News

POST TYPE

EDITORIAL

တော်လျှင်ခံရသည့်ခေတ် ကုန်သင့်ပါပြီ (Daily, Vol-7/No-148)
30-Sep-2019
၈၈ အရေးအခင်းပြီးနောက်ပိုင်း တစ်ချိန်တစ်ခါက နာမည်ကျော်စာရေးဆရာ တစ်ဦးက (မောင်သာရဟုထင်သည်) “မြန်မာပြည်မှာ တော်ရင်ခံရပြီသာမှတ်”ဆိုသည့်စကားတစ်ခွန်း ပြောဆိုခဲ့ဖူးရာ ယင်းစကားသည် ထိုခေတ်ထိုအခါက စာပေလောကတွင်သာမက ဝန်ထမ်းလောကတွင်ပါ လူပြောများသည့် စကားတစ်ခွန်း ဖြစ်သွားခဲ့ဖူးသည်။

တစ်သွေးတစ်သံတစ်မိန့်ဖြင့် အကွန့်တက်၍မရသော ခေတ်ကာလတွင် ပြည်ပနှင့်အဆက်အသွယ်လည်းရှိ ထူးချွန်ထက်မြက်မှုလည်းရှိကြသော မြန်မာပညာတတ် အတော်များများ ပြည်ပသို့ရောက်သွားကြသည်။ အချို့က ဝန်ကြီးဌာနတွင်း မိုးကျ ရွှေကိုယ်များဝင်ရောက်လာပြီး ဖိနှိပ်မှုများပြုလုပ်လာမှုအပေါ် မကျေနပ်၍ ပြည်ပသို့ထွက်သွားခြင်းဖြစ်ပြီး အချို့ကတော့ နိုင်ငံရေးနှင့်တစ်စုံတစ်ရာ ပတ်သက်မိ၍ အလုပ်ထုတ်ခံရပြီးနောက် ပြည်ပသို့ရောက်သွားကြခြင်းဖြစ်သည်။

အချို့က အာရှဒေသတွင်းမှ စင်ကာပူ၊ မလေးရှား၊ ဂျပန်နှင့် တောင်ကိုရီးယား စသည့်နိုင်ငံများသို့ရောက်သွားကြပြီး အချို့မှာမူ အမေရိကန်ပြည်ထောင်စုနှင့် အနောက်ဥရောပနိုင်ငံများသို့ ရောက်သွားကြသည်။ ထို့နောက် တိုင်းပြည်မှာ Brain Drain ဆိုသည့် ဦးနှောက်ယိုစီးမှု ပြဿနာနှင့် ဆိုးဆိုးရွားရွား ကြုံတွေ့လာ ခဲ့ရပေသည်။

နောက်ပိုင်းတွင်လည်း ပြည်တွင်းတွင် အခွင့်အလမ်းများ နည်းပါးခြင်း၊ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းကြခြင်း၊ အရည်အချင်းအလိုက် အကျိုးခံစားခွင့် မရခြင်းစသည့် အကြောင်းအမျိုးမျိုးကြောင့် တော်သူတတ်သူ၊ ထက်မြက်သူ အများအပြား ပြည်တွင်းမှ အစုလိုက်အပြုံလိုက် ထွက်ခွာသွားသောကြောင့် နယ်ပယ်စုံတွင် အားနည်းသွားခဲ့ပေသည်။

ခေတ်အပြောင်းအလဲများ စတင်ဖြစ်ပေါ်ခဲ့သည့် ၂၀၁၁ ခုနှစ်လောက်ကစပြီး ပြည်ပတွင် နိုင်ငံတကာ လုပ်ငန်းအတွေ့အကြုံလည်းရှိ၊ ကမ္ဘာ့အဆင့်မီအောင်လည်း လုပ်ကိုင်တတ်သည့် မြန်မာများ အမိမြေ၌ အလုပ်ပြန်လုပ်ရန် ဝင်ရောက်လာသူ အတော်အတန် ရှိလာခဲ့ပါသည်။

သို့သော်လည်း သင့်တင့်လျောက်ပတ်သော အကျိုးခံစားခွင့်မရှိခြင်း၊ ထိုက်တန်သောလစာမရရှိခြင်း၊ မိမိတတ်မြောက်လာသောပညာကို ထုတ်ဖော်ပြခွင့်ရရန် အခြေအနေ နည်းပါးခြင်းစသည်တို့ကြောင့် ပြည်ပရောက်သွားသော ဦးနှောက်ကောင်းများ ပြည်တွင်းသို့ ပြန်ဝင်လာအောင် ဖန်တီးရေး၊ တစ်နည်းအားဖြင့် Brain Gain ပြန်ဖြစ်အောင် လုပ်ဆောင်ရေးမှာ ထင်သလောက် ခရီးမပေါက်သေးပေ။

သည်ဘက်ခေတ်စကားနှင့် ပြောရလျှင် ပြည်ပသို့သွားရောက်ပြီး Update လုပ်ထားသော မြန်မာ့ဦးနှောက်များ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်တွင် အကျိုးရှိရှိအသုံးချနိုင်ရန် ပြည်တွင်းသို့ ခပ်မြန်မြန်ပြန်လည် ဝင်ရောက်လာရေးအတွက် ပြည်တွင်းမှ သက်ဆိုင်ရာဌာနအသီးသီး၏ နွေးထွေးမှုနှင့် နေရာဖန်တီးပေးနိုင်မှုတို့မှာ အထူးအရေးကြီးနေပြီဖြစ်ပါသည်။

အိမ်နီးချင်း တရုတ်နိုင်ငံ အာရှဆူပါပါဝါအဆင့်သို့ အံ့မခန်းရောက်ရှိလာခြင်းမှာ ပြည်ပတွင် Update လုပ်ထားသော ဦးနှောက်များကို ပြည်တွင်းသို့ စနစ်တကျ ဝင်ရောက်လာနိုင်အောင်၊ ပြည်တွင်း၌ ၎င်းတို့၏ ကမ္ဘာ့အဆင့်မီ အတွေ့အကြုံများနှင့် ပညာရပ်များကို အကျိုးရှိရှိ ပြန်လည် အသုံးပြုနိုင်အောင် ဖန်တီးနိုင်ခဲ့၍ဖြစ်ပေ သည်။

မြန်မာတို့အတွက်တော့ “တော်ရင် ချောင်ထိုးခံရပြီ” ဆိုသော သဘောတရားကို ဌာနအသီးသီး၊ နယ်ပယ်အသီးသီးတွင် ချေဖျက်ပစ်နိုင်မှသာ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စကို ဖြောင့်ဖြောင့်မတ်မတ် အကောင်အထည်ဖော်နိုင်မည်ဟု ဆိုလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၃၀-၉-၂၀၁၉)