၂ ခုနှစ်မှစတင်ကာ ၂၀၀၈-ဝ၉/၂၀၁၀ အထိ နှစ်ပေါင်း ၅၀ နီးပါးမျှ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိခဲ့သလို ဒီမိုကရေစီစနစ်နှင့် ပြဒါးတစ်လမ်း သံတစ်လမ်းသဖွယ်ဖြစ်ခဲ့ရာ ယနေ့အချိန်အထိ ဒီမိုကရေစီမဆန်ဘဲ အာဏာရှင်သာဆန်သည့် အပြုအမူ၊ အပြောအဆိုများ အရှိန် မသေသေးခြင်း၊ မတူကွဲပြားခြားနားသည့် အင်အားစုများအကြား တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အသိအမှတ်ပြုနားလည်နိုင်ခြင်းမရှိသေးသလို ပူးပေါင်းဆောင်ရွက်မှုပိုင်းတွင် အားနည်းနေသည်မှာ ထူးဆန်းသည့်ကိစ္စတော့မဟုတ်ဟုဆိုနိုင်ပေသည်။ သို့သော် ပြင်းပြသည့် စိတ်ဆန္ဒနှင့် ပြောင်းလဲလိုသောစိတ်သာ သက်ဆိုင်ရာ Stakeholder အားလုံးတွင်ရှိမည်ဆိုပါက ဒီမိုကရေစီဆန်သည့် အပြုအမူနှင့် လုပ်ဆောင်ချက်ကောင်းများစွာကို မလွဲမသွေမြင်တွေ့ရမည်သာပင်ဖြစ်သည်။

လက်ရှိအချိန်တွင် ကြုံတွေ့နေရသော အခြေအနေအရပ်ရပ်သည် မူလကိစ္စ၊ တစ်နည်းအားဖြင့် လာရင်းကိစ္စနှင့် တဖြည်းဖြည်းချင်းဝေးကွာနေသည်မှာ သေချာနေပေရာ ဒီမိုကရေစီနိုင်ငံတော်ကိစ္စနှင့် ပတ်သက်နေသော အင်အားစုများအားလုံးအနေနှင့် ဓမ္မဓိဋ္ဌာန်ကျသည့် အမြင်၊ လက်တွေ့ကျသည့် လုပ်ကိုင်ဆောင်ရွက်မှုများဖြင့် ပြဿနာများနှင့် အခက်အခဲများကို အတူတကွ တက်တက်ကြွကြွဖြင့် ပူးပေါင်းဖြေရှင်းသင့်ပြီဖြစ်ပါကြောင်း အထူးပင်တိုက်တွန်းလိုပေသည်။ 

အယ်ဒီတာ (၂၉ - ၁၀ - ၂၀၁၉)