News

POST TYPE

EDITORIAL

ဘာလင်တံတိုင်းပြိုသလို အပြောင်းအလဲကောင်းများကို မျှော်မိသည် (Daily, Vol-7/No-139)
19-Sep-2019

လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ နှစ်ခန့် အရှေ့ - အနောက် ဂျာမနီနှစ်နိုင်ငံကို ကန့်သတ်ပိုင်းခြားထားသည့် ဘာလင်တံတိုင်းကြီးနှင့်အတူ အရှေ့ ဥရောပဒေသနိုင်ငံများမှ ကွန်မြူနစ်အစိုးရများရော ဆိုဗီယက်ယူနီယံကြီးပါ ပြိုလဲမသွားခင် ၂ နှစ်အလိုလောက်က ဘာလင်မြို့ရှိ နာမည်ကျော် ဘရန်ဒန်ဘာ့ဂ် ဂိတ်ဝတွင် ထိုစဉ်က အမေရိကန်သမ္မတ ရော်နယ်ရေဂင် (ကွယ်လွန်)က သမိုင်းတွင် စကားတစ်ခွန်းကို ဆိုဗီယက်ခေါင်းဆောင် ဂိုဗာချော့ဗ်ကို ယခုလို ဦးတည်ပြောဆိုခဲ့ပါသည်။

“အထွေထွေ အတွင်းရေးမှူးကြီး ဂိုဗာချော့ဗ်ခင်ဗျား၊ အကယ်၍ ခင်ဗျားအနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်၊ ဆိုဗီယက်ပြည်ထောင်စုကြီးနဲ့ အရှေ့ဥရောပဒေသ ကြွယ်ဝချမ်းသာမှုကို လိုလားတယ်၊ လွတ်မြောက်မှုကို လိုလားတယ်ဆိုရင် ဟောဒီဂိတ်ကြီး (ဘရန်ဒန်ဘာ့ဂ်ဂိတ်)ရှိရာကိုလာခဲ့ပါ။ မစ္စတာဂိုဗာချော့ဗ်၊ ခင်ဗျား ဒီဂိတ်တံခါးကြီးကို ဖွင့်ပါ၊ ဒီတံတိုင်းကြီးကို ဖြိုချပစ်ပါ”ဟူ၍။

၁၉၈၉ ဘာလင်တံတိုင်းပြိုလဲသွားသည့်ကာလ အရှေ့ဥရောပနိုင်ငံများ၌ ဂိုဗာချော့ဗ်အကောင်အထည်ဖော်ခဲ့သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများမှာ တော်လှန်ရေးဆန်သော်လည်း သွေးပေစွန်းမှုတစ်စုံတစ်ရာမရှိခဲ့ရာ ၎င်းမှာ နိုဗယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရသလို Time မဂ္ဂဇင်း၏ “ဆယ်စုနှစ်၏ လူသား”အဖြစ် သတ်မှတ်ဖော်ပြခံခဲ့ရပါသည်။

ကွန်မြူနစ်အရှေ့ဂျာမနီနှင့် ဆိုဗီယက်ယူနီယံတို့က အရည်အချင်းရှိသော ဂျာမန်လုပ်သားများနှင့် ပညာတတ်များ အနောက်ဘာလင်ဘက်သို့ ထွက်ပြေးပြောင်းရွှေ့မသွားနိုင်အောင် ၁၉၆၁ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့် ဘာလင်တံတိုင်းကြီး၏ သမိုင်းကြောင်းအသေးစိတ်ကို ရှင်းမပြလိုတော့ပေ။ ယင်းအကြောင်းရေးသားထားသည့် သမိုင်းစာအုပ်နှင့် ဝက်ဘ်ဆိုက်များစွာရှိထားပေရာ စာဖတ်သူများအနေနှင့် အချိန်မရွေး ရှာဖတ်နိုင်သည်ဟု ထင်ပါသည်။

ဘာလင်တံတိုင်းကြီး ပြိုသွားပြီးနောက် ဂျာမန်ရော့ခ်ဂီတအဖွဲ့ ဖြစ်သော Scorpions က Wind of Change ဆိုသည့် သီချင်းတစ်ပုဒ်ကို ရေးစပ်သီဆိုခဲ့ရာ ကမ္ဘာကျော် ဂန္ထဝင်သီချင်းတစ်ပုဒ်ထက်မက အောင်မြင်သည့်သီချင်းဖြစ်သွားသည်။ စစ်အေးကာလကြီး နိဂုံးချုပ်သွားမှု၊ ဘာလင်တံတိုင်းကြီး ပြိုကျမှု၊ အရှေ့-အနောက် ဂျာမနီပြန်လည်ပေါင်းစည်းနိုင်မှုကို ကိုယ်စားပြုသည့် ယင်းသီချင်းသည် ဂျာမန်တို့အတွက်မူ အမျိုးသားသီချင်းတစ်ပုဒ်သဖွယ် ဖြစ်သွားပေသည်။ ၉၀ ပြည့်နှစ်များအတွင်း ကျော်ကြားခဲ့သည့် မြန်မာအဆိုတော် နှစ်ဦးက ကော်ပီသီဆိုခဲ့ကြသည့် အဆိုပါ Wind of Change သီချင်းကို မြန်မာနိုင်ငံသား အတော်များများလည်း အထူးနှစ်သက်ခဲ့ကြပေသည်။

လူတို့သည် အပြောင်းအလဲကို လိုလားကြသော်လည်း အမှန်တကယ် ပြောင်းလဲကြရတော့မည်ဆိုလျှင် ထိတ်လန့်တုန်လှုပ်တတ်ကြသည်။ အကြောင်းမှာ ခေတ်ပြောင်း စနစ်ပြောင်းလျှင် လုပ်ပိုင်ခွင့်များ၊ လုပ်ထုံးလုပ်နည်းများပြောင်းပြီး အပြောင်းအလဲနှင့်အတူပါလာသော ပြိုင်ဘက်အသစ်နှင့် နည်းစနစ်အသစ်များက မိမိရထားသည့် ရှိရင်းစွဲဂွင် (ခွင်) ပျောက်သွားအောင် ဖန်တီးလေ့ရှိတတ်၍ပင်။ ရုပ်မြင်သံကြားစက်များနှင့် ဗီဒီယိုများပေါ်လာချိန်တွင် ရေဒီယိုစတားများမှာ မှေးမှိန်သွားကြသလို၊ စီဒီမှ MP3၊ MP4 ဆိုသည့် ဖိုင်များပေါ်လာချိန်တွင် အော်ဒီယိုတိပ်ခွေများ ပျောက်ကွယ်သွားခဲ့ကြသည်မဟုတ်ပါလော။

လွန်ခဲ့သည့် ရှစ်နှစ်လောက်က သမိုင်းတွင်သည့် ပြုပြင်ပြောင်းလဲမှုများကြောင့် ကမ္ဘာ့နိုင်ငံများကပါ အံ့အားသင့် ချီးမွမ်းခြင်းခံခဲ့ရသည့် မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး စသည်တို့နှင့်ပတ်သက်၍ မဖြိုချနိုင်သေးသော တံတိုင်းကြီးအချို့ ဒုနှင့်ဒေး ကျန်ရှိနေသေးကြောင်းနှင့် ဘာလင်တံတိုင်း ပြိုသကဲ့သို့သော အပြောင်းအလဲကောင်းများ ပေါ်ပေါက်လာရေးအတွက် နောက်တစ်ကြိမ် အားထည့်တွန်းရန်လိုအပ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။

အယ်ဒီတာ (၁၉-၉-၂၀၁၉)