News

POST TYPE

EDITORIAL

ပထမ ပုဂ္ဂလိကဘဏ်က ရှယ်ယာတစ်စုကို ကျပ်လေးသောင်းဝန်းကျင်ဖြင့် ရောင်းမည်ဟုဆို
20-Nov-2016 tagged as ရှယ်ယာ ဘဏ်

ရန်ကုန်၊ နိုဝင်ဘာ ၂ဝ

ပထမပုဂ္ဂလိကဘဏ် (First Private Bank) က ဒီဇင်ဘာလကုန်တွင် အစုရှယ်ယာ တစ်စုကို ကျပ်လေးသောင်းဝန်းကျင်ဖြင့် ရန်ကုန်စတော့အိတ်ချိန်း၌ ရောင်းချမည် ဖြစ်ကြောင်း ယင်းဘဏ်ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က ပြောကြားသည်။

ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်ရန် ယခုနှစ် အစောပိုင်း ကာလကပင် ပြင်ဆင်ခဲ့ပြီး ဒီဇင်ဘာလလယ်တွင် တရားဝင်လိုင်စင် ရရှိမည်ဟု ခန့်မှန်းထားသောကြောင့် လကုန်တွင် စတော့အရောင်းအဝယ် စလုပ်ရန် ပြင်ဆင်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“စတော့အိတ်ချိန်း မဝင်မီ လောလောဆယ် အစုရှယ်ယာဝယ်မယ် ဆိုရင်တော့ ဈေးသက်သာတယ်။ စတော့မှာတော့ အလားအလာကောင်းတဲ့ ကုမ္ပဏီမှာ အစုရှယ်ယာဝယ်တဲ့သူ များပြီး ဈေးက ဆက်တက်နေမှာပါ” ဟု ၎င်းက ဆိုသည်။

ပထမပုဂ္ဂလိကဘဏ်၏ လက်ရှိ အစုရှယ်ယာရောင်းဈေးမှာ တစ်စုလျှင်  ကျပ်သုံးသောင်းနှစ်ထောင် ရှိပြီး ရန်ကုန်စတော့အိတ်ချိန်း စာရင်းတင်ရောင်းချမည့် အစုရှယ်ယာပမာဏမှာ ငါးသိန်းဝန်းကျင် ရှိကြောင်း ဒေါက်တာစိန်မောင်က ပြောကြားသည်။

ပထမပုဂ္ဂလိကဘဏ်သည် လက်ရှိအချိန်တွင် ဘဏ်မတည်ရင်းနှီးငွေမှာ ကျပ်သန်း ၇၄,၆၆၂ ဒသမ ၄၉ ရှိပြီး အပြည်ပြည်ဆိုင်ရာ ဘဏ်လုပ်ငန်းများ၊ မိုဘိုင်းလ်ဘဏ်လုပ်ငန်း ဖြစ်သော Mykyat နှင့် ပြည်တွင်းဘဏ်လုပ်ငန်နှင့် သက်ဆိုင်သော ဝန်ဆောင်မှုများ လုပ်ကိုင်လျက်ရှိသည့်ဘဏ် ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်စတော့အိတ်ချိန်း၌ FMI ကုမ္ပဏီ၊ မြန်မာသီလဝါ  အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်းအများပိုင် ကုမ္ပဏီ (MTSH) နှင့် မြန်မာနိုင်ငံသားများဘဏ် (MCB) တို့က နေ့စဉ်ရှယ်ယာ အရောင်းအဝယ် ပြုလုပ်လျက် ရှိသည်။