News

POST TYPE

EDITORIAL

အသက် ၇၀ ပြည့်သွားသည့် အိမ်နီးချင်းပေါက်ဖော် (Daily, Vol-7/No-144)
25-Sep-2019

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံကြီးတစ်ခုဖြစ်သော တရုတ်ပြည်က မြို့ကြီး အတော်များများတွင် ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်ခြင်းနှစ် ၇၀ ပြည့်အထိမ်းအမှတ်နေ့အတွက် မီးတွေထိန်ထိန်လင်းအောင် ထွန်းညှိထားပုံတွေကို တရုတ်သတင်းမီဒီယာတွေမှာသာမက အနောက်မီဒီယာတွေမှာပါ ယခုရက်ပိုင်း တွေ့မြင်ရပါသည်။

ပြီးခဲ့သည့် သီတင်းပတ်တုန်းကလည်း အဆိုပါ နှစ် ၇၀ ပြည့်အထိမ်းအမှတ်အဖြစ် တရုတ်သံရုံးက ရန်ကုန်မြို့တွင် ဂုဏ်ပြုဧည့်ခံညစာစားပွဲတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သေးသည်။ ကျွန်ုပ်တို့ The Voice Daily မှ သတင်းစာဆရာများ ခရီးလွန်သူက လွန်၊ အလုပ်ပိသူက ပိနေခြင်းကြောင့် အဆိုပါ အခမ်းအနားသို့ မတက်ရောက်နိုင်ခဲ့ပေ။

နှစ် ၇၀ တာကာလ ယနေ့တရုတ်ပြည်မှာ အံ့မခန်းလောက်အောင် တိုးတက်ဖွံ့ဖြိုးနေပြီဖြစ်သည်။ သိပ္ပံ၊ စက်မှုလက်မှုနှင့် နည်းပညာတို့တွင် ထိပ်တန်းအဆင့်သို့ရောက်ရှိနေသည်မှာ မည်သူမျှမငြင်းနိုင်ပေ။ တရုတ်တို့၏ ချမ်းသာကြွယ်ဝမှုမှာလည်း ယနေ့ကမ္ဘာတွင် ကြောက်ခမန်းလိလိပင်။

အမေရိကန်ပြည်ထောင်စုနှင့် အနောက်ဥရောပနိုင်ငံအတော်များများသို့ လာရောက်လည်ပတ်သူအများစုမှာ အာရှသား တရုတ်တို့ပင်ဖြစ်သည်။ ယင်းနိုင်ငံများမှ တက္ကသိုလ်များတွင် လာရောက်ပညာသင်ကြားနေသူ ကျောင်းသား၊ ကျောင်းသူများမှာလည်း တရုတ်တို့သာများသည်။ ဥရောပနိုင်ငံအချို့ဆိုလျှင် Chinese Tourist များအတွက် Tour Guide ကို တရုတ်လူမျိုးများကိုပင် ပြန်လည်ငှားရမ်းထားကြရသည်အထိဖြစ်လာသည်ကို ဥရောပသို့ သွားရောက်လည်ပတ်ဖူးသူတိုင်း သတိပြုမိပေလိမ့်မည်။

တရုတ်နှင့်ပတ်သက်လာလျှင် မြန်မာနိုင်ငံတွင် ပြောစရာအကြောင်းအရာများစွာရှိသည်။ ကုန်စည်များ အရောင်းအဝယ်ကိစ္စမှသည် ဧရာမစီးပွားရေး လုပ်ငန်းကြီးများ၊ ရင်းနှီးမြှုပ်နှံမှုကြီးများအထိ ပြောမကုန်နိုင်ပေ။ မြန်မာတွေ တရုတ်တို့အကြောင်း ဘယ်လောက်သိကြ၊ ဘယ်လောက်လေ့လာထားကြသနည်းဟု မေးစရာရှိသည်။

သေချာသည်မှာ တရုတ်တို့သည် ၎င်းတို့၏အိမ်နီးချင်း မြန်မာ့နိုင်ငံရေးနှင့် စီးပွားရေးကအစ ဓလေ့စရိုက်အတော်များများကို စနစ်တကျ လေ့လာလျက်ရှိပေသည်။

ယခုအခါ တရုတ်သည် အမေရိကန်၏ နေရာကိုဖယ်ပြီး အာရှစစ်သူကြီးနေရာကိုပင် ရယူလာပြီဟူသော မှတ်ချက်မျိုး ကမ္ဘာ့နိုင်ငံရေးပညာရှင်များအကြား မှတ်ချက်ပေးပြောဆိုလာသည်ကို တွေ့ရသည်ကတစ်ကြောင်း၊ တရုတ်စီးပွားရေး လုပ်ငန်းအများစု မြန်မာဘက်တွင်ဝင်ရောက်လုပ်ကိုင်မှု ပိုမိုများပြားလာသည်ကတစ်ကြောင်း စသည်တို့ကြောင့် တရုတ်ပြည်၏ အိမ်နီးချင်းနိုင်ငံများအပေါ် ထားရှိသည့်မူဝါဒအပြင် အခြားကမ္ဘာ့နိုင်ငံများအပေါ် ထားရှိသည့် မူဝါဒများကို မြန်မာတို့အနေနှင့် ထဲထဲဝင်ဝင် လေ့လာထားသင့်ပြီဟု ယုံကြည်သည်။

တရုတ်ကို အချို့က ကမ္ဘာ့ဆူပါပါဝါအဖြစ် သတ်မှတ်သည်။ မှန်ပါသည်။ သတ်မှတ်၍ လည်းရနိုင်သည့် အနေအထားသို့ ရောက်နေပြီဟု ဆိုနိုင်သည်။ သို့သော် ဆူပါပါဝါတို့မည်သည် အစစအရာရာ တာဝန်ယူမှုနှင့် တာဝန်ခံမှုတို့ အတိုင်းထက် အလွန် ပေးနိုင်သူကို ဆိုလိုပေသည်။

ရေမြင့်လျှင် ကြာတင့်သည်ဆိုသော မြန်မာ့ဆိုရိုးအရဆိုပါက တရုတ်ပြည်အံ့မခန်း ဖွံ့ဖြိုးခြင်းသည် အာရှသားတို့အတွက်လည်း ဂုဏ်သိက္ခာ မြင့်တက်စေသည့် ကိစ္စဖြစ်သည်။ သို့သော် ယင်းဖွံ့ဖြိုးမှုသည် အခြားအာရှသားတို့၏ မျက်ရည်များနှင့် အနာဂတ်များဖြင့်ရရှိခဲ့ခြင်း မဟုတ်ပါဟူသောအချက်ကို ကမ္ဘာသိအောင် ချပြနိုင်ရမည်။

မြန်မာနှင့်ပတ်သက်၍ အိမ်နီးချင်းပေါက်ဖော်တို့ အထူးလိုအပ်နေသည့် အချက်မှာ အဆိုပါအရာနှစ်ခုနှင့် စမတ်ပါဝါဟု ဆိုချင်သည်။ အဆိုပါ အရည်အချင်းတို့နှင့် ပြည့်စုံလျှင် ပေါက်ဖော်တို့အနေနှင့် မြန်မာတို့နှင့် ယုံကြည်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မည်ဖြစ်သည်။ အိမ်နီးချင်းကောင်းဟူသည် ရွေးချယ်၍ရသောကိစ္စ မဟုတ်ဟူသောအချက်ကိုလည်း မြန်မာတို့ရော တရုတ်တို့ပါ သိထားသင့်သည်။

အရေးအကြီးဆုံးမှာ အိမ်နီးချင်း တရုတ်ပြည်နှင့်ပတ်သက်လာလျှင် အလွန်အမင်း သံသယကြီးကာ အကြောက်လွန်နေပါက အမုန်းတရားဘက်သို့ ဦးတည်နိုင်သောအချက်ကို သတိပြုသင့်သလို တရုတ်တို့၏မူဝါဒနှင့် ခြေလှမ်းများကို အမှုမဲ့၊ အမှတ်မဲ့ သဘောထားပြီး ဂရုမစိုက်ဘဲနေပါက ၎င်းတို့နှင့်ပတ်သက်လျှင် အမြဲတစေနောက် ကောက်ကျကျန်ရစ်ရုံမျှမက အသုံးချခံဘဝသို့ပင် အစဉ်ရောက်ရှိသွားနိုင်သည်ကိုလည်း သတိပြုသင့်ကြောင်း အကြံပြုလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၂၅-၉-၂၀၁၉)