News

POST TYPE

EDITORIAL

မရောင်တဲ့နေရာမှာ ဆီသွားမလူးမိစေချင် (Daily, Vol-7/No-140)
21-Sep-2019

ပြီးခဲ့တဲ့ သီတင်းပတ်က ပြည်တွင်းရုပ်သံချန်နယ်တစ်ခုရဲ့ Live Show ဂီတ ဖျော်ဖြေတင်ဆက်မှု အစီအစဉ်တစ်ခုမှာ သီဆိုဖျော်ဖြေသွားတဲ့ နာမည်ကျော်ရော့ခ် အဆိုတော်တစ်ဦးဖြစ်သူ ရင်ဂိုရဲ့ သမီးဖြစ်တဲ့ ဟန်နေလွင်လွင်မှာ သူမရဲ့လက်မှာ ထိုးထားတဲ့တက်တူးတွေကို မိတ်ကပ်နဲ့ဖုံးပြီးမှ ပါဝင်သီဆိုဖျော်ဖြေခွင့်ရတဲ့ သတင်းကြားလိုက်ရပါတယ်။

လက်မောင်းမှာထိုးထားတဲ့ အဲဒီတက်တူးပုံလေးတွေကိုသာ မဖျက်ဘူးဆိုရင် ဖခင်ဖြစ်သူ ရင်ဂိုရဲ့ အဲဒီတစ်ကိုယ်တော်အမှတ်တရ Live Show မှာ ပါဝင်တီးခတ် ဖျော်ဖြေသီဆိုခွင့် မရတဲ့အတွက် သူမရဲ့တက်တူးတွေကို မိတ်ကပ်တွေလိမ်းပြီး ဖုံးကွယ်ခဲ့ရတာပါ။

အဲဒီသတင်းကြောင့် တက်တူးထိုးထားတဲ့ အနုပညာရှင်တွေကို အဲဒီလို အစီအစဉ်တွေမှာ လက်သင့်မခံဘူးလို့ စဉ်းစားစရာ ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ အစီအစဉ်မှာ အဓိကသီဆိုသွားတဲ့ အဆိုတော်ရင်ဂို ကိုယ်တိုင် လက်မောင်းမှာ တက်တူးတွေ အပြည့်နဲ့ သီဆိုဖျော်ဖြေနေတာကို တွေ့လိုက်ရတော့ ဒီကိစ္စဟာ မပြောလျှင် မသင့်တော်တဲ့၊ ကျား- မ ခွဲခြားမှု၊ ဘက်လိုက်မှုတွေရှိနေတဲ့ Gender Issue ကြီးတစ်ခုဖြစ်နေတာကို သိလိုက်ရပါတယ်။

ကုန်းဘောင်ခေတ်နှောင်းပိုင်းခေတ်ကာလများကတည်းက အစချီလာခဲ့တဲ့ ခန္ဓာကိုယ်မှာ တက်တူး (ဆေးမင်ကြောင်) ထိုးတဲ့ အလေ့အထဟာ သည်ဘက်ခေတ်မှာ ထူးခြားဆန်းကြယ်ကိစ္စတစ်ခု မဟုတ်တော့တာ အားလုံးအသိပါ။

ဟုတ်ပါတယ်၊ ယခင်တစ်ချိန်တစ်ခါက တက်တူးနဲ့ပတ်သက်ပြီး အဆိုးမြင်မှုတွေ ဒုနဲ့ဒေးရှိခဲ့ပြီး တက်တူးရဲ့ ဆိုးကျိုးတွေချည်း ထောက်ပြခဲ့တာတွေတောင် ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဒုက္ခပေးမယ့် ဆိုးကျိုးလားလို့မေးရင်တော့ ဖြေရအလွန်ခက်တဲ့ကိစ္စပါ။ တက်တူးထိုးရင် ဗိုလ်လောင်းသင်တန်း တက်ရောက်ခွင့်မရနိုင်တာတို့၊ အရာရှိမဖြစ်နိုင်တာတို့ ရှိခဲ့တဲ့အတွက် လူကြီးတွေက စိုးရိမ်စိတ်နဲ့ တားမြစ်ခဲ့တာမျိုးပါ။

အနုပညာလမ်းကြောင်းပေါ်မှာရပ်တည်ပြီး အနုပညာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့သူတွေ တက်တူးထိုးကြတာက ၉၀ ပြည့်နှစ် နှောင်းပိုင်းကာလတွေမှာ ပိုပြီးရေပန်းစားလာတယ်လို့ လေ့လာမှတ်သားရပါတယ်။

တက်တူးထိုးတဲ့နေရာမှာ အထိမ်းအမှတ်အဖြစ် ထိုးတာရှိသလို အစွဲအလမ်းကိုအခြေခံပြီး အဆောင်အယောင်အဖြစ် ထိုးတာတွေရှိပါတယ်။ တချို့က အလှအပအဖြစ်ထိုးကြပြီး တချို့ကတော့ ရိုးရာဓလေ့အဖြစ် ထိုးကြတာပါ။ ယနေ့ခေတ်မှာ အနုပညာရှင်တွေသာမက အနုပညာလောကထဲက မဟုတ်တဲ့သူတွေပါ တက်တူးကို အလှအပတစ်ခုအဖြစ် ထိုးကြတာများပါတယ်။ တချို့ကတော့ ကိုယ်ချစ်ခင်လေးစားတဲ့ပုဂ္ဂိုလ်တွေရဲ့ပုံကို ထိုးကြပါတယ်။

တကယ်တော့ တက်တူးထိုးတာဟာ လူတစ်ဦးတစ်ယောက်ရဲ့ Personal Choice ဖြစ်ပြီး အဲဒီကိုယ်ပိုင်ရွေးချယ်မှုကိုဘေးကနေ Judge (အကဲဖြတ်ခြင်း) လုပ်တာတို့၊ Interfere (စွက်ဖက်ခြင်း) လုပ်တာတို့၊ ခွဲခြားသတ်မှတ်တာတို့ဆိုတာ မလုပ်သင့် မလုပ်အပ်တဲ့ကိစ္စလို့ ထင်ပါတယ်။ အထူးသဖြင့် လူတစ်ယောက်ကို သူထိုးထားတဲ့တက်တူးပေါ် မူတည်ပြီး သူ့ရဲ့ အကျင့်စာရိတ္တ ဒါမှမဟုတ် အရည်အချင်းကို အကဲဖြတ်တာဟာ ယနေ့လို လူသားအခွင့်အရေး အထူးအသားပေးတဲ့ ခေတ်ကာလထဲမှာ အင်မတန် ရုပ်ဆိုးအကျည်းတန်တယ်လို့ပဲ ပြောရမှာပါပဲ။

တကယ်တမ်း ပြောရမယ်ဆိုရင် သည်ဘက်ခေတ်မှာ ကလေးသူငယ်တွေ မကြည့်ရှုသင့်၊ မကြားသင့်တဲ့ အပြုအမူ အပြောအဆိုတွေ၊ Gender ခွဲခြားတဲ့ ပြက်လုံးတွေ၊ ဒိုင်ယာလော့ခ်တွေ၊ လူမျိုးရေး-ဘာသာရေး အမုန်းမီးတောက်လောင်စေမယ့် Hate Speech (အမုန်းစကား) တွေ မပြန့်ပွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို ကျွန်တော်တို့အားလုံး အလေးအနက်ထားစဉ်းစားနိုင်ဖို့က အရေးအကြီးဆုံးလို့ ယုံကြည်ထားကြောင်း ပြောလိုတာပဲဖြစ်ပါတယ်။

အယ်ဒီတာ (၂၁-၉-၂၀၁၉)