News

POST TYPE

EDITORIAL

ကိုယ့်ဒိန်ခဲကို ကိုယ်ကိုယ်တိုင် ရွှေ့နိုင်ရန် အရေးကြီးသည် (Daily, Vol-7/No-143)
24-Sep-2019

အိုင်တီနည်းပညာများ၊ လူမှုကွန်ရက်များနှင့် အင်တာနက်တို့ ချိတ်ဆက်မိသွားသည့်ခေတ်တွင် ဖြစ်လာသော အပြောင်းအလဲများကား လျင်မြန်လွန်းလှသည်မှာ ငြင်းရခက်ပေသည်။

ရုပ်မြင်သံကြားစက်များနှင့် ဗီဒီယိုများပေါ်လာချိန်တွင် ရေဒီယိုစတားများမှာ မှေးမှိန်သွားခဲ့ကြသည့်ဖြစ်စဉ်ကမှ အချိန်ကြာကောင်းကြာခဲ့နိုင်ပေသည်။ ယနေ့လို နည်းပညာ App များနှင့် Touch Screen များပေါ်တွင် တည်ဆောက်ထားသော ခေတ်ကာလထဲက အပြောင်းအလဲများမှာ ကြောက်ခမန်းလိလိပင် မြန်ဆန်လှပေသည်။

လွန်ခဲ့သည့် ဆယ်နှစ်နီးပါးလောက်က ဘလော့ဂ်ဂါ (Blogger) တွေ တစ်ခေတ်ထခဲ့ကြသည်။ ဘလော့ဂ်မှ မရေးနိုင်လျှင် လူရာမဝင်သလို ပုံစံပင်ရှိခဲ့သော်လည်း ယခုအခါ ဘလော့ဂ်ရေးသည့်ကိစ္စကို မည်သူမျှစိတ်မဝင်စားကြတော့။ “www” ဟူသည့် ကမ္ဘာချိတ်ဆက်ကွန်ရက်ကို စတင်ရိုက်နှိပ်ပြီးဝင်ရသည့် အင်တာနက် ဝက်ဘ်ဆိုက်များကိုပင် ပုံမှန်ဝင်ကြည့်ချင်သူ များများစားစား သိပ်မရှိလှတော့ပေ။

အစစအရာရာကို ဆိုရှယ်မီဒီယာနှင့် App တို့ကသာ ဦးဆောင်နေသည်။ TikTok ဆိုသည့် Video App ကို မသုံးတတ်လျှင် တစ်ခေတ်နောက်ကျသည့် သဘောမျိုးဖြစ်လာသည်။ ကမ္ဘာသူ ကမ္ဘာသားများ အချင်းချင်း ချိတ်ဆက်ကစားနိုင်သည့် အွန်လိုင်းဗီဒီယိုဂိမ်းများက မျိုးဆက်သစ်လူငယ်များ၏ ဥဒါဟရုဏ်တွေဖြစ်ကုန်သည်။

ယင်းဗီဒီယိုဂိမ်းများက ဘဝတိုးတက်မှုကို မည်သို့ထိခိုက်နိုင်ကြောင်း ပြောသူများပင် ပါးစပ်အမြှုပ်ထွက်ချင်ထွက်သွားနိုင်သည်၊ ဒုနှင့်ဒေးရှိနေသော Gamer မျိုးဆက်များက နေ့စဉ်နှင့်အမျှ Battleground အသစ်များတွင် ဗျူဟာအသစ်များရှာရင်း မွေ့လျော်နေကြသည်။ မှားသည်၊ မှန်သည်ဟု ဆုံးဖြတ်ရန်ခက်သည့် အနေအထားမဟုတ်ပါလော။

လျင်မြန်သော အပြောင်းအလဲများနှင့်အတူ ကျွန်ုပ်တို့အားလုံး၏ စံနှုန်းများမှာလည်း လိုက်ပါပြောင်းလဲလျက်ရှိသောအချက်ကို သတိပြုကြည့်မိရန်လိုပါသည်။ The Voice Daily က သတင်းစာတစ်စောင်ဖြစ်နေတော့ သတင်း၊ ဆောင်းပါးတို့နှင့် ပတ်သက်တာကို ဥပမာပေးပြောရမည်ဆိုလျှင် စာဖတ်သူ အတော်များများ စာရှည်လျှင် မဖတ်ချင်ကြတော့။

၂ မိနစ်ဖတ်၊ ၃ မိနစ်ဖတ် စသည့် လိုရင်းတိုရှင်းသဘောဖြင့် တိုတိုကျစ်ကျစ် ရေးသားထားသည့် အကြောင်းအရာများကိုဖတ်ရန် အားသန်လာသူများလာသည်။ စာဖတ်သူများကို ပေးချင်သည့်မက်ဆေ့ခ်ျ (ပြောချင်သည့်အကြောင်းအရာ) ကို လိုတိုရှင်းပြောတတ်သည့် မြန်မာစာအရည်အချင်းတစ်ရပ် အထူးလိုအပ်လာသည်။

ဆိုရလျှင် နည်းပညာ တွန်းအားကြောင့် အပြောင်းအလဲ များလွန်း၊ မြန်လွန်းသောခေတ်ထဲတွင် ယင်းအပြောင်းအလဲများကို မျက်ခြည်မပြတ်ရန် မိမိတို့ တစ်ဦးချင်းစီအလိုက်သော်လည်းကောင်း၊ အဖွဲ့အစည်းအလိုက်သော်လည်းကောင်း ပြင်ဆင်ထားနိုင်မှ ကမ္ဘာ့ရွာကြီးထဲတွင် မိမိဒိန်ခဲကို မိမိကိုယ်တိုင် လှလှပပ ရွှေ့ခွင့်ရမည်သာဖြစ်ကြောင်း သတိပေးလိုရင်းဖြစ်ပေသည်။

အယ်ဒီတာ (၂၄-၉-၂၀၁၉)