News

POST TYPE

EDITORIAL

မူးယစ်လူနာများကို စနစ်တကျကယ်တင်ပါ
09-Oct-2019
ယမန်နေ့ညနေပိုင်းက ပေါ့ပ်အဆိုတော်တစ်ဦး မြန်မာပလာဇာတွင် မူးယစ်ဆေးဝါးမှုဖြင့် ရဲက ဖမ်းဆီးထိန်းသိမ်းလိုက်သည့် သတင်းနှင့် ဖမ်းဆီးနေပုံကို ရိုက်ကူးထားသည်ဟု ယူဆရသော ဗီဒီယိုဖိုင်မှာ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့သွားခဲ့သည်။ 

အဆိုတော်၊ တေးရေးဆရာ၊ သရုပ်ဆောင်စသည့် အနုပညာရှင်အချို့ မူးယစ်ဆေးသုံးသည့်ကိစ္စမှာ ရှေးယခင် ခေတ်ပေါ်သီချင်းသီဆိုသည့် အဆိုတော်ကြီးများလက်ထက် ၁၉၈၀ ပြည့်နှစ်များကတည်းက ယနေ့ခေတ်ကာလအထိရှိနေဆဲပင်ဖြစ်ပါသည်။ 

သို့သော် မူးယစ်ဆေးဝါးတစ်ခုခု၏ သားကောင်ဘဝသို့ ရောက်မသွားဘဲ အနုပညာအလုပ်များကို အံ့မခန်းအောင်မြင်ပေါက်မြောက်သည်အထိ လုပ်ပြနေသည့် အနုပညာရှင်ပေါင်းများစွာ မြန်မာပြည်တွင်သာမက နိုင်ငံတကာတွင်လည်း အမြောက်အမြားရှိသည်ကို အနုပညာရှင်များ၊ အထူးသဖြင့် လူငယ်များ သိထားရမည်ဖြစ်ကြောင်း ဦးစွာပြောလိုပေသည်။ 

စိတ်ကြွရူးသွပ်ဆေးပြားဖြစ်စေ၊ ဘိန်းဖြူဖြစ်စေ တစ်စုံတစ်ခုကို မသုံးလျှင်မနေနိုင်အောင်စွဲနေပြီဆိုပါက အနုပညာရှင်ဖြစ်စေ၊ အနုပညာရှင် မဟုတ်သည်ဖြစ်စေ ဘေးပတ်ဝန်းကျင်က “ဆေးသမား”ဟု ဦးစွာနှိမ်ချခေါ်ဆိုခံရမည်မှာ သေချာပါသည်။ “မူးယစ်လူနာ”၊ “မူးယစ်ဆေးစွဲနေသူ” စသည်ဖြင့် ရင့်သီးမှုနည်းသော ဝေါဟာရဖြင့် သုံးနှုန်းမည့်သူဟူသည်မှာ မရှိသလောက်ရှားသည်မှာလည်း အားလုံးအသိပင် ဖြစ်ပါသည်။ 

မူးယစ်လူနာများ၊ တစ်နည်းအားဖြင့် မူးယစ်ဆေးဝါး၏ သားကောင်ဘဝသို့ ရောက်သွားသူများနှင့်ပတ်သက်၍ ကြိုးပမ်းချက်အချို့ ၂၀၁၇ ခုနှစ်ကထွက်ပေါ်ခဲ့ဖူးပေသည်။ ယင်းမှာ မူးယစ်ဆေးဝါး ဥပဒေ ပုဒ်မ ၁၅ ဖြင့် မူးယစ်ဆေးသုံးစွဲသူကို ထောင်ဒဏ်ချမှတ်မှုအား ဖျက်သိမ်းပြီး လူမှုရေးပြစ်ဒဏ်ချမှတ်နိုင်မည့် ဥပဒေကြမ်းတစ်ရပ်ကို သက်ဆိုင်ရာပညာရှင်များ ရေးဆွဲခဲ့ခြင်းဖြစ်သည်။ သို့သော် အဆိုပါဥပဒေ ကိစ္စရှေ့ဆက်ရေးအတွက် ဘာတစ်ခုမျှ ယနေ့အချိန်အထိ ရှင်းရှင်းလင်းလင်း မရှိသေးပေ။ 

မူးယစ်ဆေးသုံးသူများကို ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်အရေးယူနေသည့် ယခင်လမ်းဟောင်းအတိုင်းသာ ဆက်လျှောက်နေရဆဲပင်ဖြစ်သည်ကိုတွေ့ရပါသည်။ သို့အတွက်ကြောင့် မူးယစ်လူနာများမှာ ပြန်လည်ထူထောင်ရေးစင်တာများတွင် လေ့ကျင့်သင်ကြားပေးမှု၊ ကုသမှုတို့ခံယူကာ ဘဝသစ်တစ်ခုကို စိတ်ကူးဖြင့် ပုံဖော်နေရမည့်အစား အကျဉ်းထောင်အသီးသီးတွင်သာ အချိန်ကုန်ဆုံးနေကြရသည်မှာ ဝမ်းနည်းစရာပင်။ ထို့ထက်ပို၍ စိတ်နာစရာကောင်းသည်မှာ မူးယစ်ဆေးဝါးမျိုးစုံ အဓိကထွက်ရှိရာ “တာ” ကို ယနေ့အထိ အမြစ်လှန်ဖျက်ဆီးရန် မဆိုထားနှင့်၊ ဖြန့်ဖြူးနေသည့် လက်တံကြီးများအားလုံးကိုပင် မနှိမ်နင်းနိုင်ခြင်းဖြစ်ပေသည်။ 

စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးသုံးစွဲသူဦးရေ သုံးသိန်း ခန့်ရှိသော်လည်း တရားဝင်ဆေးကုသမှုခံယူခဲ့သော လူနာမှာ ၉၀၀၀ ကျော်ခန့်သာ ရှိသည်ကိုကြည့်မည်ဆိုပါက ကုသမှုခံယူလိုစိတ်ပေါ်ပေါက်အောင် အသိပညာပေးမှုအပိုင်း၊ ကုသပေးနိုင်မှုအပိုင်းနှင့် ပြန်လည်ထူထောင်ရေးအပိုင်းတို့၏ အားနည်းချက်များစွာရှိနေသည်ကို တွေ့ရမည်သာဖြစ်ပေသည်။ 

မူးယစ်ဆေးစွဲသည့်လောက၊ အထူးသဖြင့် ဘိန်းဖြူစွဲသူများအကြား “ခေတ္တထွက်စို့”ဟုဆိုသော တစ်ခဏတာမျှသာ ဆေးပြတ်နိုင်ပြီး စွဲဖူးသူမည်သူမျှ ထာဝရဆေးမပြတ်နိုင်ကြောင်း ပြောလေ့ရှိကြသည်မှာလည်း ကုသမှုပိုင်းနှင့် ပြန်လည်ထူထောင်ရေးပိုင်း အားနည်းချက်ကြောင့်ဟု ဆိုလျှင်မှားမည်မဟုတ်ပေ။ 

မည်သို့ပင်ဆိုစေကာမူ မူးယစ်လူနာများ ဘဝသစ်တစ်ခုပြန်လည်ထူထောင်နိုင်ရေးမှာ လူ့အဖွဲ့အစည်းတစ်ခုလုံး၏ တာဝန်ဖြစ်ပေရာ မူးယစ်ရာဇာများ အမြစ်ပြတ် နှိမ်နင်းရေးနှင့် ကံမကောင်းအကြောင်းမလှဘဲ မူးယစ်သားကောင် ဖြစ်ခဲ့ရသူများ ကယ်တင်ရေးကိုပါ သက်ဆိုင်သူများအားလုံးက ရဲဝံ့ပြတ်သားစွာလုပ်ဆောင်ကြရန် လိုအပ်ကြောင်း ဖော်ပြလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၈-၁၀-၂၀၁၉) 



  • VIA