News

POST TYPE

EDITORIAL

မြန်မာတွေ လိုအပ်နေသည့် တည်ဆောက်ရေးတစ်ခု (Daily, Vol-7/No-142)
23-Sep-2019
တစ်လတစ်ခါဖွင့်သည့် အောင်ဘာလေထီကို ကံစမ်းလေ့ရှိသူများ ပြောလေ့ရှိသည့် စကားတစ်ခွန်းရှိသည်။ “ထီပေါက်လျှင်ပြီးပြီ”ဟူ၍။ ထီပေါက်လျှင် ဘဝမှာ ကြုံတွေ့နေရသည့် ကိစ္စဝိစ္စတွေအားလုံး ပြေလည်သွားပြီဟု ထင်မှတ်လေ့ရှိသည်မှာ လူ့သဘာဝပင်။

ရှေးယခင်က ရုပ်ရှင်ဇာတ်ကားအတော်များများတွင် ဇာတ်ပေါင်းခန်းဆိုတာပါလေ့ရှိသည်။ ဇာတ်လမ်းသဘောအရ ရှင်းစရာပြဿနာအားလုံး ကျော်လွှားပြီးဆုံးသွားပြီးနောက် မင်းသားနှင့် မင်းသမီးတို့ ပေါင်းဖက်သွားပုံကို ရိုက်ပြသည့်အခန်းဖြစ်သည်။ ရုပ်ရှင်မဟုတ်သည့် အပြင်လောကတွင်မူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရည်ငံကြပြီးနောက် မင်္ဂလာဆောင်ရန် ကြိုးပမ်းချိန်မှသည် ဘဝနေဝင်ချိန်ရောက်သည်အထိ ဇာတ်လမ်းများ၊ ပြဿနာများကား ပြီးဆုံးသည်မရှိပေ။

စစ်အုပ်ချုပ်ရေးလက်ထက် ဖိနှိပ်မှုများစွာနှင့် ရင်ဆိုင်နေရချိန်တုန်းက ဖိနှိပ်မှုကို မနှစ်မြို့သော ဒီမိုကရေစီလိုလားသော ပြည်သူအများစုအကြား တူညီသည့်အတွေးမှာ လူထုခေါင်းဆောင်လက်ထက်ရောက်ရင် အိုကေပြီ၊ ဒီမိုကရေစီသာရခဲ့ရင် ပြီးပြီဟူသည့်အတွေးပင်။ 

ပြည်သူချစ်သော ပြည်သူ့ခေါင်းဆောင်များ၊ ပြည်သူတင်မြှောက်သည့်ပုဂ္ဂိုလ်က ဆူပါမင်းဆန်ဆန် ပြည်သူ့ပြဿနာများအားလုံးကို ကိုင်တွယ်ဖြေရှင်းပေးလိမ့်မည်ဟူ၍ မျှော်လင့်ထားခဲ့ကြခြင်းဖြစ်သည်။

ဒီမိုကရေစီခေတ်ရောက်လာသည်။ လူထုခေါင်းဆောင်များနေရာရလာသည်။ သို့သော် ဆယ်စုနှစ် ငါးခုခန့် အာဏာရှင်စနစ်အောက်နေလာခဲ့သော မြန်မာပြည်သူလူထုအနေနှင့် အစိုးရကိုသာ အရာရာလက်ညှိုးထိုး အပြစ်တင်ကာ မိမိတို့ ကိုယ်တိုင်မူ နေသာသလို၊ သက်သာသလို နေလာခဲ့သည့်အကျင့်က အရှိန်မသေသေးသည်ကတစ်ကြောင်း၊ ခေတ်သစ်စနစ်သစ်က ဖန်တီးပေးလိုက်သည့် ပြဿနာ အသစ်တွေနှင့် ရင်ဆိုင်လာရသည်ကတစ်ကြောင်း စသည်တို့ကြောင့် အတိတ်ကို တမ်းတသူကတမ်းတ၊ လူထုခေါင်းဆောင်များတွင် ဝှက်ဖဲပေါင်းများစွာ ကျန်လိမ့်ဦးမည်ဟု ပြောသူကပြောကုန်သည်။

ပြောင်းနေသောခေတ်၊ စနစ်နှင့် လိုက်လျောညီထွေဖြစ်စေမည့် အရည်အချင်းများ မိမိတို့ကိုယ်တိုင် ဖြည့်ဆည်းတည်ဆောက်ထားရန်ကိုမူ မေ့လျော့နေခဲ့သည့် ကိစ္စကို သိသူနည်းလွန်းလှပေသည်။ ဒီမိုကရေစီစနစ်၏ အခြေခံသဘောသဘာဝများကို လေ့လာခြင်း၊ ကိုယ်တိုင်လက်တွေ့ကျင့်သုံးခြင်းထက် ထိုအခြေအနေမရှိသည်များကို ဝေဖန်ပြစ်တင်သူသာများနေသည်။

လောကတွင် လူတို့သည် တစ်ပါးသူ၏ အားနည်းချက် သို့မဟုတ် ကမ္ဘာလောကကြီး၏ ချို့ယွင်းချက်များကိုသာ မြင်တတ်ကြပြီး မိမိတို့ကိုယ်တွင်ရှိသည့် အားနည်းချက်များကိုမူ ပြုပြင်ပြောင်းလဲရန် သတိမပြုမိကြကြောင်း နာမည်ကျော် ရုရှားစာရေးဆရာကြီးတစ်ဦးဖြစ်သူ လီယိုတော်စတွိုင်းက ပြောဖူးသည်ဟု မှတ်သားဖူးပါသည်။

ဒီမိုကရေစီ ဖော်ဆောင်ရေးခရီးဟုဆိုဆို၊ နိုင်ငံတည်ဆောက်ရေးဟု ပြောပြော မြန်မာတို့ရင်ဆိုင်ကြုံတွေ့နေရသော အသွင်ကူးပြောင်းရေးဖြစ်စဉ်ကြီးသည် မည်သည့်အခါမျှ ပြီးဆုံးမည်မဟုတ်သော ဖြစ်စဉ်တစ်ခုသာဖြစ်ပေရာ မြန်မာနိုင်ငံသားများအနေနှင့် မိမိတို့ကျရာနေရာမှ အနိမ့်ဆုံးအဆင့် စည်းကမ်းရှိသော၊ တာဝန်သိ၊ တာဝန်ယူ၊ တာဝန်ခံသော နိုင်ငံကြီးသားကောင်းများအဖြစ် မိမိကိုယ်မိမိ အကောင်းဆုံးဖြစ်အောင် လေ့ကျင့်တည်ဆောက်ထားခြင်းဖြင့် နိုင်ငံတည်ဆောက်ရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီကြပါမည့်အကြောင်း မေတ္တာရပ်ခံလိုက်ရပေသည်။ 

အယ်ဒီတာ (၂၃-၉-၂၀၁၉)