News

POST TYPE

EDITORIAL

ဒေါက်တာသန်းထွန်းလိုအမြင်၊ အက်ဒီဆင်လိုစိတ်ဓာတ်နှင့် အမှားပြင်ပေးမည့်သူများ လိုသည် (Daily, Vol-7/No-141)
22-Sep-2019
မိမိရေးခဲ့သောစာ သို့မဟုတ် ဆောင်းပါးကို နောင်တစ်ချိန်တွင် ပြန်လည် ဖတ်ရှုကြည့်သည့်အခါ စိတ်ကျေနပ်မှုရရှိနေဆဲ (စိတ်တိုင်းကျနေဆဲ) ဖြစ်နေသည်ဆိုပါက မိမိ၏အသိဉာဏ်ပညာမှာ တိုးတက်ဖြစ်ထွန်းလာမှုမရှိဘဲ တန့်နေသည်ဟု ယူဆရမည်ဖြစ်ကြောင်း ကွယ်လွန်သွားပြီဖြစ်သော ကမ္ဘာသိသမိုင်း ပညာရှင် ဒေါက်တာသန်းထွန်းက မှတ်ချက်ပေးဖူးသည်ကို သူ၏စာများကို ဖတ်ဖူးသူများသိပေလိမ့်မည်။

လျှပ်စစ်မီးသီးတီထွင်ခဲ့သည့် သောမတ်အက်ဒီဆင်ကို မသိသူမရှိဟုထင်ပါသည်။ အပူပေးလျှင် အလင်းရောင်ဖြာသော မီးသီးတီထွင်မှုကို အက်ဒီဆင်က အကြိမ်ထောင်နှင့်ချီ၍ ကြိုးပမ်းခဲ့ရာ၌ မအောင်မြင်ခဲ့မှုနှင့်ပတ်သက်၍ “ကျုပ် ရှုံးနိမ့်တာမဟုတ်ပါဘူး၊ မီးသီးတစ်လုံးဖြစ်မလာအောင် လုပ်လို့ရတဲ့နည်းလမ်းတွေ ထောင်နဲ့ချီပြီးတွေ့ရှိခဲ့တာပါ”ဟု ပြောခဲ့ဖူးသည်ကို သူ့အကြောင်းစိတ်ဝင်စားသူများ သိပါလိမ့်မည်။

လူတို့၏ အဓိကအားနည်းချက်မှာ ဘယ်ကိစ္စမဆို လွယ်လွယ်နှင့် လက်လျှော့တတ်ခြင်းဖြစ်သလို ပစ္စုပ္ပန်မှာ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းခြင်းထက် အတိတ်နှင့် အနာဂတ်တို့၏ ကြီးစွာသော လွှမ်းမိုးခံရခြင်းဖြစ်သည်ဟု တက်ကျမ်းပါရဂူများက မှတ်ချက်ပေးလေ့ရှိပါသည်။

အာဏာနှင့် လုပ်ပိုင်ခွင့်ရထားသူလူတစ်စု နှစ်နှင့်ချီကာကြာအောင် ရေးဆွဲခဲ့သည့် အခြေခံဥပဒေတစ်ရပ်ကို ဒုတိယလူတစ်စုအနေနှင့် တစ်လခန့် သို့မဟုတ် သီတင်းပတ် အနည်းငယ်ခန့်အတွင်း ရေးဆွဲမည်ဆိုလျှင် မည်သည့်အုပ်စုက အလုပ်ပိုလုပ်သနည်းဟုမေးပါက အကျိုးမရှိသည့်မေးခွန်းကိုမေးခြင်းသာဖြစ်သည်ဟု တုံ့ပြန်ရမည်သာပင်။ ပထမအုပ်စုက နှစ်ကာလကြာအောင် အချိန်ပေး၍ ရေးခဲ့သောကြောင့် ဒုတိယအုပ်စုကို အလုပ်ကောင်းကောင်း မလုပ်သည့်အုပ်စုဟု သတ်မှတ်မည်ဆိုလျှင် တက်တက်စင်အောင် လွဲချော်မည်သာပင်။

အရေးကြီးသည်မှာ ပြည်သူလူထု၏ စစ်မှန်သည့် အကျိုးစီးပွားကိုဆောင်သော၊ အကျိုးစီးပွားကို အကာအကွယ်ပေးသော ဥပဒေကောင်းများ ပါဝင်အောင် ထည့်သွင်း ရေးဆွဲနိုင်ခြင်း ရှိ၊ မရှိက ပို၍အရေးကြီးသည် မဟုတ်ပါလော။ မည်သည့်အုပ်စုဖြစ်စေ ရလဒ်ကောင်းများ ထွက်အောင် ဖန်တီးနိုင်ရေးက ပိုအရေးကြီးသည်ဖြစ်ရာ ရလဒ်ကိုကြည့်ပြီးမှ လူပုဂ္ဂိုလ် သို့မဟုတ် အုပ်စု အဖွဲ့အစည်းတို့ကို အမှတ်ပေးသင့်ပေသည်။

မြန်မာ့နိုင်ငံရေးတွင်သာမက စီးပွားရေးနှင့် ဖွံ့ဖြိုးရေးအပိုင်းများတွင် ဒေါက်တာသန်းထွန်း၏ ပြောစကားအရဆိုပါက အတိတ်က မိမိနှင့် မိမိတို့အုပ်စု စွမ်းဆောင်နိုင်ခဲ့သည်များအပေါ်တွင်သာ စိတ်ကျေနပ်နေပြီး ပစ္စုပ္ပန်နှင့် အနာဂတ်ကို အသိဉာဏ်ဖြင့် ယှဉ်ထိုးမကြည့်နိုင်သူများစွာရှိနေသလို တစ်ကြိမ်တစ်ခါအရေးနိမ့် သွားရုံနှင့် လက်လျှော့သွားကြသူများစွာရှိနေသောကြောင့် နိုင်ငံတည်ဆောက်ရေး အပါအဝင် ကိစ္စအတော်များများတွင် ထင်သလောက်ခရီးမပေါက်နိုင်ဘဲဖြစ်နေခြင်းပင်။

အထူးအရေးကြီးသည်မှာ တိုင်းပြည်နှင့်လူ့အဖွဲ့အစည်းတွင်း တစ်စုံတစ်ခု လွဲချော်နေပြီ၊ ချွတ်ယွင်းချက်ရှိနေပြီဆိုလျှင် အဓိကတာဝန်ရှိသူမှာ ယင်းအမှားကို ပြုပြင်နိုင်စွမ်းရှိသူများသာဖြစ်ကြောင်းနှင့် ထိုသို့လုပ်နိုင်စွမ်းရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း အထူးပင် အရေးကြီးကြောင်း အကြံပြုလိုပေသည်။

အယ်ဒီတာ (၂၂-၉-၂၀၁၉)