News

POST TYPE

EDITORIAL

အပင်လည်းမြင့်သည် လေတိုက်ခံနိုင်စွမ်းလည်း ရှိသည် (Daily, Vol-7/No-138)
18-Sep-2019
လူ့ဘဝတွင်ကြုံတွေ့ရသော ပြဿနာအတော်များများအနက် လူတိုင်းအတွက် ကြီးမားသည့်ပြဿနာတစ်ခုကို ပြောပါဟုဆိုလျှင် ဝေဖန်ခံရသည့်ကိစ္စလည်း ထိပ်ဆုံးနေရာမှ ပါဝင်ပေလိမ့်မည်။

မည်သူမဆို မိမိနှင့်ပတ်သက်၍ ရှေ့တင်ဖြစ်စေ၊ ကွယ်ရာဖြစ်စေ ကောင်းကြောင်းဝေဖန်ခံလိုက်ရသည်နှင့် စိတ်ဓာတ်အင်အားတွေ တက်ကြွသွားလေ့ရှိပြီး ညံ့ဖျင်းကြောင်း၊ မကောင်းကြောင်း ဝေဖန်ခံလိုက်ရလျှင်မူ စိတ်အားတွေလျော့ကျ သူကကျသလို ယမ်းပုံမီးကျ ဒေါသထွက်သူကထွက် ဖြစ်သွားတတ်ပေသည်။  
ယနေ့လို လူမှုကွန်ရက် Facebook ခေတ်တွင်ပိုဆိုးသည်။ လူသိထင်ရှား ပုဂ္ဂိုလ်အဆင့် သို့မဟုတ် ထင်ရှားကျော်ကြားသော အဖွဲ့အစည်းဖြစ်လာပြီဆိုလျှင် အလွန်အမင်းအကောင်းပြောသူများနှင့် တွေ့ရနိုင်သလို မီးကုန်ယမ်းကုန်ဆဲဆိုတတ်သူများနှင့်လည်းတွေ့နိုင်သည်။ ထို့အတူ လှောင်ပြောင်သရော်မှုအမျိုးမျိုးနှင့်လည်း မလွဲမသွေကြုံတွေ့ရနိုင်ပေသည်။

မည်သို့ပင် မိမိ သို့မဟုတ် မိမိအဖွဲ့အစည်း၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ အပြုသဘောဆောင်စွာ ဝေဖန်သည်ဖြစ်စေ၊ အပျက်သဘောဆန်ဆန် ဝေဖန်သည်ဖြစ်စေ ယင်းဝေဖန်မှုမှန်သမျှသည် ဝေဖန်ခံရသူ သို့မဟုတ် ဝေဖန်ခံရသော အဖွဲ့အစည်း၏ လုပ်ဆောင်ချက်ကို တိုင်းတာသည့် ပေတံတစ်ခုဟု ဆိုရမည်သာပင်ဖြစ်ပေသည်။

မြန်မာ့လူ့အဖွဲ့အစည်းသည် သတင်းအမှောင်ခေတ်နှင့် စာပေအနုပညာ ဆင်ဆာတည်းဖြတ်ခံရသောခေတ်ကြီးကို အချိန်ကာလကြာမြင့်စွာ ဖြတ်သန်းခဲ့ရပေရာ အစိုးရ သို့မဟုတ် ခေါင်းဆောင်များကို တိုက်ရိုက်ဝေဖန်၍မရလျှင် သွယ်ဝိုက်ဝေဖန်သည့်အလေ့မှာ မြန်မာအတော်များများ အသားကျခဲ့ကြသည်။ တစ်ချိန်က မိုးနတ်သူဇာနှင့် တစ်ခိုင်လုံးရွှေ အငြိမ့်များမှ လူရွှင်တော်များ၏ ပြက်လုံးများသည် အစိုးရထိပ်ပိုင်းပုဂ္ဂိုလ်များနှင့် မူဝါဒများကို သွယ်ဝိုက်ဝေဖန်မှုများပင်ဖြစ်သည်မှာ ထိုခေတ်က ယင်းအငြိမ့်များကို စောင့်ကြည့်ခဲ့ရသူများအသိပင်။

ယနေ့ခေတ်ကာလ အများပြည်သူ သို့မဟုတ် လူမှုကွန်ရက်သုံးသူများ၏ မြင်ကွင်း သို့မဟုတ် ွှ Timeline ထဲသို့ ရောက်နေသူများသည် အခြားသူများထက် သေချာပေါက် ဝေဖန်ခံရမည်မှာ အသေအချာပင်ဖြစ်ရာ ပြည်သူနှင့်ထိစပ်နေသော အလုပ်လုပ်သူများ၊ နိုင်ငံရေးလုပ်သူများ၊ အနုပညာရှင်များနှင့် အစိုးရအဖွဲ့များမှ အထင်ကရပုဂ္ဂိုလ်များသည် ဝေဖန်ခံရသည့်ကိစ္စကို ထမင်းစား ရေသောက်သဘောမျိုး နှလုံးမူတတ်အောင် လေ့ကျင့်ထားရန် အရေးကြီးပေသည်။ “အပင်မြင့်လေ လေတိုက်ခံရလေ”ဆိုသည့် ဆိုရိုးလည်းရှိနေသည်မဟုတ်ပါလော။

လောကဓံတရားရှစ်ပါးတွင် အပါအဝင်ဖြစ်သည့် ကဲ့ရဲ့ ခြင်းနှင့် ချီးမွမ်းခြင်း တို့သည် ဝေဖန်ခြင်းပင်ဖြစ်ပြီး လူဖြစ်လာလျှင် ထိုတရားနှစ်ပါးနှင့် မည်သို့မျှလွတ်ကင်းနိုင်မည်မဟုတ်ပေ။ အပြုသဘောဝေဖန်ခံရမှု၊ အပျက်သဘောဝေဖန်ခံရမှု၊ Troll ခံရမှုဟုခေါ်သော ရုပ်ပုံများဖြင့် လှောင်ပြောင်သရော်မှု စသည်တို့ကို သဘောပေါက်ပြီး အရေထူရန်လိုအပ်သည်။ 

ဝေဖန်သူနှင့် ဝေဖန်ခံရသူအကြား ရှိတတ်သည့် ပြဿနာများတွင် အဓိက အခရာကျနေသည်မှာ Somebody နှင့် Nobody ကိစ္စဟုထင်ပါသည်။ အရေးမပါ အရာမရောက်သောသူကို မည်သူမျှဝေဖန်မည် မဟုတ်သည့်အတွက် ဝေဖန်ခံရပြီဆိုကတည်းက မိမိသည် အရေးကြီးပုဂ္ဂိုလ်ဖြစ်သည်၊ မိမိကို အများက စိတ်ဝင်တစားရှိကြသည်ဆိုသောအချက်ကို ဝေဖန်ခံရသူဘက်က ကောင်းစွာ သဘောပေါက်ထားရန်လိုအပ်သည်။

အရေးအကြီးဆုံးမှာ ဝေဖန်မှုများကို ယောနိသော မနသိကာရ ဆိုသော သဘောထားမှန်မှန်ဖြင့် ခံယူတတ်ရန်ဖြစ်သည်။ ဆိုလိုသည်မှာ အခြေအမြစ်မရှိ သွားပုပ်လေလွင့် ဝေဖန်ခြင်းမျိုးဆိုလျှင် လုံးဝလျစ်လျူရှုခြင်းဖြင့်လည်းကောင်း၊ အကျိုးအကြောင်းဖြင့် ဝေဖန်ခြင်းမျိုးဆိုလျှင် လေးလေးစားစား နားထောင်ကာ လိုအပ်လျှင် ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ခြင်း၊ အဖွဲ့အစည်းကို ပြင်ဆင်ခြင်းဖြင့်လည်းကောင်း၊ အများသူငါတို့ အမြင်စောင်းလောက်အောင် ယုံချင်စဖွယ် မဟုတ်မတရား လုပ်ကြံဝေဖန်လာလျှင် ချက်ကျလက်ကျ လူသိရှင်ကြား ရှင်းလင်းခြင်းဖြင့်လည်းကောင်း တုံ့ပြန်သွားရေးပင်ဖြစ်ကြောင်း ပြောလိုပေသည်။ 

အယ်ဒီတာ (၁၈-၉-၂၀၁၉)