News

POST TYPE

EDITORIAL

အကြမ်းဖက်ဝါဒနှိမ်နင်းမည့် အကောင်းဆုံးလက်နက်
29-Oct-2019
အမေရိကန်ပြည်ထောင်စုအပါအဝင် တစ်ကမ္ဘာလုံးက အလိုရှိနေသည့် IS အကြမ်းဖက်အုပ်စုခေါင်းဆောင် အဘူဘာကာအယ်လ်ဘာဒါဒီဆိုသူကို ဆီးရီးယားမြောက်ပိုင်းဒေသမှာ အမေရိကန်ကွန်မန်ဒိုတွေက ချေမှုန်းသုတ်သင်လိုက်သည့် သတင်းမှာ ယမန်နေ့က နိုင်ငံတကာသတင်းမီဒီယာအတော်များများကို လွှမ်းမိုးထားခဲ့သည်ကို တွေ့ရပါသည်။ 

အိုစမာဘင်လာဒင်မရှိတော့သည့်နောက်ပိုင်း ကမ္ဘာ့နံပါတ်တစ် အကြမ်းဖက် ခေါင်းဆောင်ဖြစ်လာသည့် အဆိုပါ IS ခေါင်းဆောင်သေဆုံးသည်ဆိုသောသတင်းကို သမ္မတထရမ့်က ရုပ်သံမှတစ်ဆင့် အရေးပေါ်မိန့်ခွန်းတစ်ရပ်အဖြစ် ကြေညာသွားခြင်းဖြစ်ပါသည်။ 

စစ်မက်ပဋိပက္ခတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေပြီး တိုင်းပြည်ပြိုလဲသလို ဖြစ်နေသည့် ဆီးရီးယားနိုင်ငံမြောက်ပိုင်းက လိုဏ်ခေါင်းတစ်ခုတွင်း IS ခေါင်းဆောင်ကို အမေရိကန်ကွန်မန်ဒိုတွေက လိုက်လံချေမှုန်းနေပုံကို သမ္မတထရမ့်နှင့် အမေရိကန် ထိပ်ပိုင်းစစ်ဗိုလ်ချုပ်ကြီးများနှင့် အရာရှိများက အိမ်ဖြူတော်၏ မြေအောက်အဆင့်တွင်ရှိသော Situation Room မှနေ၍ တိုက်ရိုက်ကြည့်ရှုကွပ်ကဲခဲ့ကြသည်ဟု ဆိုပါသည်။ 

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်က ပါကစ္စတန်နိုင်ငံမှာ အယ်ကေးဒါးအကြမ်းဖက် နံပါတ်တစ်ခေါင်းဆောင်ကြီး အိုစမာဘင်လာဒင်ပုန်းခိုနေသည့်နေရာကို အမေရိကန် ကွန်မန်ဒိုတွေ စီးနင်းချေမှုန်းခဲ့စဉ်ကလည်း ထိုစဉ်က အမေရိကန်သမ္မတဘားရက် အိုဘားမားနှင့် အမေရိကန်ထိပ်ပိုင်းအရာရှိကြီးများက အဆိုပါအခန်းမှနေ၍ပင်တိုက်ရိုက်ကွပ်ကဲကြည့်ရှုခဲ့ကြသည်။ အဆိုပါ ှSituation Room မှ ဓာတ်ပုံများ ကိုကြည့်လျှင် ထရမ့်နှင့် အိုဘားမားတို့၏ မတူညီသော စရိုက်များနှင့် ဟန်ပန်တို့ကိုပင် တွေ့မြင်နိုင်မည်ဖြစ်သည်။ 

IS ခေါင်းဆောင်သတင်းထွက်လာပြီးနောက် ကမ္ဘာ့နိုင်ငံများ၏ တုံ့ပြန်မှု အမျိုးမျိုးကိုတွေ့လာရသည်။ အမေရိကန်တို့နှင့် မဟာမိတ်ဖြစ်သည့်နိုင်ငံများက ထိုသတင်းကိုကြိုဆိုကြသည်။ အမေရိကန်နှင့် ဆန့်ကျင်သည့် (မတည့်သည့်) နိုင်ငံအချို့က ထိုသတင်းမှန်ပါ၏လောဟု စောဒကတက်ကြသည်။ 

အမေရိကန်နှင့် ပြဿနာဖြစ်နေသည့် နိုင်ငံတစ်နိုင်ငံဆိုလျှင် အမေရိကန်တို့သည် ကိုယ်ပိုင်သည့် သတ္တဝါကို ကိုယ်တိုင်ပြန်လည်သတ်ဖြတ်လိုက်ခြင်းသာ ဖြစ်သည်ဟုပင် ဝေဖန်သည်အထိရှိခဲ့ပေသည်။ IS အကြမ်းဖက်အုပ်စုဟူသည် အမေရိကန်တို့ဖန်တီးထားသည့် အုပ်စုသာဖြစ်သည်ဟု စွပ်စွဲလိုက်သည့် သဘောမျိုးဖြစ်သည်။ 

၂၁ ရာစုတွင် ကမ္ဘာကြီးတစ်ခုလုံးကို ရွာငယ်လေးသဖွယ် ကျုံ့သွားအောင် ဖန်တီးနိုင်သည့် အိုင်တီနည်းပညာများ ရှေ့တန်းရောက်လာသလို အကြမ်းဖက်ဝါဒနှင့် ယင်းဝါဒီများမှာလည်း ပုံစံအမျိုးမျိုး ခေါင်းစဉ်အမျိုးမျိုးဖြင့် ခေါင်းထောင်လာကြပေသည်။ အကြမ်းဖက်ဝါဒနှင့်ပတ်သက်၍ ပညာရှင်အသီးသီးတို့၏ သုတေသနပြုချက်၊ ဆန်းစစ်ချက်များစွာရှိသော်လည်း လိုရင်းကိုပြောရလျှင် ယင်း အယူဝါဒခေါင်းထောင်လာရမှု၏ အဓိကအကြောင်းအရင်းများတွင် မိမိအယူဝါဒနှင့် မတူသော အယူဝါဒကို ဆန့်ကျင်လိုခြင်းနှင့် တရားမျှတမှုမရှိခြင်းတို့ပါဝင်နေပေသည်။

မတူညီသော ယဉ်ကျေးမှုများ၊ အယူဝါဒများ ဒွေးရောယှက်တင်ဖြစ်လာသည့် ခေတ်၊ ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့နေထိုင်မှုပိုမိုများပြားလာသော ခေတ်ထဲတွင် လူသားတို့သည် မိမိတို့၏ အစဉ်အမြဲ အမြတ်တနိုးတန်ဖိုးထားလာသည်များ ကွယ်ပျောက်သွားမည်ကို အထူးပင်စိုးရိမ်စိတ်များလည်း ကြီးထွားလာကြပါသည်။ အဆိုပါအရာများဆက်လက်တည်မြဲနေရေးအတွက် ကြိုးပမ်းရာ၌ အစွန်းရောက်သည့် နည်းလမ်းများ၊ အကြမ်းဖက်သည့်နည်းလမ်းများကို ဆင်ခြင်တုံတရား ကင်းမဲ့စွာ ကျင့်သုံးလာကြရာမှ အကြမ်းဖက်ဝါဒ၊ အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်ဝါဒ ဟူသည်မှာ ကမ္ဘာကြီးပေါ်မှ လူ့အဖွဲ့အစည်းတိုင်းကို ခြိမ်းခြောက်လာသည်အထိ ဖြစ်ခဲ့ရပေသည်။ 

တိုင်းရင်းသားလူမျိုးစုံရှိပြီး ဒီမိုကရေစီတည်ဆောက်ရေး ခရီးကြမ်းကြီးကို ဖြတ်သန်းနေရသည့် မြန်မာနိုင်ငံတွင်မူ မည်သည့်ဘာသာကိုးကွယ်သည်ဖြစ်စေ၊ မည်သည့်အသားအရောင်ပိုင်ဆိုင်သည်ဖြစ်စေ မိမိတို့၏ အမျိုးသားရေး စရိုက်လက္ခဏာများနှင့် ယဉ်ကျေးမှုများ မပျောက်ပျက်အောင် ထိန်းသိမ်းရေးနှင့် အစွန်းရောက် အကြမ်းဖက်လိုသည့် အယူဝါဒများမကြီးထွားရေးတို့အတွက် အသိဉာဏ်ပညာရော၊ မေတ္တာတရားပါ ကြီးမားရန် အထူးလိုအပ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။ 

အယ်ဒီတာ (၂၈-၁၀-၂၀၁၉)


  • VIA